ဖေ့စ်ဘွတ်ခ်ဂယက်

ဒီတစ်ပတ် ဖေ့စ်ဘွတ်ခ်ပေါ်တက်လာတဲ့ ဓာတ်ပုံတစ်ပုံကြောင့် ဖေ့စ်ဘွတ်ခ်တစ်ခွင်သာမက အပြင်မှာပါ တော်တော်လေး ဂယက်ထသွားခဲ့ပါတယ်။ အဲဒီဓာတ်ပုံမှာ ပါဝင်သူတွေကတော့ ကောင်လေးတစ်ယောက်နဲ့ ကောင်မလေးတစ်ယောက်ပါ။ ဒါပေမဲ့ အဲဒီပုံကို ထူးခြားသွားစေတာကတော့ ကောင်မလေးဟာ အမျိုးသားပညာရေးဥပဒေကို ဆန့်ကျင်တဲ့၊ ကျောင်းသားသပိတ်ကို ထောက်ခံဆန္ဒပြတဲ့ မိန်းမပျိုလေးတစ်ယောက်ဖြစ်ပြီး၊ ကောင်လေးကတော့ အစိုးရမင်းများ ဆင်ယင်ပေးထားတဲ့ တာဝန်ဆိုတဲ့စာသားပါ လက်ပတ်အနီကို လက်မှာပတ်၊ ဆံပင်ကို ရွှေရောင်ဆိုးထားပြီး ခုနက အမျိုးသမီးငယ်လေးကို ကြမ်းကြမ်းတမ်းတမ်း ဆွဲရမ်းဖမ်းချုပ်ထားတဲ့သူ ဖြစ်နေလို့ပါ။ အဲဒီပုံအပါအဝင် မြို့တော်ခန်းမရှေ့မှာ ဆန္ဒပြခဲ့ကြတဲ့ ၈၈ မျိုးဆက် ငြိမ်း/ပွင့် က မနီလာသိန်းတို့၊ မနုနုအောင်တို့နဲ့ ဆန္ဒပြကျောင်းသား၊ ကျောင်းသူတွေကို စိတ်ပါလက်ပါ၊ အားရပါးရ တွန်းထိုး၊ ရိုက်နှက်၊ ကန်ကျောက်ဖမ်းဆီးခဲ့ကြတဲ့ “တာဝန်” လက်ပတ်နီဝတ် စွမ်းအားရှင်တွေနဲ့ ရဲသားတို့ရဲ့ဓာတ်ပုံတွေ တန်းစီပြီး တက်လာပါတော့တယ်။ အဲဒီပုံတွေကို မြင်ကြရတဲ့အခါ ” တာဝန်” ဆိုတဲ့ လက်ပတ်အနီ ပတ်ထားရုံနဲ့ မြို့လယ်ကောင်မှာ လုပ်ချင်တိုင်း လုပ်ခွင့်ရှိရောလားဆိုတဲ့ မေးခွန်းကို မချိတင်ကဲမေးကြရင်း ဖေ့စ်ဘွတ်ခ်သူ၊ ဖေ့စ်ဘွတ်ခ်သား တွေပါမက တိုင်းသူပြည်သား အားလုံးလိုလိုဟာ မကျေမနပ်တွေ ဖြစ်ကုန်ကြပါတော့တယ်။ မြန်မာမိန်းကလေးတွေကိုထိရင် ဘာလုပ်ပစ်မယ်၊ ညာလုပ်ပစ်မယ်ဆိုပြီး အခုကျ အမိန့်မရလို့ ငြိမ်နေရှာတဲ့မျိုး အလွန်ချစ်အဖွဲ့ကိုလည်း ဖေ့စ်ဘွတ်ခ်သား တစ်ယောက်က အခုလိုလှောင်ပါတယ်။ “အခုတော့ မျိုးမစောင့်ဘဲ မြောင်းဆို့နေတယ်ပေါ့…ဟုတ်လား” တဲ့။ ဖေ့စ်ဘွတ်ခ် စာမျက်နှာတွေပေါ်မှာ “စွမ်းအားရှင်”၊ “စွမ်းအားရှင်မျိုးဆက်သစ်” စတဲ့ စကားလုံးတွေ ပလူပျံအောင် မြင်နေ၊ တွေ့နေရချိန် မှာပဲ ဝန်ကြီးတစ်ပါးကတော့ စွမ်းအားရှင်မရှိဘူးဆိုပြီး အင်တာဗျူးတစ်ခုမှာ ဖြေလိုက်တာလေးလည်း တက်လာပါသေးတယ်။ ပျော်တတ်တဲ့ ဖေစ့်ဘွတ်ခ်သားတစ်ယောက်ကဆို “ဒီကောင်တွေ အကြမ်းဖက်ရုံမကဘူး…အဖက်ပါကြမ်းတယ်” လို့ နောက်ပါတယ်။ ကာတွန်းဆရာတွေကလည်း မနေပါဘူး။ တာဝန်လက်ပတ်နီကို ပတ်ထားသူ တစ်ယောက်က “သားသားရိုက်ချင်ရာ ရိုက်လို့ရပြီ၊ သားသားလုပ်ချင်တာ လုပ်လို့ရပြီ၊ အဖမ်းမခံရတော့ဘူး၊ တာဝန်လက်ပတ် ပတ်ထားပြီ” လို့ ပြောနေပုံလေးကို သရုပ်ဖော်ပါတယ်။ ရုပ်ရှင်သရုပ်ဆောင်ဖြစ်တဲ့ ဦးဇင်ဝိုင်းကြီးကလည်း မနေပါဘူး။ တာဝန် လက်ပတ်နီကို သူ့လက်မောင်းမှာပတ်၊ ငါလုပ်ချင်တာလုပ်မယ်၊ ဘာမှတ်လဲဆိုပြီး သရော်ပါတယ်။ ဦးဇင်ဝိုင်းကြီးသရော်တာကို သရော်မှန်းမသိဘဲ ဝင်ဆဲတဲ့သူကလည်း ရှိပါသေးတယ်။ “သူတို့နဲ့မဆိုင်ပါဘူး…ရန်ကုန်တိုင်းအစိုးရမှာသာ တာဝန်ရှိပါ တယ်” လို့ လွှဲချတဲ့သူကချသလို ဒီလိုမျိုး မြို့လယ်ကောင်မှာ လူရမ်းကားတွေကို လက်ပတ်ပတ်ပေးပြီး အကြမ်းဖက်တာဟာ ဥပဒေအရလုပ်တာပါဆိုပြီး ဖုန်တက်နေတဲ့ ဥပဒေပုဒ်မတွေထုတ်ပြ ဖာထေးသူက ရှိပါသေးတယ်။ ဒီလိုမျိုး အကြမ်းဖက် နှိမ်နင်းမှုနဲ့ပတ်သက်ပြီး “တစ်သက်လုံးမွေးခဲ့တဲ့ကြက် တစ်မနက်တည်းနဲ့ရိုက်သတ်”တယ်လို့ သုံးသပ်သူက သုံးသပ်ပါ တယ်။ ငြိမ်းချမ်းစွာဆန္ဒပြနေတဲ့ ကျောင်းသူလေးတွေ “စွမ်းအားရှင်” အမည်ခံ လူရမ်းကားတွေရဲ့ အကြမ်းဖက်မှု ခံနေရချိန်မှာ “ကိုယ်ဖြစ်ကိုယ်ခံပေါ့…ငါ့သမီးကတော့ စာကျက်နေတယ်” ဆိုတဲ့ သဘောထားအမြင်မျိုး ရေးတင်တဲ့သူ တစ်ယောက်ကြောင့် “ငါ့သမီး စာကျက်နေတယ်”ဆိုတဲ့ ထူးအယ်လင်းရဲ့ သီချင်းစာသားလည်း တစ်ကျော့ပြန် ခေတ်စားခဲ့ပြန် ပါတယ်။ ဗေလုဝဆိုတာကို စောင်းမှန်းမသိ၊ နတ်သားမှန်းမသိလောက်အောင် အသိဉာဏ်နည်းတဲ့ အမတ်မင်း တစ်ပါးက လည်း သူများတကာတွေကို နေရင်းထိုင်ရင်း အသားလွတ်ကြီးတွေ ထကစ်တဲ့အတွက် တစ်ဖက်လူက တရားစွဲမယ် ဘာညာတွေတောင် ဖြစ်ကုန်တာ ဖေ့စ်ဘွတ်ခ်စာမျက်နှာပေါ်မှာ တွေ့လိုက်ရပါသေးတယ်။ တစ်ကျော့ပြန်တွေ ခေတ်စား နေတဲ့အချိန်မှာ သေမင်းတမန်လမ်းမကြီးကလည်း အားကျမခံ တစ်ကျော့ပြန် တိုက်ကြ၊ သေကြပြန်ပါတယ်။ စာမေးပွဲ ဖြေပြီးပြန်လာတဲ့ ဘုန်းတော်ကြီးတွေရဲ့ Light Truck ကားလေးကို ခရီးသည်တင်ကားကြီးက တိုက်လိုက်တာ ဘုန်းကြီးအချို့ ပျံလွန်တော်မူကုန်တဲ့ သတင်းဓာတ်ပုံတွေတွေ့ရတာ စိတ်မချမ်းသာစရာပါ။ ဒီထက်ပို စိတ်မချမ်းသာစရာကောင်းတာက အဲဒီဘုန်းကြီးတွေ တုံးလုံးပက်လက်ဖြစ်နေတဲ့ ပုံတွေကိုယူပြီး ဘာမဆိုင်၊ ညာမဆိုင် ကုလားတွေ သတ်လို့ သေကုန်ပါပြီလို့ ဖွတဲ့ကိစ္စပါ။ ရွေးကောက်ပွဲကြီး နီးလို့လာလေလေ… တိုင်းပြည်ဟာ ပိုမိုရှုပ်ထွေးလာလေလေ ဖြစ်လာသလိုပဲ။ ဖေ့စ်ဘွတ်ခ်ကြီးကလည်း သူ့အလုပ်သူလုပ်ရင်း အားလုံးကို သယ်ဆောင်စီးဆင်းနေဆဲပါ။

နေဘုန်းလတ်

Leave a Reply

Your email address will not be published. Required fields are marked *