တရုတ်နယ်နိမိတ်အတွင်း ဗုံးကျ၍ လူသေဆုံး ဒဏ်ရာရရှိခဲ့မှု တရုတ်ဝန်ကြီးချုပ်နှင့်စစ်ဘက်တို့က မြန်မာကို ပြင်းထန်စွာသတိပေး

ဘေဂျင်း၊ မတ် ၁၆

မြန်မာနိုင်ငံအရှေ့မြောက်ပိုင်းတွင် ကိုးကန့်လက်နက်ကိုင်များအား ထိုးစစ်ဆင်တိုက်ခိုက်နေသည့် မြန်မာ့တပ်မတော်လေ ယာဉ်များ၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် (၁၃.၃. ၁၅) သောကြာနေ့က တရုတ်နယ်နိမိတ်အတွင်း ဗုံးတစ်လုံး ကျရောက် ပေါက်ကွဲခဲ့ရာ တရုတ်နိုင်ငံသား ၄ ဦးသေဆုံး၍ ၉ ဦး ဒဏ်ရာရခဲ့ခြင်းအတွက် တရုတ်ဝန်ကြီးချုပ် လီခချန်းက မြန်မာ အစိုးရအား (၁၅.၃.၁၅) တနင်္ဂနွေနေ့တွင် ပြင်းထန်စွာ သတိပေးခဲ့သည်။

အလားတူ (၁၄.၃.၁၅) စနေနေ့ကလည်း တရုတ်နိုင်ငံ၏ ဗဟိုစစ်ကော်မရှင် ဒုတိယဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ဖန်ချန်လောင်းက မြန်မာ့တပ်မတော်အနေဖြင့် တိုင်းရင်းသားလက်နက်ကိုင်များနှင့် ဆင်နွှဲနေသော စစ်ပွဲကို တရုတ်နယ်နိမိတ်ထဲသို့ ကူးစက် မလာရေး ကာကွယ်တားဆီးရန် မြန်မာ့ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား ပြောကြားခဲ့သည်။ ထို့ပြင် ဤကဲ့သို့သော ဖြစ်ရပ်မျိုး နောက်နောင် ထပ်မံမဖြစ်ပွားစေရေး အတွက် အလေးအနက် ထိန်းချုပ်ရန်၊ မြန်မာအစိုးရက သင့်တော်သော စုံစမ်းစစ်ဆေးမှုပြုလုပ်ရန်နှင့် သေဆုံးသူ တရုတ်နိုင်ငံသား မိသား စုများကို နစ်နာကြေးပေးရန် တောင်းဆိုခဲ့ သည်။

တစ်ဖန် ထိုနေ့တွင် တရုတ် ဒုတိယနိုင်ငံခြားရေးဝန်ကြီး လျူဇင်မင်းက တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသစ်လင်းအုန်းအား ဘေဂျင်းမြို့တွင် ဆင့်ခေါ်ကာ ထိုဖြစ်ရပ်နှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးရန်နှင့် နယ်စပ်ဒေသ လုံခြုံရေးကို အာမခံ မည့် အစီအစဉ်များပြုလုပ်ရန် တိုက်တွန်းတောင်းဆိုခဲ့သည်။

တရုတ်နိုင်ငံ၏ ဥပေဒပြုအဖွဲ့ နှစ်ပတ်လည်အစည်းအဝေးအပြီး သတင်းစာရှင်းလင်းပွဲ၌ တရုတ်ဝန်ကြီးချုပ်က မိမိတို့ နိုင်ငံသားအချို့၏ အသက်နှင့်စည်းစိမ်ဥစ္စာများ ပျက်စီးဆုံးရှုံးခဲ့ရမှုအတွက် ဝမ်းနည်းကြောင်း၊ မိမိတို့အစိုးရ၊ နိုင်ငံခြားရေး ဝန်ကြီးဌာနနှင့် စစ်ဘက်တို့က မြန်မာအစိုးရနှင့် စစ်ဘက်တို့အား ပြတ်ပြတ်သားသား သတိပေးပြောကြားခဲ့ကြောင်း၊ တရုတ်-မြန်မာ နယ်စပ်လုံခြုံမှုနှင့် တည်ငြိမ်မှုကို အခိုင်အမာကာကွယ် စောင့်ရှောက်ရန် မိမိတို့တွင် တာဝန်နှင့် လုပ်ဆောင်နိုင်စွမ်းရှိကြောင်း ပြောကြားခဲ့သည်။

အဆိုပါ ကိစ္စနှင့်ပတ်သက်၍ မြန်မာနိုင်ငံသမ္မတရုံးမှ အကြီးတန်းအရာရှိတစ်ဦးက ထိခိုက်သေဆုံးမှုများအတွက် မြန်မာအစိုးရအနေဖြင့် ဝမ်းနည်းကြောင်း ပြောကြားခဲ့သော်လည်း ဗုံးကြဲမှုမှာ မြန်မာဘက်က လုပ်ဆောင်ခဲ့ခြင်း မဟုတ်ကြောင်း ငြင်းဆိုခဲ့သည်။ ထို့ပြင် ဤကိစ္စမှာ အခြေအနေကို ရှုပ်ထွေးအောင် ပြုလုပ်နေသည့် ကိုးကန့်အဖွဲ့ ၏လုပ်ရပ်ဖြစ်ကြောင်း သူက စွပ်စွဲခဲ့ သည်။ သို့သော် ထိုစွပ်စွဲချက်နှင့်ပတ်သက်၍ ကိုးကန့်အဖွဲ့ကလည်း ငြင်းဆိုခဲ့သည်။ တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံတို့မှာ ကီလို မီတာ ၂ဝ၀ဝ (မိုင် ၁၂၀ဝ) ရှည်လျားသော နယ်စပ်တစ်ခုကို မျှဝေပိုင်ဆိုင်ထားပြီး မြန်မာအစိုးရတပ်များနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကြား တိုက်ခိုက်မှုကြောင့် မြန်မာနိုင်ငံသား ထောင်ပေါင်းများစွာ တရုတ်နိုင်ငံအတွင်းသို့ ထွက်ပြေး ဝင်ရောက်ခဲ့ရသည်။

(၁၄.၃.၁၅) စနေနေ့တွင် တရုတ်လေတပ် ပြောခွင့်ရပုဂ္ဂိုလ် ရှင်ကျင်းခက တရုတ်နိုင်ငံ လေပြင်ပိုင်နက်ကို ကာကွယ်ရန် ကင်းလှည့်လေယာဉ်များအား နယ်စပ်ဒေသသို့ စေလွှတ်ခဲ့ပြီး ကာကွယ်ရေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားခဲ့သည်။

ဝ၂၅၊ Ref: Reuters, AP

Leave a Reply

Your email address will not be published.