စီးပွားဖြစ်စိုက်ပျိုးရေးကြောင့် မြန်မာ့သစ်တောများ ပြုန်းတီး၊ ခြိမ်းခြောက်မှုအန္တရာယ်များ ရှိနေ

ရန်ကုန်၊ မတ် ၁၄

မြန်မာနိုင်ငံတွင် စီးပွားရေးလုပ်ငန်းများအား တံခါးဖွင့်ပေးလာသည်နှင့်အမျှ စီးပွားဖြစ်စိုက်ပျိုးရေးအတွက် သစ်တော ခုတ်ထွင်ရှင်းလင်းမှုမှာ စိုးရိမ်ဖွယ်ရာနှုန်းဖြင့် ကျယ်ပြန့်လာနေရာ သစ်တောပြုန်းတီးမှုကြောင့် တိုင်းရင်းသား လူနည်းစု ဒေသများရှိ ဇီဝမျိုးကွဲများနှင့် လူမှုအသိုင်းအဝိုင်းများမှာ ခြိမ်းခြောက်ခံနေရကြောင်း သစ်တောထိန်းသိမ်းရေးအဖွဲ့တစ်ခုဖြစ် သည့် Forest Trends က ကြာသပတေးနေ့တွင် အစီရင်ခံစာတစ်စောင် ထုတ်ပြန်ခဲ့သည်။

မြန်မာအစိုးရက သစ်တော မြေဧက အနည်းဆုံး ၅.၂ သန်းကို ပုဂ္ဂလိက စီးပွားဖြစ် စိုက်ပျိုးရေး လုပ်ငန်းများအတွက် ခုတ်ထွင်ရှင်းလင်းရန် ခွဲဝေသတ်မှတ်ပေးခဲ့ပြီး နောက်ထပ် ဧက ၁၁ သန်းကိုလည်း တိုးချဲ့ပေးရန် စီစဉ်ထားရာ မြေယာ ပဋိပက္ခများ တိုးပွားလာမည့်ဟန်ရှိကြောင်း အဆိုပါအစီရင်ခံစာသစ်က ဆိုသည်။

အကျိုးဆက်တစ်ခုအဖြစ် ဒေသခံလူမှုအသိုင်းအဝိုင်းများမှာ ထာဝရမြေယာဆုံးရှုံးမှုများ ကြုံတွေ့ရနိုင်ပြီး အစိုးရနှင့်ဖြစ်ပွား နေသည့် ဆယ်စုနှစ်များစွာကြာ လက်နက် ကိုင်ပဋိပက္ခကို မီးထိုးပေးသလို ဖြစ်မည်ဟု အစီရင်ခံစာက သတိပေးခဲ့သည်။ မြန်မာနိုင်ငံသည် ကမ္ဘာတွင်သစ်တောပြုန်းတီးမှုနှုန်း အမြင့်ဆုံးနိုင်ငံ တစ်ခုဖြစ်ကြောင်း ကုလသမဂ္ဂကလည်း ထောက်ပြခဲ့သည်။

တရုတ်နိုင်ငံနှင့် နယ်ချင်းစပ် လျက်ရှိသော မြန်မာနိုင်ငံ ကချင်ပြည်နယ်၏ မြောက်ပိုင်းသစ်တော ကြိုးဝိုင်းအတွင်း ရော်ဘာနှင့် ဇီဝလောင်စာ စိုက်ခင်းများအတွက် သစ်တောများကို ခုတ်ထွင်ရှင်းလင်းခဲ့ပြီး ထိုင်းနယ်စပ်အနီးရှိ တနင်္သာရီတိုင်းဒေသကြီးတွင် ဆီအုန်းနှင့် ရော်ဘာစိုက်ခင်းများက သစ်တောများ ၏နေရာတွင် အစားထိုးဝင် ရောက်လာနေကြောင်း၊ ထိုဒေသများတွင် မြန်မာနိုင်ငံ၏ စုစုပေါင်း စီးပွားဖြစ်စိုက်ပျိုးရေးအတွက် စုစုပေါင်းမြေနေရာ၏ ၆၀ ရာခိုင်နှုန်း (သို့မဟုတ်) မြေဧက ၃.၃ သန်းအထိ တိုးတက်လာခဲ့ကြောင်း၊ ထိုဒေသနှစ်ခုလုံးမှာ လက်နက်ကိုင် ပဋိပက္ခများ အရှည်ကြာဆုံးဖြစ်ပွားရာ နေရာများ ဖြစ်ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

ကချင်နှင့် တနင်္သာရီဒေသများရှိ စီးပွားဖြစ် စိုက်ပျိုးရေးစီမံကိန်းများအတွက် ခွဲဝေပေးထားသော သစ်တော မြေနေရာများတွင် ၂၀၁၃ ခုနှစ်အထိ အမှန်တကယ် စိုက်ပျိုးမှုမှာ ၁၅ ရာနှုန်းမျှသာရှိသည်။ “စီးပွားဖြစ် စိုက်ပျိုးရေးလုပ်ငန်းတွေက ဒေသခံလူမှု အသိုင်းအဝိုင်းတွေအတွက် အလုပ်အကိုင် အခွင့်အလမ်းနဲ့ စီးပွားရေးတိုးတက်မှုကို ဖြစ်ပေါ်စေမယ်လို့ ပြောခဲ့တဲ့စကားတွေဟာ မြေယာနဲ့ သစ်တောတွေ သိမ်းဆည်းခံခဲ့ရတဲ့ ရွာသူရွာသားတွေအတွက်ကတော့ အနှစ်မပါတဲ့ ဗလာကတိစကားတွေပါပဲ”ဟု အစီရင်ခံစာရေးသားသူ ကီဗင်ဝု(ဒ) က ပြောကြားသည်။

မြန်မာနိုင်ငံသည် ကမ္ဘာ့အဓိက ကျွန်းသစ်တင်ပို့ရာနိုင်ငံဖြစ်ပြီး ၂၀၁၁ ခုနှစ်နှင့် ၂၀၁၃ ခုနှစ်အကြားတွင် သစ်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၁ ဘီလျံမှ ၁.၆ ဘီလျံအထိ တိုးမြင့်ရရှိခဲ့သည်။ ထုတ်လုပ်သူနှင့် ကုန်သည်များက ဥရောပနှင့် မြောက်အမေရိကသို့ သစ်ထုတ်ကုန်များ တင်ပို့ရန် ပြင်ဆင်နေကြသော်လည်း သစ်ခုတ်ခွင့်ရရှိရေးမှာ တဖြည်းဖြည်းမလွယ်ကူတော့ကြောင်း Forest Trends မှ သစ်တောကုန်သွယ်ရေးနှင့် ဘဏ္ဍာရေး ညွှန်ကြားရေးမှူး ကာစတင်ကန်ဘီက ပြောကြားသည်။

ဝ၂၅၊ Ref: DW

Leave a Reply

Your email address will not be published. Required fields are marked *