သပိတ်မှောက်ကျောင်းသားများ အထောက်အကူပြု ကော်မတီဖွဲ့

မန္တလေး၊ မတ် ၁၅

ဒီမိုကရေစီပညာရေးသပိတ်မှောက်ကျောင်းသားများ၏ လိုလားတောင်း ဆိုချက်များအား တစ်ဖက်တစ်လမ်းမှ အကူအညီ ပေးနိုင်ရန်အတွက် မန္တလေးမြို့ခံ အရပ်ဘက်အဖွဲ့အစည်းများ ပူးပေါင်းပါဝင်ပြီး အထောက်အကူပြု ကော်မတီတစ်ရပ်ကို မန္တလေးမြို့ ကံတက်ကုန်း၊ မစိုးရိမ်ကျောင်းတိုက်၌ ဖွဲ့စည်းလိုက်ပြီဖြစ်ကြောင်း မတ်လ ၁၅ ရက်နေ့ ရက်စွဲဖြင့် ကော်မတီက တရားဝင်ထုတ်ပြန်သည်။

“ဒီကိစ္စက ကျွန်တော်တို့ ဆက်လုပ်ကိုလုပ်ရမယ့်အပိုင်းပါ။ ကျောင်းသားတွေက တရားသဖြင့် သူတို့အနာဂတ်အတွက် သူတို့ တောင်းဆိုတာကို အခုလိုဖြစ်ကုန်ကြပြီဆိုတော့ ကျွန်တော်တို့ဘက်က ဒါကို ဆက်လုပ်ပေးရမှာပါ။ ဒီလောက်အသုံးမကျတဲ့ ပညာရေးစနစ်ကြီးမှာ ကျွန်တော်တို့ ခံခဲ့ကြရတယ်။ နိုင်ငံတကာထွက်တိုင်း ကျွန်တော်တို့ မျက်နှာငယ်ရတယ်။ ကျွန်တော်တို့ ပညာရေး အင်မတန်နိမ့်ကျခဲ့တယ်။ အခုလိုအထောက်အကူပြု ကော်မတီဖွဲ့စည်းတယ်ဆိုတာ အင်မတန်ကောင်းတဲ့ အလုပ်ပါ”ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ ရှေ့နေများကွန်ရက်တွဲဖက်အတွင်းရေးမှူး သိန်းသန်းဦးက ပြောသည်။

ဒီမိုကရေစီပညာရေးအတွက် သပိတ်မှောက်တောင်းဆိုကြသည့် ကျောင်းသားများအား လက်ပံတန်းမြို့၌ အစိုးရက အကြမ်း ဖက်ဖြိုခွင်းခဲ့ရာတွင် သပိတ်မှောက်ကျောင်းသားများအပါအဝင် ရဟန်းရှင်လူပြည်သူအချို့ ထိခိုက်ဒဏ်ရာရခဲ့ကြသလို ရုပ်ပိုင်း ဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာများတွင်ပါ ထိခိုက်ခံစားနေကြရသည်ဟု အကျဉ်းထောင်မှ ပြန်လည်လွှတ်မြောက်လာသော မန္တလေးနှင့် ကျောက်ဆည်ခရိုင်ကျောင်းသား သမဂ္ဂအဖွဲ့ဝင်များက ပြောသည်။

ကျောင်းသားအထောက်အကူပြု ကော်မတီအနေဖြင့် ကျောင်းသားများ အကြမ်းဖက်ခံရမှု နောက်ဆက်တွဲပြဿနာများကို နားလည်တတ်ကျွမ်းသူများနှင့် ချိတ်ဆက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ လူ့အခွင့်အရေး ချိုးဖောက်ခံရနေမှုများနှင့်ပတ် သက်၍လည်း နားလည်တတ်ကျွမ်းသူများနှင့် ချိတ်ဆက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ ဒီမိုကရေစီ ပညာရေး ကျောင်းသားသပိတ်စစ်ကြောင်းကို မန္တလေးမြို့မှ ကျောင်းသား၊ ကျောင်းသူများလည်း ပူးပေါင်းပါဝင်ခဲ့ကြသည်။

ဝ၀၉

Leave a Reply

Your email address will not be published.