စောဘွဲ့မှူးအတွက် လွမ်းဆွတ်ခြင်းဂီတဖျော်ဖြေပွဲ မတ်လကုန်တွင် ကျင်းပနိုင်ရန် စီစဉ်လျက်ရှိ

ရန်ကုန်၊ မတ် ၁၇

ရေး၊ ဆို၊ တီး နယ်ပယ်တိုင်း တွင် အမှတ်တရများစွာ စိုက်ထူနိုင်ခဲ့သည့်၊ ဂီတသူရဲကောင်းဟု တင်စား ခေါ်ဆိုကြသည့် စောဘွဲ့မှူးအတွက် အမှတ်တရလွမ်းဆွတ်ခြင်း ဂီတဖျော်ဖြေပွဲကို မတ်လ ၂၈ ရက်တွင် ကျင်းပနိုင်ရန် Forever Blossom နှင့် သူ၏ မိသားစုများက ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။ ထို “စောဘွဲ့မှူး သုခုမအိပ်မက်များ”၏ အစီအစဉ်များနှင့်ပတ်သက်၍ မတ်လ ၁၇ ရက် က ရန်ကုန်မြို့ Park Royal Hotel တွင် စာနယ်ဇင်းရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။

“စောဘွဲ့မှူး သုခုမ အိပ်မက်များ”ဖျော်ဖြေပွဲကို တာဝန်ယူစီစဉ်တင်ဆက်ပေးမည့် Forever Blossom   မှ မန်နေဂျင်းဒါရိုက်တာ ကိုပြည့်ဖြိုးဟန်က ရှင်းပြရာတွင် “ကျွန်တော့် အသက်အရွယ်အနေနဲ့ဆိုရင်တော့ ဆရာ စောဘွဲ့မှူးကို မမီလိုက်ပါဘူး။ ဒါပေမဲ့ အန်တီ ဒေါ်ခင်လေးက ကျွန်တော့်ကို ခေါ်ပြောပါတယ်။ ဒီပွဲလေး လုပ်ချင်တယ်ပေါ့။ အန်တီက ဒီပွဲလေးကို အကောင်းဆုံးဖြစ်ချင်တယ်။ အကောင်းဆုံးဖြစ်အောင် လုပ်ပေးချင် တယ်။ ဒါကြောင့် ကျွန်တော်တို့က ဒီပွဲလေးကို ကျွန်တော်တို့ဘက်က နည်းပညာအရ အကောင်းဆုံးအသံစနစ်၊ အကောင်းဆုံး စီစဉ်တင်ဆက်မှု ဖြစ်အောင် ပံ့ပိုးပေးသွားမှာပါ။ ကိုအာပြဲ ရေးထားပြီးတော့ မကဗျာဘွဲ့မှူးဆို ထားတဲ့ သီချင်းသစ်တစ်ပုဒ်ရှိပါတယ်။ သီချင်းက ဘယ်လောက်သစ်လည်းဆိုရင် မနေ့ကညကမှ နာမည်ပေးထား တာပါ။ အဲဒီ သီချင်းလေးလည်း ပါမှာပါ။ ဆရာစောဘွဲ့မှူးက ဂီတနဲ့ပတ်သက်ရင် အရမ်းထူးချွန် ထက်မြက်တဲ့ ဂီတသမားတစ်ယောက်ပါ။ ဒါပေမဲ့ စီစဉ်တင်ဆက်တဲ့နေရာမှာ အခက်အခဲတစ်ခုရှိတာက သူရဲ့ မှတ်တမ်း ဓာတ်ပုံတွေပါပဲ။ အင်တာနက်မှာ ရှာတာလည်း ၄၊ ၅ ပုံထက် ပိုမတွေ့ပါဘူး။ ဒါကြောင့် ဦးဘွဲ့နဲ့ပတ်သက်ပြီးတော့ မှတ်တမ်းဓာတ်ပုံလေးများ ရှိမယ်ဆိုရင်လည်း စာနယ်ဇင်းဆရာ၊ ဆရာမတွေကို အကူအညီ တောင်းခံပါတယ်။ ရှိခဲ့မယ်ဆိုရင် အမှတ်တရအနေနဲ့ ပွဲစီစဉ်တင်ဆက်တဲ့နေရာမှာ သုံးသွားချင်ပါတယ်။ ကျွန်တော် မကဗျာကို မေးပါတယ်။ မိသားစုဓာတ်ပုံလေး ပေးပါလားဆိုတော့ တစ်ပုံတောင် မရှိပါဘူးတဲ့။ ကျွန်တော်တို့ကတော့ ပြည့်ပြည့်စုံစုံ ဖြစ်အောင် ကြိုးစားသွားမှာပါ”ဟု ပြောပြသည်။

သမီးဖြစ်သူ ကဗျာဘွဲ့မှူးကလည်း “ဖေဖေသူရဲကောင်း”ဆိုသည့် သီချင်းအသစ်တစ်ပုဒ်နှင့် တင်ဆက် ပေးမည်ဖြစ်ပြီး ထိုသီချင်းကို ကဗျာဘွဲ့မှူးနှင့်အတူ Player ချစ်စမ်းမောင်၏ သမီးဖြစ်သူက တီးခတ်ဖျော်ဖြေမည် ဖြစ်သည်။ “ဒီအစီအစဉ်မှာ ဖေဖေ့ရဲ့မဖော်ထုတ်ရသေးတဲ့ သီချင်းအသစ်လေးတွေ ရှိပါတယ်။ အဲဒီသီချင်းလေး တွေကိုလည်း ဒီအစီအစဉ်မှာ ထည့်သွင်းသွားမှာပါ”ဟုလည်း ကဗျာ ဘွဲ့မှူးက ပြောသည်။ စောဘွဲ့မှူး၏ ဇနီးဖြစ်သူ နော်ဖောဝါကလည်း ယခုအချိန်ထိ၊ ကွယ်လွန်သွားသည့် နောက်ပိုင်း နှစ် ၂၀ ပြည့်သည်တိုင်အောင် ဦးစောဘွဲ့မှူးကို မမေ့ကြတဲ့သူတွေရှိနေကြောင်း၊ ယခုပွဲကို လာမည့်သူ များကလည်း ဦးစောကို အရမ်းချစ်၍ လာကြောင်း၊ ဒါ့အပြင် အရမ်းလွမ်း၍၊ သူ၏ သီချင်းများအား သိနေသေး၍ လာကြခြင်းဖြစ်သည်ဟု မိမိယုံကြည် ကြောင်း၊ ဒီပွဲကို စီစဉ်သူများ အားလုံးကို အထူးကျေးဇူးတင်ကြောင်း ပြော ကြားပေးခဲ့သည်။

သမီးအငယ်ဖြစ်သူ တေးသံရှင်မီးမီးခဲကလည်း ဖခင်၏ အမှတ်တရပွဲတွင် ဖခင်ကို ဂုဏ်ပြုသည့်အနေဖြင့် ကိုယ်တိုင်ရေးစပ်သီကုံးထားသည့် သီချင်းတစ်ပုဒ်ဖြင့် ဖျော်ဖြေမည်ဟုဆိုသည်။ မီးမီးခဲက “ဒီသီချင်းလေးကို သမီးရေးထားတာ ၂ နှစ်လောက် ရှိပါပြီ။ ဟိုတလောတုန်းက မီးအရမ်း စိတ်ဓာတ်ကျနေတုန်းက အဖေ့ကို အရမ်းသတိရပြီး ရေးထားတဲ့ သီချင်းတစ်ပုဒ်ဖြစ်တယ်။ သူ့အတွက်တော့ ဘဝမှာ သီချင်းတစ်ပုဒ်ရေးချင်တယ်လို့ သမီးစိတ်ကူးရှိတယ်လေ။ အဲဒီသီချင်းလေးကတော့ အကောင်းဆုံးဖြစ်မယ်လို့၊ အဖေ့အတွက်ပေါ့နော်။ အဖေ ဂုဏ်ယူလိမ့်မယ်လို့ ယုံကြည်ပါတယ်။ ဒီသီချင်းလေးကို Dady I Miss You လို့ နာမည်ပေးထားပါတယ်”ဟု ပြောပြခဲ့သည်။

စောဘွဲ့မှူး အမှတ်တရဂီတဖျော်ဖြေပွဲကို မတ်လ ၂၈ ရက် ညနေ ၆ နာရီတွင် ရန်ကုန်မြို့ စမ်းချောင်းမြို့နယ်ရှိ MEP ခန်းမတွင် ပြုလုပ်မည်ဖြစ်သည်။ ထိုပွဲတွင် ကိုင်ဇာ၊ ဇော်ဝင်းထွဋ်၊ ကောင်းဆက်၊ ရင်ဂို၊ ရဲသွင်၊ ဂရေဟမ်၊ R ဇာနည်၊ဖြိုးကြီး၊ နောနော်၊ ဒီဖြိုး၊ လင်းနစ်၊ ကောင်းကောင်း၊ မီမီဝင်းဖေ၊ ကော်နီ၊ ကဗျာဘွဲ့မှူး၊ မီးမီးခဲ၊ စင်ဒီ၊ ကြိုးကြာ၊ L ဆိုင်းဇီ၊ လိမ္မော်သီး၊ အိုင်ရင်းဇင်မာမြင့်၊ အိမ့်ချစ်တို့က ပါဝင်သီဆိုမည်ဖြစ်ပြီး သီချင်းအပုဒ် ၃၀ ကျော်ဖြင့် တင်ဆက်မည်ဖြစ်သည်။ လက်မှတ်ဈေးနှုန်းကို ၅ သောင်း၊ ၃သောင်း၊ ၂ သောင်း၊ ၁ သောင်း သတ်မှတ်ထားပြီး 4 TV Showroom, City Mart ဆိုင်များ၊ မန်းသီရိတေးသံသွင်း၊ The Sun တေးထုတ် လုပ်ရေး၊ Call Center 1876 တို့တွင် မတ်လ ၁၈ ရက်နေ့မှစ၍ ရောင်းချမည်ဖြစ်သည်။

ဝ၁၆

Leave a Reply

Your email address will not be published.