အခြေခံဥပဒေမပြင်သော်လည်း ရွေးကောက်ပွဲဝင်မည်ဟု NLD ဆို

ရန်ကုန်၊ မတ် ၁၄

နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်အား သမ္မတဖြစ်ခွင့် ပိတ်ပင် ထားသော လက်ရှိဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်မှု မရှိသည့်တိုင် အတိုက်အခံပါတီအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အနေဖြင့် လာမည့် အထွေထွေရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း ပါတီထိပ်တန်းခေါင်းဆောင်တစ်ဦးက (၁၃.၃.၁၅) သောကြာနေ့တွင် ရိုက်တာသတင်းဌာနသို့ ပြောကြားခဲ့သည်။

ရွေးကောက်ပွဲတွင် အနိုင်ရပါက အခြေခံဥပဒေပြင်ဆင်ရေးအတွက် စစ်ဘက်၏ ဗီတိုအာဏာအဆုံးသတ်ရေးကို တွန်းအား ပေးရန် အခွင့်အာဏာပိုရကာ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေးအတွက် အခက်အခဲအတား အဆီးများအား ဖယ်ရှားနိုင်မည်ဖြစ်ကြောင်း NLD ဗဟိုအလုပ်အမှုဆောင်ကော်မတီ အတွင်းရေးမှူး ဦးဉာဏ်ဝင်းက ပြောကြားသည်။

NLD သည် ယခင်က ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် ကတိကဝတ်ပြုမထားခဲ့သောကြောင့် အစိုးရနှင့် ညှိနှိုင်းဆွေး နွေးရာတွင် ရွေးကောက်ပွဲဝင်ရေးကို ဈေးခေါ်ဝှက်ဖဲအဖြစ် ဒေါ်အောင်ဆန်းစုကြည်က အသုံးပြု မည်လားဟူသော မှန်းဆချက် များကို ဖြစ်ပေါ်စေခဲ့သည်။ ဒီမိုကရေစီရေးလှုပ်ရှားမှုအတွက် ဆယ်စုနှစ် နှစ်စုနီးပါး နေအိမ်အကျယ်ချုပ်ခံခဲ့ရသော ဒေါ်အောင်ဆန်းစုကြည်မပါဝင်ပါက ရွေးကောက်ပွဲမှာ နိုင်ငံတကာတွင် တရားဝင်မှုရရှိမည်မဟုတ်ချေ။

ဒေါ်အောင်ဆန်းစုကြည်အား သမ္မတမဖြစ်ရန် တားဆီးထားခြင်းမှာ အဓိပ္ပာယ်မရှိကြောင်း နိုဝင်ဘာလတွင် အမေရိကန်သမ္မတ အိုဘားမားက ပြောကြားခဲ့ပြီး ယခုနှစ် ရွေးကောက်ပွဲတွင် လွတ်လပ်၍ တရားမျှတသည်ကို မြင်လိုကြောင်း အမေရိကန် ပြည်ထောင်စုက ဆိုခဲ့သည်။ သို့သော် ဤအချက်မှာ အခြေခံဥပဒေကို မပြင်ဆင်ဘဲမဖြစ်နိုင်ကြောင်း ဦးဉာဏ်ဝင်း က ပြောကြားသည်။ “ရွေးကောက်ပွဲက လွတ်လပ်ချင် လွတ်လပ်မယ်၊ တရားမျှတမှုတော့ ရှိမှာမဟုတ်ဘူး”ဟု သူကဆိုပါသည်။

NLD အနေဖြင့် သမ္မတရာထူးအတွက် အခြားတစ်ဦးဦးကို စဉ်းစား နေသော်လည်း ဆုံးဖြတ်ချက် မချနိုင်သေးကြောင်း၊ သို့သော် ပါတီအောက် ခြေထု မကျေနပ်မှုကို ရှောင်ရှားရန် အာဏာရပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ဥက္ကဋ္ဌနှင့် လွှတ်တော်နာယကဖြစ်သူ ဗိုလ်ချုပ်ကြီးဟောင်း သူရဦးရွှေမန်းကိုလည်း ထောက်ခံမည်မဟုတ်ကြောင်း ဦးဉာဏ်ဝင်း က ဆိုသည်။ NLD တွင် ရွေးချယ်စရာ မရှိသောကြောင့် ဦးရွှေမန်းကို ပါတီကထောက်ခံနိုင်ကြောင်း ပြီးခဲ့သည့်နှစ်တွင် ပါတီ အမှုဆောင်တစ်ဦးက ပြောကြားခဲ့သည်။

ဝ၂၅၊ Ref: Reuters

Leave a Reply

Your email address will not be published.