လက်ပံတန်းမီးပွား ဘယ်လောက်ကြီးထွားလာနိုင်သလဲ

ဒီမိုကရေစီစနစ်သို့ ချီတက်နေပါပြီဟု တွင်တွင်ပြောနေသည့် အစိုးရလက်ထက်တွင် အငြင်းပွားဖွယ်ရာ ပြဿနာများက ဆက်ကာဆက်ကာ ဖြစ်ပွားခဲ့သည်။ မတ်လ ၅ ရက်တွင် ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့၌ ဖြစ်ပွားခဲ့သည့် အကြမ်းဖက်ဖြိုခွင်းမှုမှ စတင်ကာ မတ်လ ၁၀ ရက်တွင်ဖြစ်ပွားခဲ့သည့် လက်ပံတန်းမြို့ အကြမ်းဖက်ဖြိုခွင်းမှုများကြောင့် ကျောင်းသားနှင့် ပြည်သူတို့ ရင်ထဲတွင် ဒေါသပေါက်ကွဲမှုများလည်း ဖြစ်ပေါ်နေသည်။ ဆင်းရဲမွဲတေမှု၊ ကုန်ဈေးနှုန်းကြီးမြင့်မှု ဆင်းရဲချမ်းသာကွာဟမှု ကြီးမားခြင်းတို့ကြောင့်လည်း အခြေခံ မကျေနပ်မှုများကလည်း ရှိနေနှင့်သည်။ ထို့ကြောင့် အချို့သောစောင့်ကြည့်လေ့လာသူ များက ယခုအခြေအနေသည် ၁၉၈၈ ကဲ့သို့သော အထွေထွေသပိတ်ကြီး ဖြစ်ပေါ်လာနိုင်သည်ဟုယူဆကြသည်။ထို့အတူ တက်ကြွလှုပ်ရှားသူများကလည်း လူမှုကွန်ရက်စာမျက်နှာများတွင် အထွေထွေသပိတ်ကြီးဖြစ်ပေါ်စေရန် လှုံ့ဆော်မှုအချို့ကို လည်း စတင်ပြုလုပ်နေသည်။

၁၉၈၈ နှင့် ၂၀၁၅ ကြား ဘာတွေကွာခြားလဲ

၁၉၈၇ စက်တင်ဘာလတွင် ငွေစက္ကူများ တရားမဝင်ကြေညာချက်ကြောင့် ပြည်သူများအကြား မကျေနပ်မှုများ တိုးပွားလာ ခဲ့သည်။ ထို့အတူ တစ်ပါတီ အာဏာရှင်စနစ်အောက်တွင် ပြည်သူများကဆက်လက်မနေလိုတော့သည့် ဆန္ဒများကလည်း ထပ်တူကျခဲ့ကြသည်။ တိုင်းပြည်အတွင်း လူ့အခွင့်အရေး လုံးဝချုပ်ငြိမ်းနေသလို၊ ဆိုရှယ်လစ်စနစ်ကို ဗန်းပြကာ တိုင်းပြည်ကို လုံးဝတံခါးပိတ်ထားသည်။ အမှောင်ကျနေသောတိုင်းပြည်မှ ပြင်ပသို့ လှမ်းမျှော်ကြည့်မိသည့် ကျောင်းသားလူငယ်တို့၏ စိတ်တွင် အာဏာရှင်ကို ဆန့်ကျင်တော်လှန်ရန်မှတပါး အခြားမရှိပါ။

၁၉၈၈ ခုနှစ် မတ်လတွင် စက်မှုတက္ကသိုလ်ကျောင်းသားများနှင့် ကြို့ကုန်းရပ်ကွက်မှ လူငယ်အချို့ခိုက်ရန်ဖြစ်ပွားရာမှ စတင် ပြီး အကြမ်းဖက်ဖြိုခွင်းမှုတစ်ခု ဖြစ်ပေါ်လာခဲ့သည်။ ထိုအကြမ်းဖက်မှုအတွင်း လုံထိန်းများက သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်း ကြောင့် ကျောင်းသား ၃ ဦးကို ထိမှန်ခဲ့ပြီး နှစ်ဦးသေဆုံးခဲ့ရသည်။ ထိုဖြစ်စဉ်တွင် ကိုယ်တိုင်ပစ်ခတ်ခံခဲ့ရသော်လည်း အသက်ရှင်ကျန်ခဲ့သူ ဦးမြင့်ဦးက “ကျောင်းသားတွေကို အစိုးရကနေ ရက်ရက်စက်စက်နှိမ်နင်းတာက ၆၂ ခုနှစ်ကတည်းက စခဲ့တယ်။ အခုထိလည်း လုပ်နေသေးတာပဲ။ ကျွန်တော်ပြောချင်တာက ကျောင်းသားဆိုတာ တိုင်းပြည်ရဲ့ အနာဂတ်တွေပါ။ ကလေးတွေအပေါ် အစိုးရက ဘာကြောင့် ရန်သူလို့မြင်နေသေးတာလဲ” ဟု မေးခွန်ထုတ်ခဲ့သည်။

၂၀၁၀ ရွေးကောက်ပွဲအပြီးတွင် တက်လာသည့် အရပ်သားအစိုးရက ဒီမိုကရေစီနည်းလမ်းတကျ ပြုပြင်ပြောင်းလဲရေးလုပ် မည်ဟု တိုင်းပြည်ကို အသိပေးကြေညာခဲ့သည်။ သို့သော်လည်း ၂၀၁၂ ခုနှစ်မှ စတင်ကာ အငြင်းပွားဖွယ်ရာ ပြဿနာဖြေရှင်းမှု များကို စတင်တွေ့ခဲ့ရသည်။ အမြင့်ဆုံး အခြေအနေအဖြစ် ၂၀၁၅ မတ်လ ၄ ရက်နေ့တွင် လုပ်ခလစာတိုးမြှင့်တောင်းဆိုရန် ဆန္ဒဖော်ထုတ်ခဲ့သည့် အလုပ်သမားများကို တညင်းကုန်းရပ်ကွက်အတွင်း ဝင်ရောက်ရိုက်နှက်ဖမ်းဆီးခဲ့သည်။ ၅ ရက်တွင် မြို့တော်ခန်းမရှေ့ ၌ ဆန္ဒထုတ်ဖော်သည့် ကျောင်းသားများအား စတင်ရိုက်နှက်ဖမ်းဆီးခဲ့ပြီး ၁၀ ရက်က လက်ပံတန်းတွင် အကြမ်းဖက်မှုများ ဖြစ်ပွားခဲ့သောကြောင့် တိုင်းပြည်၏ပြုပြင်ပြောင်းလဲရေးအပေါ် ထိခိုက်မှာကို စိုးရိမ်သူများလည်း ရှိကြ သည်။

ဦးမြင့်ဦးက “၂၀၁၀ နောက်ပိုင်း တိုင်းပြည်က အထိုက်အလျောက် အပြောင်းအလဲတွေဖြစ်လာတော့ ငါတို့လိုချင်တာတော့ ရတော့မယ်ဆိုပြီး အိပ်မက်မက်ဖို့ ကြံစည်နေကြတာ။ ဒါပေမဲ့ ဒီပြီးခဲ့တဲ့ မတ်လ ၅ ရက်နေ့နဲ့ ၁၀ ရက်နေ့မှာ ဖြစ်သွားတဲ့ အဖြစ် အပျက်တွေက ကျွန်တော်တို့ကို အိပ်မက်ကနေ လှုပ်နှိုးလိုက်သလိုဖြစ်သွားတယ်။ ကျွန်တော်တို့ လန့်ဖျပ်ပြီးတော့ နိုးသွား တယ်။ ဟာ ဘာမှမပြောင်းလဲသေးပါလားပေါ့။ ဒီအပြင် စိုးရိမ်တာက ရဲတွေလက်ထဲ တုတ်ပဲရှိတော့ တုတ်နဲ့ရိုက်တယ်။ သေနတ်သာရှိရင် သေနတ်နဲ့ပစ်မှာကိုလည်း စိုးရိမ်ရတယ်” ဟု သူ့ ခံစားချက်ကို ရှင်းပြသည်။

၂၀၁၄ နိုဝင်ဘာ ၁၄ ရက်မှ စတင်ကာ ကျောင်းသား၊ ကျောင်းသူများက အမျိုးသားပညာရေးဥပဒေကို ဆန္ဒပြသပိတ်မှောက် ခဲ့သည်။ ထို့နောက် ဆန္ဒပြကျောင်းသားများက တွေ့ဆုံဆွေနွေးညှိနှိုင်းရန်တောင်းဆိုခဲ့ပြီး အစိုးရအား ရက်ပေါင်း ၆၀ စောင့်ကြည့်နေခဲ့သည်။ ထိုရက်ပေါင်း ၆၀ အတွင်း အစိုးရနှင့် လွှတ်တော်က တွေ့ဆုံညှိနှိုင်းရန် ဆောင်ရွက်ခဲ့ခြင်းမရှိပေ။ ထို့ကြောင့် ၂၀၁၅ ဇန်နဝါရီလအတွင်း ကျောင်းသားများ ချီတက်ဆန္ဒပြပွဲများကို ထပ်မံပြုလုပ်ကာ အမျိုးသားပညာရေး ဥပဒေကို ပြင်ဆင်ရန် ကြိုးပမ်းခဲ့သည်။ ပထမပိုင်းတွင် ပညာရေးဝန်ကြီဌာနက လိုက်လျောရန် ဆန္ဒမရှိသော်လည်း သပိတ် တိုက်ပွဲများ အရှိန်မြင့်လာချိန်တွင် အစိုးရ၊ လွှတ်တော်၊ ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများက ဖုတ်ပူမီးတိုက် လေးပွင့် ဆိုင် သဘောတူညီမှုများ ရယူခဲ့သည်။

ဒီမိုကရေစီပညာရေးပြုပြင်ပြောင်းလဲမှု ဦးဆောင်ကော်မတီ၏ တောင်းဆိုချက်အားလုံးကို ခြွင်းချက်မရှိ လိုက်လျောခဲ့သည် ဟုဆိုသော်လည်း နောက်ကွယ်တွင် သပိတ်စစ်ကြောင်းများကို ကန့်ကွက်ဆန္ဒပြသည့် တန်ပြန်စစ်ဆင်ရေးများကိုလည်း လုပ်လာခဲ့သည်။ အစိုးရပိုင် သတင်းစာများတွင် သပိတ်မှောက် ကျောင်းသားများအား ထိပါးပုတ်ခတ်သည့် ဆောင်းပါးများကို ရေးသားဖော်ပြခဲ့သည့်အပြင် ဆရာ၊ ဆရာမများကိုလည်း ပညာရေးဥပဒေနှင့် ပတ်သက်ပြီး ဖိအားပေးတာမျိုးကိုလည်း လုပ်ဆောင်ခဲ့သည်။ ထို့ကြောင့် သပိတ်မှောက်ကျောင်းသားများက မတ်လ ၁ ရက်နေ့တွင် ရန်ကုန်သို့ ဆက်လက်ချီတက်ရန် ဆုံးဖြတ်ခဲ့သည်။

ဖြစ်ပေါ်ခဲ့သည့် ကျောင်းသားသပိတ်အပေါ် စက်မှုတက္ကသိုလ် ကျောင်းသားဟောင်းတစ်ဦးဖြစ်သည့် ဦးဝင်းဌေးက “၈၈ တုန်း ကတော့ အခုလို movement တစ်ခုဖော်မယ်ဆိုတာ မရှိခဲ့ဘူး။ movementကို ဦးတည်ချင်တဲ့ လူတွေရဲ့ စိတ်တွေကတော့ အကုန်တူတယ်။ အခုကျောင်းသားသပိတ်ကတော့ သူတို့ရဲ့ ရည်ရွယ်ချက်တို့ လမ်းစဉ်တို့က ရှိပြီးသားဖြစ်တယ်။ အရင်ကတော့ အာလုံးရဲ့စိတ်က မဆလအစိုးရရဲ့ စနစ်ဆိုးတွေကို ပြုပြင်ပြောင်းလဲချင်တဲ့စိတ်ရှိတယ်။ ၁၉၈၇ မှာ ငွေစက္ကူတွေသိမ်းလိုက် ကတည်းက ပေါက်ကွဲဖို့ တာစူနေကြတယ်။ ၁၃ ရက်နေ့ကိစ္စကတော့ အခန့်မသင့်လို့ဖြစ်တဲ့ ကိစ္စလေးတစ်ခုပါ။ ဒီကိစ္စမဖြစ် လည်း နောက်ကိစ္စတစ်ခုနဲ့ ဖြစ်ကိုဖြစ်မှာပါပဲ။ ဒါပေမဲ့ ဖြိုခွင်းမှုကတော့ အဲဒီတုန်းက ပိုပြင်းထန်တယ်လို့ထင်တယ်”ဟု သုံးသပ်သည်။

သို့သော် ယခုဖြစ်ပွားခဲ့သည့် ကျောင်းသားဆန္ဒပြမှုများတွင် အတိုင်းအတာတစ်ခုအထိ သက်ရောက်မှုရှိခဲ့သည်ဟု သုံးသပ် သည်။ ဦးဝင်းဌေးက “အခုခေတ်ကတော့ ဒီမိုကရေစီခေတ်လို့ပြောထားတော့ အစိုးရဘက်ကလည်း ကြည့်နေရတဲ့ သဘောရှိ တယ်။ ကျွန်တော်တို့တုန်းကတော့ ဘာတွေ့ဆုံဆွေးနွေးရေးမှ မရှိဘူး။ ဖြစ်ရင်ဖမ်းမယ်၊ ထောင်ချမယ်။ အခုကတော့ တွေ့ဆုံ ဆွေးနွေးတာမျိုးတွေအထိ ရှိလာခဲ့တယ်”ဟု ပြောကြားသည်။

အစိုးရ၏ လုပ်နည်းလုပ်ဟန်များကတော့ ပြောင်းလဲမှုမရှိကြောင်းကို ဦးတိုးကျော်လှိုင်က “အကြမ်းဖက်ဖြေရှင်းတာ အခုမှ လုပ်တဲ့ အသစ်အဆန်းမဟုတ်ဘူး။ ဒါလုပ်နေကျပဲ။ ကျောင်းသားလှုပ်ရှားမှုမှာ ပါဖူးတဲ့ လူတိုင်းသိပါတယ်။ မပြေးရဖူးတဲ့လူ ဘယ်သူများရှိခဲ့လို့လည်း အကြမ်းဖက်တာကိုတော့ ကျွန်တော်တို့ လက်မခံဘူး။ ပြင်းပြင်းထန်ထန်ကန့်ကွက်ပါတယ်”ဟု ပြောကြားသည်။

သို့သော် ဦးတိုးကျော်လှိုင်ကတော့ ကျောင်းသားများအား အကြမ်းဖက်ဖြေရှင်းမှုကြောင့် ပြည်သူအများ စိတ်ဆိုးဒေါသ ထွက်ခြင်းများ ဖြစ်ပေါ်ခဲ့သော်လည်း ၁၉၈၈ခုနှစ် မတ်လမှ အရင်းခံဖြစ်ပွားခဲ့သည့် လူထုအုံကြွမှုကဲ့သို့ အလားသဏ္ဌာန် တူသည့် လှုပ်ရှားမှုတစ်ခုတော့ မဖြစ်ပေါ်နိုင်သေးဟု ယူဆသည်။

သို့သော်ကျောင်းသားသပိတ်ကို ရက်ရက်စက်စက် အင်အားသုံးဖိနှိပ်မှုများကြောင့် နိုင်ငံတကာကလည်း ဝေဖန်မှု များရှိနေသလို၊ တိုင်းရင်းသားလက်နက်ကိုင်များနှင့် ပြုလုပ်လျက်ရှိသည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများအပေါ်လည်း သက်ရောက်မှု ရှိသည်။ RCSS/ SSA (ရှမ်းတောင်)မှ ဗိုလ်မှူးကြီး စိုင်းလက “ပညာရေးစနစ် ပြုပြင်ဖို့တောင်းဆိုတဲ့အပေါ် ဒီလိုအင်အားသုံးဖြိုခွင်းတယ်ဆိုရင်တော့ ဖက်ဒရယ်ပြည်ထောင်စုဖြစ်ဖို့အတွက် ပြုပြင်ပြောင်းလဲဖို့ အခွင့်အရေးရပါ့မလားလို့ စဉ်းစားစရာဖြစ်လာတယ်”ဟု ပြောကြားသည်။

နိုင်ငံရေးနောက်ခံ ကွဲပြားမှုက ဘယ်လောက်သက်ရောက်မှုရှိသလဲ

၁၉၈၈ နှင့် ၂၀၁၅ ခုနှစ် နိုင်ငံရေးအခြေအနေက အချို့ကတော့ ကွဲပြားမှု ရှိနေသည်။ သို့သော်လည်း ပြည်သူအများ၏ ဘဝ အခြေအနေ ဆိုးရွားနိမ့်ကျနေမှုများကြောင့် ပြည်သူများအတွင်း မကျေမနပ်ဖြစ်နေမှုများကတော့ တူညီသည်ဟု သုံးသပ်သူများ လည်း ရှိနေသည်။

သို့သော်လည်း မတူညီသည့် ထင်မြင်ချက်များအဖြစ် ယခုအချိန်သည် စီးပွားရေးအရ အကျပ်တည်းဆုံးအချိန်ဖြစ်ပြီး ကုန်ဈေးနှုန်းကြီးမြင့်မှု၊ ငွေကြေးဖောင်းပွမှုတို့ကြောင့် အောက်ခြေပြည်သူတို့၏ ဘဝအခြေအနေ ကျပ်တည်းနေချိန်လည်း ဖြစ်သည်ဟုဆိုသည်။ ဆင်းရဲချမ်းသာ ကွာဟမှုများအကြားတွင် မကျေနပ်မှုများရှိနေသောကြောင့် စိုးရိမ်ဖွယ်အခြေအနေ များလည်း ရှိသည်ဟု ဆိုကြသည်။

လူ့ဘောင်သစ် ပါတီဥက္ကဋ္ဌ ဦးဇေယျက “၈၈ အခြေအနေက အထွေထွေ အကျပ်အတည်းဖြစ်နေတဲ့အချိန်ပါ။ အခုအချိန်နဲ့ မတူပါဘူး၊ အဲဒီတုန်းက တစ်ပါတီအာဏာရှင်စနစ်အောက်မှ ပြည်သူလူထုက ရုန်းထွက်ချင်နေတယ်။ အခုကတော့ အထွေထွေ ချွတ်ခြုံကျမှုရှိနေပါတယ်။ ဒါပေမဲ့ အထွေထွေ သပိတ်ကြီးအထိဖြစ်ဖို့အတွက်ဆိုရင်တော့ အခြားအချက်အလက်တွေလည်း လိုပါလိမ့် မယ်”ဟု သုံးသပ်သည်။

မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေအရ ၂၀ဝ၈ အခြေခံဥပဒေပြင်ဆင်ရေးနှင့် ၂၀၁၅ ရွေးကောက်ပွဲ တရားမျှတလွတ်လပ်ရေး အတွက် နိုင်ငံတကာက စောင့်ကြည့်လေ့လာနေချိန်လည်းဖြစ်သည်။ နှစ်ပေါင်း ၆၀ ကျော်ဖြစ်ပွားနေသည့် ပြည်တွင်းစစ်မီးငြှိမ်း သတ်ရန်နှင့် တိုင်းရင်းသားတန်းတူညီမျှရေးအတွက် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်နိုင်ရန် စေ့စပ်ညှိနှိုင်းဆောင်ရွက်မှု များကိုလည်း လုပ်ဆောင်နေချိန်လည်းဖြစ်သည်။

ထို့အတူ ပြည်တွင်းရှိ နိုင်ငံရေးဦးဆောင်အဖွဲ့များကလည်း မြန်မာနိုင်ငံ၏ အကျပ်အတည်းများကို ငြိမ်းချမ်းစွာဖြေရှင်းလို ကြသည်ဟု ၈၈ မျိုးဆက် ကျောင်းသားတစ်ဦးဖြစ်သလို ပြည်သူ့အရေးဂျာနယ်တွင် ပင်တိုင်ဆောင်းပါးရှင် တစ်ဦးဖြစ်သည့် ကိုဝက “ပြည်ပနိုင်ငံတွေက ၂၀၁၅ ရွေးကောက်ပွဲ တရားမျှတ မှုရှိဖို့နဲ့ အနိုင်ရတဲ့ပါတီကို အေးအေးချမ်းချမ်း အာဏာအပ်ဖို့ကို စောင့်ကြည့်လေ့လာနေတယ်။ ရွေးကောက်ပွဲအတွက်လည်း ကြိုတင်ကူညီပေးနေတာတွေလည်းရှိတယ်။ အဲဒီလိုပဲ အဓိက ကျတဲ့ နိုင်ငံရေးအတိုက်အခံအင်အားစုတွေကလည်း ငြိမ်းချမ်းရေးဖြစ်တဲ့ တွေ့ဆုံညှိနှိုင်းဆောင်ရွက်တာမျိုးကိုပဲ ဖြစ်ချင်ကြ တယ်။ ပြည်သူတွေက တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ဖို့၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်တာမျိုးကို ပိုဖြစ်စေချင်တယ်။ ဒီလိုဖြစ်ဖို့ဆိုရင် အေးချမ်းတည်ငြိမ်မှုရှိဖို့လိုတယ်။ နိုင်ငံရေးအခြေအနေက ၈၈ က အခြေအနေနဲ့ မတူပါဘူး”ဟု နောက်ခံအခြေအနေ ကွာခြား ချက်ကို ပြောပြသည်။

တိုင်းပြည်၏ နိုင်ငံရေးဖြစ်စဉ် မတူညီမှုကလည်း အပြောင်းအလဲများအပေါ် တိုက်ရိုက်သက်ရောက်သည်ဟု ၈၈ မျိုးဆက် ကျောင်းသားဟောင်းတစ်ဦးဖြစ်သူ ဦးတိုးကျော်လှိုင်က မှတ်ချက်ပေးသည်။ “၈၈ ဖြစ်တယ်ဆိုတာ ကျောင်းသားတွေကို အကြမ်းဖက် ဖိနှိပ်လို့ဖြစ်တာမဟုတ်ဘူး။ ဒီမိုကရေစီအရေးတော်ပုံ ပေါ်ပေါက်လာတာက အခြေအနေအကြောင်းခံတွေက အများကြီးတည်ပြီးမှဖြစ်လာခဲ့တာ။ မဆလခေတ်တစ်လျှောက်လုံးမှာ စီးပွားရေးအကျပ်အတည်းတွေ၊ နိုင်ငံရေးအရ အခြေခံ လွတ်လပ်ခွင့်ဘာမှ မရှိတာတွေ၊ အဲဒီလိုတွေက အကြောင်းခံလာခဲ့တယ်။ နောက် ၁၉၈၇ မှာ ငွေစက္ကူတွေကို တရားမဝင် ကြေညာခဲ့တဲ့ ပြဿနာတွေဖြစ်တယ်။ ၁၉၈၈ မတ်လမှာတော့ လတ်တလောပြဿနာအဖြစ် ကိုဖုန်းမော်နဲ့ ကိုစိုးနိုင် ကျဆုံးတာ တွေဖြစ်ခဲ့တယ်။ ဒါကြောင့် ၈၈ အရေးတော်ပုံဆိုတာ ဖြစ်လာတာပါ။ အကြမ်းဖက် ဖြိုခွင်းတာတစ်ခုတည်းနဲ့တော့ အထွေထွေ သပိတ်ဖြစ်တာမဟုတ်ဘူး”ဟုဆိုသည်။

အကြမ်းဖက်မှုကနေ အထွေထွေသပိတ်မဖြစ်အောင်ဆိုလျှင်

ကျောင်းသားများ၊ အလုပ်သမားများ၏ သပိတ်များကို အကြမ်းဖက် ဖြိုခွင်းခဲ့ခြင်းကြောင့် အထွေထွေသပိတ်ကြီး မဖြစ်ပေါ် စေရန် လိုအပ်သည်ဟုလည်း နိုင်ငံရေးလေ့လာစောင့်ကြည့်သူများက ဆိုကြသည်။ နိုင်ငံရေးမတည်ငြိမ်မှုများကို အဓိက ခံစားရမည့်သူများမှာ လက်လုပ်လက်စားများဖြစ်ပြီး ထိုသို့မဖြစ်ပေါ်စေရေးအတွက် အစိုးရအပါအဝင် သက်ဆိုင်သူများ အားလုံး ထိန်းထိန်းသိမ်းသိမ်း လုပ်ဆောင်ရန်လိုအပ်သည်ဟုလည်း ဝေဖန်ကြသည်။

ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အမတ် ဒေါက်တာဒေါ်ညိုညိုသင်းက “၈၈ နဲ့ အလားတူပြဿနာမျိုးမဖြစ်အောင်ဆိုရင် တော့ အစိုးရရဲ့ နောက်ဆက်တွဲ ဖြေရှင်းတဲ့အပေါ်မှာ မူတည်ပါတယ်။ ဖမ်းခံထားရတဲ့ လူတွေကို လွှတ်ပေးမယ်လို့ပြောထား တော့ ဘယ်သူတွေ လွတ်လာမလဲဆိုတာကို စောင့်ကြည့်ရမယ်။ လေးပွင့်ဆိုင်သဘာတူညီချက်အရဆိုရင် ကျောင်းသားတွေတင် မကဘူး။ အားလုံးကို လွှတ်ပေးရမှာပါ။ အစိုးရအနေနဲ့ လေးပွင့်ဆိုင်သဘောတူညီချက်ကို လိုက်နာဖို့လိုတာပေါ့” ဟုအသိပေး ပြောကြားသည်။ အစိုးရအနေနှင့် ဖမ်းဆီးထားသည့် ၁၂၇ ဦးလုံးကို လွှတ်ပေးရန်လိုသည်ဟုလည်း ဆိုသည်။

အချို့လူများဝေဖန်သုံးသပ်နေသလို အထွေထွေသပိတ်ကြီး ပေါ်ပေါက်လာနိုင်သည်ဆိုသည့် အမြင်အပေါ် ဒေါ်ညိုညိုသင်းက “အန်တီ့အနေနဲ့ တိုင်းပြည်ရဲ့ အရေးကိစ္စတွေကို ငြိမ်းငြိမ်းချမ်းချမ်းပဲ ဖြေရှင်းစေချင်ပါတယ်။ အခုခေတ်က အရေးတော်ပုံတွေ နဲ့ တိုင်းပြည်ရဲ့ ပြဿနာတွေကို ဖြေရှင်းဖို့ကမလွယ်ဘူး။ အရေးတော်ပုံဆိုတာဖြစ်လာရင် တပ်မတော်က အာဏာသိမ်းမှာပဲ။ အန်တီတို့ကတော့ တပ်မတော်အုပ်ချုပ်တဲ့ခေတ်ကို ပြန်မသွားစေချင်ဘူး” ဟု ထုတ်ဖော်ပြောဆိုသည်။ သမ္မတအနေနှင့် တိုင်းသူပြည်သားများ၏ ဒေါသကို ပြေလည်အောင် ဖြေရှင်းပေးသင့်သည်ဟုလည်း အကြံပြုသည်။ ယခုအချိန်သည် နိုင်ငံရေး အရ လုပ်နိုင်သည့် နည်းလမ်းများစွာ ရှိသည်ဟုလည်း စာရေးဆရာမကြီး ဒေါ်စမ်းစမ်းနွဲ့(သာယာဝတီ)က ပြောကြားသည်။ ဒေါ်စမ်းစမ်းနွဲ့က “အန်တီကတော့ အထွေထွေသပိတ်အထိ ဦးတည်ဖို့ မလိုအပ်သေးဘူးလို့ထင်တယ်။ အခြား နည်းလမ်းတွေ အများကြီး ရှိနေပါသေးတယ်” ဟု ပြောကြားသည်။

ဘက်နှစ်ဖက်စလုံးအနေနှင့် မိမိကိုယ်တိုင်နှင့် ဆန့်ကျင်ဖက် အဖွဲ့အစည်းများကို ချောင်ပိတ်မိစေသည့် လုပ်ရပ်မျိုးကို ရှောင်ရှား ရန် လိုအပ်သည်ဟုလည်း ဦးတိုးကျော်လှိုင်ကဆိုသည်။ နောင်တွင် ယခုကဲ့သို့ အကြမ်းဖက်ဖိနှိပ်မှုများ ဆက်လက်မဖြစ်ပွားစေ ရန် ဒီမိုကရေစီနည်းလမ်းတကျ အဖြေရှာသွားရန် ပြောသည်။ ဦးတိုးကျော်လှိုင်က “နောက်ဒါမျိုးမဖြစ်အောင်လို့ လွှတ်တော် ကိုယ်စားလှယ်တွေကို အားကိုးလို့ရရင် အားကိုးမယ်၊ မရရင်လည်း နောက်ဒါမျိုးမဖြစ်အောင် အစိုးရကို နိုင်ငံတကာဖိအားနဲ့ ဘယ်လိုလုပ်သွားမလဲဆိုတာမျိုး လုပ်သွားရမှာပေါ့။ ကျွန်တော်တို့က အကြမ်းဖက်မှုကို အကြမ်းဖက်မှုနဲ့ပဲ တုံ့ပြန်မှာလားပေါ့။ အဲဒီလို တုံ့ပြန်မယ်ဆိုရင်တောင် အထွေထွေသပိတ်ဖြစ်ဖို့ ခဲယဉ်းပါတယ်။ အထွေထွေသပိတ်ဖြစ်ဖို့ဆိုရင် လက်ရှိအခင်းအကျင်း ပေါ်မှာ အားလုံးအမြင်တူဖို့လိုပါတယ်။ အမြင်မတူနိုင်ဘူးဆိုရင် အဲဒါအထွေထွေသပိတ် ဖြစ်ဖို့မလွယ်သေးဘူး”ဟုလည်း သုံးသပ်ပြောကြားသည်။

၁၉၈၈ ခုနှစ်ကို ကိုစိုးနိုင်၊ ကိုဖုန်းမော်နှင့် ကိုမြင့်ဦးတို့ကို ဆေးရုံသို့ လိုက်လံပို့ဆောင်ပေးခဲ့သည့် ရန်ကုန်စက်မှုတက္ကသိုလ်မှ ဆရာဦးစိန်မောင်က “ဘယ်လိုပဲဖြစ်ဖြစ် အကြမ်းဖက်ဖြိုခွင်းလိုက်လို့ ရလာတဲ့အဖြေက တိုင်းပြည်အတွက် မကောင်းဘူး။ အင်တာနေရှင်နယ်မှာလည်း တိုင်းပြည်ရဲ့ပုံရိပ်က ကျဆင်းတယ်။ အကောင်းဆုံးကတော့ အေးအေးချမ်းချမ်းဖြေရှင်းလို့ရနိုင်တဲ့ နည်းလမ်းတွေကို ရှာသင့်တယ်။ အရင်ကဖြစ်ခဲ့တဲ့အပေါ်မှာ သင်ခန်းစာယူပြီး ရှေ့ကိုအကောင်းဆုံးအဖြေရှာကြဖို့ပဲ အကြံပေး ချင်တယ်”ဟု အစိုးရအား သင်ခန်းစာယူရန်သတိပေးခဲ့သည်။

ခင်ငြိမ်းသစ်

Leave a Reply

Your email address will not be published.