ဇာဂနာ သာကူး

ဇာဂနာလည်း တာဝန်တွေ ပျက်ကွက်နေပါတယ်။ စာမရေးဖြစ်တာ ကြာပေါ့။ အခုလည်း ရှမ်းပြည်မြောက်ပိုင်း နောင်ချိုမှာ ခွင်ဖန်နေပါတယ်ခမျာ။ ဇာဂနာက သာကူးဆိုတော့လေ၊ ခွင်ရှာနေရလို့ပါ။ ဘယ်ခွင်များ တွေ့မလဲပေါ့နော်။ ရှာရတာ ရှာရတာ။ တက္ကသိုလ်ကျောင်းသားတွေ လက်ပံတန်းမှာ သပိတ်ရပ်ထားတော့လည်း ဇာဂနာ ခွင်ရှာတာပဲခမျ။ ဓာတ်ပုံရိုက်ပြီး ကိုယ့်ကိုယ်ကိုယ် ကြော်ငြာရကောင်းမလား။ ကျော်ကိုကိုနဲ့ဖြစ်ဖြစ်၊ ဖြိုးဖြိုးအောင်နဲ့ ဖြစ်ဖြစ် ရေသန့်ဘူးပေးသလိုလို၊ အချိုရည်ဘူး ပေးသလိုလိုလုပ်ရင်း တစ်ယောက်ယောက်ကို ဓာတ်ပုံရိုက်ခိုင်းပြီး ကြော်ငြာဝင်ရ ကောင်းမလားပေါ့။ ဒါလည်း မနိပ်သေးဘူးခမျ။ အစိုးရက ကြိုက်မယ်မထင်ဘူး။ လွှတ်တော်ကလည်း သဘောနုချင် နုနေမှာ။ ပြောမရဘူးလေ။ ရွေးကောက်ပွဲက ရှစ်လလောက် လိုတော့တာမဟုတ်လား။ ဘယ်သူ သမ္မတ ဖြစ်လာမယ်ဆိုတာ မပြောတတ်ဘူးခမျ။ တော်နေကြာ သည်အကောင် ဇာဂနာ လက်ပံတန်းတုန်းက ပါတယ်ဆိုပြီး တွယ်လိုက်ရင် ရစရာ ရှိတာလေးတွေမရဘဲ ဖြစ်သွားမှာ ကြောက်ပါတယ်လေ။ ဒါနဲ့ပဲ ကျောင်းသားသပိတ်နဲ့ ဇာဂနာ ခပ်ဝေးဝေးမှာနေပါတယ်။ မနေလို့ကလည်း မဖြစ်ဘူးခမျ။

ကျောင်းသားသပိတ်အရှိန်က အခြေခံဥပဒေ ပြင်ဆင်ရေးတောင် မှိန်သွားရော။ ကြည့်လေ။ ဘယ်သူမှ ၄၃၆ မပြောတော့ဘူး။ စာရေးဆရာတွေတောင် ဟောပြောပွဲမှာ ၄၃၆ ပြင်ဆင်ရေး မပြောတော့ပေါင်။ ပညာရေး ဘယ်ကလောက် အရေးကြီးတယ်ဆိုတာချည်း ထပ်တလဲလဲ ပြောနေကြတော့တာ။

ဇာဂနာကတော့ ရှောင်ပါတယ်။ ကြောက်လည်း ကြောက်တာကိုး။ ကိုယ်က ခွင်ဖန်ရမယ့်ဟာ မဖန်လိုက်ရဘဲ (ခင်) သွားမှာတော့ ကြောက်တယ်ခမျ။ အစိုးရ ဆိုတာမျိုးကလည်း ခု ဟမ်ဘာဂါ၊ ခု စပါဂတီ မဟုတ်လား။ အာဏာခွဲဝေပြီး သားမို့လို့ တိုင်းဒေသကြီး အစိုးရနဲ့ပဲ ဆိုင်သလိုလို၊ ပြည်ထောင်စုအစိုးရနဲ့ မဆိုင်ပါဘူးဆိုတာလိုလို ပြောနေကြပြန်တာကိုး။

တရားခံအစစ်က န့ ခမျ။ ဒီလူတွေကလည်း ခက်ပါတယ်။ ဥရောပမှာ အေးအေးဆေးဆေး၊ သာသာယာယာနေကြပါလား။ လျှာရှည်ပြီး မြန်မာပြည်ကိုလာ ရဲတွေကို သင်တန်းပေးတော့ ကဲ ဖြစ်ကရော။ အီးယူတွေလည်း ခုတော့ အီးရှူတဲ့ကိန်း ဆိုက်ပြီပေါ့။ သူတို့ မျက်နှာဖြူတွေကိုက မြန်မာဆို အထင်သေးတာ။ သူတို့သင်ပေးမှတတ်မယ် မှတ်နေတာလေ။ တုတ်နဲ့ရိုက်တာလောက်တော့ ဗမာက ရယ်တာပေါ့ဗျာ။ ဒါကို သူတို့မှ ဆရာကြီးထင်ပြီး ဗမာကို သင်တန်းလာပေးတော့ ခု နာမည်ပျက်ပြီ။ မြို့တော်ခန်းမရှေ့က ရဲတွေကို အီးယူတွေ သင်ပေးတာဆိုပြီး ခုတော့ မေတ္တာတုံးကရော။ လောက်ကိုင်မှာ တရုတ်ဝင်တိုက်၊ မတိုက် မသေချာပေမယ့် အီးယူကတော့ မျက်မြင်သက်သေနဲ့ခမျ။ တီဗီမှာတောင် ပြထားခဲ့သေးတော့ ဘယ်လိုမှ ငြင်းမရပါဘူး။ အီးယူတွေကလည်း ဘိန်းသူဌေးရဲ့အိမ်ကိုငှားပြီး ရုံးဖွင့်လိုဖွင့်၊ ရဲကို သင်တန်းပေးလိုပေးနဲ့ ခွချက်တွေ ခမျ။ ခွချက်တွေ။

ဓမ္မစေတီခေါင်းလောင်းဆိုတာကလည်း အီးယူရဲ့ စနက်ပဲခမျ။ ငဇင်ကာ က အီးယူပဲလေ။ ရော်နယ်လ်ဒိုနဲ့တောင် အမျိုး တော်ချင်တော်ဦးမှာ။ သူ လျှာလာရှည်လို့ ဓမ္မစေတီခေါင်းလောင်းဇာတ်ထုပ် မြစ်ထဲလာရှုပ်တာပေါ့။ လောက်ကိုင်ကလည်း အီးယူ လျှာရှည်တာပဲ။ သူတို့အုပ်ချုပ်ရေး လက်တံမမီလို့ ကိုယ့်ဘာသာကိုယ် လက်နက်တပ်ဆင်ခိုင်း၊ ကိုယ့်ဘာသာကိုယ် အုပ်ချုပ်ကြဆိုပြီး မြှောက်ပေးခဲ့တာ အီးယူခမျ။ ခုမှ တရုတ်က နာမည်ပျက်တာပါ။ တကယ် စနက်တံကို မီးရှို့ခဲ့တာ အီးယူပဲခမျ။

ခုလည်း သူ့ဘာသာသူ တုတ်နဲ့ရိုက်တတ်တဲ့ ရဲတွေကို အီးယူသင်ပေးမှ ရိုက်တတ်သလိုလို ဖြစ်ရတော့ မြန်မာနိုင်ငံက ရဲတွေခမျာ တုတ်ပဲပစ်ရတော့ မလိုလို ဖြစ်ကုန်တာပေါ့။ ရဲတွေက အီးယူထက် သာပါတယ်။ မသင်လည်း ရိုက်တတ်ပါတယ်။ ခုလည်းကြည့်လေ။ အီးယူသင်တဲ့ သင်ခန်းစာ မဟုတ်ဘူးဆိုတာ အသိသာချည်း။ အီးယူ မသင်ခင်ကတည်းက တတ်ပြီးသား။ ချင်းချောင်းကအထွက်မှာ ဒေါ်အောင်ဆန်းစုကြည်ပါလာတဲ့ ကားတန်းကို လိုက်ရိုက်ခဲ့တာ။ ဧရာဝတီတိုင်းမှာ၊ ရန်ကုန်ဘူတာ ကြီးမှာ အကြမ်းဖက်ခဲ့တာ အီးယူ မသင်ခင်ကတည်းကပါဗျာ။

ရွှေဝါရောင်တုန်းကလည်း ကြည့်လေ။ ဘယ်လောက် လက်ရဲ၊ ဇက်ရဲ သလဲ။ အရပ်ဝတ်တွေကို ထုတ်သုံးလိုက်တာများ ဘယ်သူမှတောင် မသိစေရဘူး။ ထောက်လှမ်းရေးကလည်း မသိပါဘူးပြောတယ်။ အစိုးရကလည်း သာမန်ပြည်သူလို့ သုံးတယ်။ ဒီပဲယင်းကိစ္စတောင် အစရှာလို့ရလို့လားဗျာ။ ဒါကို ဆရာကြီး၊ လူတတ်ကြီးလုပ်လို့ အီးယူက မြန်မာရဲကို လာသင်ပေးနေတယ်။ ဓားခုတ်ရာ လက်ဝင်လျှိုတယ်ဆိုတာ ဒါမျိုးပေါ့။ ခုတော့ ထိပြီ။

ကောင်းတယ်။ လူတတ်ကြီးတွေ ထိပြီ။ မြန်မာ့ရဲကို ဘာထင်လို့တုန်း။ သူတို့ကိုယ်တိုင် လုပ်စရာမလိုဘူးဗျ။ တာဝန်ဆိုတဲ့ လက်ပတ်လေး ပတ်ပေးလိုက် အေးတာပဲ။ ကြိုက်တာလုပ်လို့ရပြီ။ သားသားလုပ်ချင်တာ လုပ်လို့ရပြီ။ လည်ပင်းညှစ်ရမလား။ တုတ်နဲ့ရိုက်ရမလား။ အဲဒါ ထက်လင်း ရင်လူးဆေး (အဲလေ ယောင်လို့) တာဝန်လက်ပတ်ကြောင့်ပေါ့။

ဇာဂနာ သာကူးလည်း ခုတော့ဖြင့် တာဝန်ဆိုတဲ့ လက်ပတ်တွေ အထည်တစ်သိန်း မှာထားပြီးပါပြီ။ ဘယ်သွားသွား တာဝန်ပဲ။ လွှတ်တော်သွားမယ် တာဝန်ပဲ။ မထော်မနှမ်းပြောလို့ကတော့ ဆော်ပြီသာမှတ်။ ပညာရေးအကြောင်း ပြောပါဆိုနေမှ ကျောင်းသားတွေကို ဖမ်းခိုင်းနေတဲ့ ခြောက်ဆယ့်ငါးပြားကိုလည်း တွယ်မှာပဲ။ ကမ္ဘာလှည့်ခရီးသွားတွေ ဘယ်လောက်သုံးမှန်း မတွက်တတ်ရင်လည်း တွယ်မှာပဲ။ လွှတ်တော်ထဲ အိပ်နေရင်လည်း တွယ်မှာပဲ။ မထူးပါဘူးဗျာ။ လွှတ်တော်ထဲကို မခေါ်ဘဲ ဝင်လာတဲ့လူတွေကိုလည်း တွယ်မှာပဲ။ ကောင်းကောင်းတွယ်ပြီးရင်တော့ လက်မောင်းက တာဝန်လက်ပတ်လေး ထိုးပြလိုက် မှာပေါ့။ တွေ့ရဲ့လား ငှဲငှဲငှဲငှဲ လို့။ ပြောပြီးပါပကော။ ဇာဂနာ သာကူးပါဆိုနေဗျာ။

ဇာဂနာ

Leave a Reply

Your email address will not be published. Required fields are marked *