၁၁ ကြိမ်မြောက်အမှုရင်ဆိုင်အပြီး စာရေးဆရာ ထင်လင်းဦးကို ချောင်းဦးတရားရုံးက စွဲချက်တင်ပြီ

ချောင်းဦး၊ မတ် ၁၇

စာပေဟောပြောပွဲ၌ ဘာသာရေးဆိုင်ရာ အငြင်းပွားဖွယ်ရာ စကားတချို့ ဟောပြောခဲ့သည်ဆိုကာ ချောင်းဦးမြို့နယ် တရားရုံး တွင် အမှုရင်ဆိုင်နေရသည့် အန် အယ်လ်ဒီ ဗဟိုကော်မတီဝင်ဟောင်း စာရေးဆရာ ထင်လင်းဦး Wisdom Villa သည် ၁၁ ကြိမ်မြောက် ရုံးထုတ်စစ်ဆေးခံရပြီးနောက် မတ် ၁၇ ရက်က စွဲချက်တင်ခံလိုက်ရပြီဖြစ်သည်။

“၁၀ မိနစ်စာ ဖြတ်ညှပ်ကပ်ခွေနဲ့ တရားစွဲခံလိုက်ရတာဆိုတော့ မကျေနပ်တာတော့အမှန်ပဲ။ အပြစ်ရှိတယ်လို့ဆိုချင်ရင်လည်း သက်သေခိုင်ခိုင်လုံလုံနဲ့ မြန်မြန်ဆန်ဆန်လုပ်ပေါ့။ အခုဟာက ဝေ့လည်ကြောင်ပတ်လုပ်နေတာဆိုတော့ ကျွန်မတို့ဘက်က အများကြီး နစ်နာနေရတယ်။ ချောင်းဦးမှာတင် တရားရင်ဆိုင်ခဲ့ရတာ ၁၁ ကြိမ် ရှိနေပြီ။ ဒီနေ့စွဲချက် တင်သင့်၊ မတင်သင့် ကြားနာတာ တရားသူကြီးက ပုဒ်မနှစ်ခုနဲ့ စွဲချက်တင်လိုက်တယ်လို့ အမိန့်ချလိုက်တယ်။ ဆက်ရင်ဆိုင်ရုံပေါ့”ဟု တရားရုံးမှ စွဲချက်တင်လိုက်ခြင်းနှင့် ပတ်သက်၍ ဇနီးဖြစ်သူ မစောစန္ဒာက မကျေမနပ်ပြောသည်။

ယင်းအား ယမန်နှစ် အောက်တိုဘာ ၂၃ ရက်က ချောင်းဦးမြို့နယ် သုံးပန်လှကျေးရွာ၌ ပြုလုပ်သည့် ဦးဝိစာရနေ့ အထိမ်း အမှတ် စာပေဟောပြောပွဲတွင် ဘာသာရေးဆိုင်ရာ အငြင်းပွားဖွယ်ရာများ ဟောပြောခဲ့သည်ဆိုကာ မြို့နယ်လူဝင်မှု ကြီးကြပ်ရေးဦးစီးဌာန ဦးစီးမှူးဖြစ်သူ ဦးဦးထွန်းခိုင်က တရားလိုပြုလုပ် တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။

မုံရွာထောင်အတွင်း သုံးလခန့်နေခဲ့ရပြီး ၁၁ ကြိမ်အမှုရင်ဆိုင်နေရစဉ်ကာလအတွင်း စာရေးဆရာ ထင်လင်းဦးအနေနှင့် ဆရာတော် သံဃာတော်များအား တောင်းပန်ခဲ့ပြီးဖြစ်ကြောင်းနှင့် တောင်းပန်ပြီး နောက်ပိုင်းတွင် ယခုလိုစွဲချက်တင်ခံလိုက်ရ သဖြင့် မိသားစုဝင်များ အခက်အခဲများစွာ ကြုံတွေ့ခဲ့ရသည်ဟုလည်း ဇနီးဖြစ်သူကဆက်လက်ပြောသည်။

ယခုလို စွဲချက်တင်ခံလိုက်ရခြင်းနှင့် ပတ်သက်၍ စာရေးဆရာ ထင်လင်းဦး၏ သဘောထားကို ပဲ့တင်သံဂျာနယ်က တွေ့ဆုံမေး မြန်းကြည့်ရာ ယင်းက “စွဲချက်တင်ပြီဆိုရင်တော့ ဖြေရှင်းရတော့မှာပဲ။ သူမေးတာကိုပဲ ကိုယ်ကဖြေရမယ်ဆိုရင်တော့ အဲဒီ လျှောက်လဲချက်ကို လုံးဝပေးမှာမဟုတ်ဘူး။ ဖြစ်စဉ်ဖြစ်ရပ်အားလုံးသည် ဘာကြောင့်ဖြစ်လာရတယ်ဆိုတာ အားလုံးကိုတင်ပြ မယ်။ နိုင်ငံတကာ တရားရုံးတွေမှာ တရားလို တရားခံ လျှောက်လဲကြသလိုပြောမယ်။ ပြောရမယ့်ကိစ္စအားလုံးကို တစ်ခုပြီး တစ်ခုထောက်ပြပြီး ပြောမယ်။ အမှုနဲ့မဆိုင်တာတွေ မပြောပါနဲ့တို့ ဘာတို့ဖြစ်လာကုန်လို့ရှိရင် လုံးဝမပြောဘဲနဲ့ ပါးစပ်ပိတ်နေ မှာပါ။ ကြိုက်သလောက်ချ အရေးမကြီးဘူး။ ဘာမှပြောဆိုခွင့်မရှိဘဲ ပိတ်ဆို့တားဆီးမယ် ဆိုရင်တော့ ထောင်ထဲမှာပဲ ငုတ်တုတ်ထိုင်နေလိုက်မယ်။ ဖိနပ်တန်းမရောက်ခင်မှာ ရပ်တန်းက ရပ်ကြဖို့ပြော ချင်ပါတယ်။ ဘယ်သူ့ကိုမှလည်း မထိခိုက်စေချင်ဘူး” ဟု ပြန်လည်ဖြေကြားသည်။

ယင်းအနေနှင့်ဘာသာရေးအပေါ် ထဲထဲဝင်ဝင် ယုံကြည်စိတ်ရှိခဲ့သည့်အတွက်လည်း မှန်ရာကိုသာပြောခဲ့ခြင်း ဖြစ်သလို ပြောခဲ့သည့်စကားနှင့်ပတ်သက်၍လည်း တာဝန်ယူဖြေရှင်းခဲ့ပြီးဖြစ်သဖြင့် ယခုလို စွဲချက်တင်ခံလိုက်ရ ခြင်းသည် မမျှတသော လုပ်ရပ်ဖြစ်သည်ဟု မှတ်ချက်ပြုသွားသည်။

စာရေးဆရာထင်လင်းဦးကို ဘာသာသာသနာညှိုးနွမ်းစေမှု ဥပဒေ ပုဒ်မ ၂၉၅-က၊ ၂၉၈ တို့ဖြင့် စွဲချက်တင် လိုက်ခြင်းဖြစ်ပြီး လာမည့် မတ်လ ၂၄ ရက်တွင် ဆက်လက်အမှုရင်ဆိုင်ရန် မတ်လ ၁၇ ရက် နံနက် ၁၁ နာရီခွဲခန့်တွင် ချောင်းဦးမြို့နယ် တရားရုံးက အမိန့်ချလိုက်သည်။

ဝ၀၉

Leave a Reply

Your email address will not be published. Required fields are marked *