စစ်၏စေရာ

ညအမှောင်သည် အဖော်မဲ့ခြင်းကို ပို၍တောက်ပစေသကဲ့သို့ လွတ်လပ်သည့် စိတ်ကူးစိတ်သန်းကောင်းများ ကိုလည်း သင်ကြားပေးလေ့ရှိသည်။

ခြေဦးတည့်ရာ လျှောက်နေမိသော ခြေလှမ်းတိုင်းသည် တိတ်ဆိတ်ငြိမ်သက်မှုအောက်၌ သက်ဝင်လှုပ်ရှားနေသည့် တစ်ခုတည်း သောအရာဖြစ်၏။ တစ်ချက်တစ်လေ ဝေ့ဝဲလာသော လေပြည်လေညင်း၏ အရှိန်ဖြင့် သစ်ပင်ကြီးများဆီမှ သစ်ရွက်လှုပ်သံ တချို့ ထွက်ပေါ်လာသည်မှလွဲ၍ အရာရာအားလုံး အိပ်မောကျလျက် ရှိနေသည်။ ရုတ်တရက် ဆောင့်တိုက်လာသည့် လေစိမ့်အေးတစ်ချက်ကြောင့် ကြက်သီးများပင် ထသွားမိသည်။ အုံ့ဆိုင်းနေသော သစ်ပင်ကြီးကို မော့ကြည့်မိလိုက်၏။ ယိမ်းလှုပ်နေသည့် သစ်ရွက်များကြားမှ အိပ်မှုန်စုံမွှား ကောင်းကင်ကြီး၏ ငြိမ်သက်မှုကို ငေးကြည့်နေမိစဉ် ဦးခေါင်းတည့်တည့် သစ်ကိုင်း ထက်မှ အရိပ်မည်းကြီးတစ်ခု သူ့အပေါ်သို့ ထိုးဆင်းကျလာသည်။

“ခွီး…ဘုတ်”

သူ့ရှေ့လက်တစ်ကမ်းအကွာသို့ ပြုတ်ကျလာသော အမွေးအမှင်တဖွားဖွားနှင့် မည်းကြုတ်ကြုတ်အရာကြီး ကိုကြည့်ပြီး မှင်သက်မိနေသည်။ ရုတ်တရက်မို့ ဘာရယ်မှန်းမသိသေးသော်လည်း ပြောက်တိပြောက်ကျား အလင်းရောင်အောက်တွင် ဖြည်းညင်းစွာ လှုပ်ရှားလာသောအခါ သူ့ဆီမှ ထိတ်လန့်မှုနှင့်အတူ အာမေဋိတ်သံတစ်ချက် အလိုလိုထွက်ကျသွားသည်။

“အိုး…ဟိုး”

ဧရာမမျောက်ဝံကြီးတစ်ကောင်ပါလား။ မျောက်ဝံကြီးဆီမှ လွင့်ပျံ့လာသော ဟင်းရွက်ပုပ်ကဲ့သို့ ချဉ်စုတ်စုတ် အောက်သိုးသိုး အနံ့တစ်မျိုးကိုလည်း ရှူရှိုက်မိလိုက်သည်။ နောက်သို့ဆုတ်လိုက်မိ၏။ ထွက်ပြေးမည်ဟု ကြံရွယ်လိုက်စဉ်

“ဟေ့…ဒီမယ် လူသား”

“ဟင်…”

ဘုရား…ဘုရား။ မျောက်တစ်ကောင်က စကားပြောသည်လား။

ဟုတ်မှ ဟုတ်ပါလေစ။ မျောက်ဝံကြီးက ရှေ့သို့တစ်လှမ်းတိုးလာ၏။

“ဟေ့…မင်းကို ပြောနေတာကွ”

“ကျွန်တော့်ကို…”

“အေး…ဟုတ်တယ်။ ဒီနေရာမှာ မင်းတစ်ယောက်နဲ့ ငါတစ်ကောင်ပဲရှိတာ။ မင်းကိုမပြောလို့ ဘယ်သူ့ကို ပြောရမလဲ”

သေချာပြီ။ သည်မျောက်ကြီး လူစကား ပြောတတ်သည်မှာ သေချာလေပြီ။ သို့သော် ရုတ်တရက် ဘာပြန်ပြောရမှန်းမသိ၍ ငေးကြည့်နေမိ၏။

“ဟေ့ကောင်…နိုင်ငံရေးသမား”

“ဗျာ”

“ဒီမှာ နိုင်ငံရေးသမား၊ မင်းကို ငါလုံးဝမကျေနပ်ဘူး”

“ဟုတ်…ဘာလို့…”

မျောက်ဝံကြီးက အမွေးထူလပျစ်နှင့် လက်မည်းမည်းကြီးကို ဆန့်တန်းလျက်မှ “မင်းတို့ နိုင်ငံရေးသမားတွေဟာ ဘဝမေ့ကြတယ်” ဟု ဆောင့်ကြီးအောင့်ကြီး ပြောချလိုက်သည်။ ချဉ်စုတ်အောက်သိုးသောအနံ့ကို နီးကပ်စွာ ရှူရှိုက်မိပြန်၍ နှာခေါင်းကို လက်ဖြင့်ပိတ်လိုက်မိသော် “အဲဒါပဲ တွေ့လား။ မင်းဟာ အတော်ဘဝမေ့တဲ့ကောင်။ လူဆိုတာ မျောက်ကနေ ဆင်းသက်သွား တာကွ။ မင်းတို့တွေ အခုမှ သိပ်ကြီးကျယ်မနေကြနဲ့။ ထပ်ပြောမယ်။ မင်းပြောပြောနေတဲ့စကားကို ငါလုံးဝသည်းမခံနိုင်လို့ လာရှင်းတာ။ မင်းတို့ လူအချင်းချင်းတော့ လိမ်လို့၊ ညာလို့၊ ဖြီးလို့၊ ဖြန်းလို့ရလိမ့်မယ်။ မင်းတို့ဘိုးဘေး မျောက်တွေရှေ့မှာ ပေါက်ကရတွေ လာမပြောနဲ့”

“ကျွန်တော် ဘာများပြောမိသေးလို့လဲဗျာ”

မျောက်ဝံကြီးက လက်သီးနှစ်ဖက်ကို ကျစ်ကျစ်ပါအောင်ဆုပ်လိုက်သော် ပါးစပ်ကြီးပြဲထွက်လာပြီး “မင်းပဲပြောတယ်လေ။ လူဆိုတာ နိုင်ငံရေးသတ္တဝါဆို။ လူထူပြီဆိုတာနဲ့ ဒီစကားပဲ ခဏခဏပြောတယ်။ ဒါဟာ ငါတို့ကို သွယ်ဝိုက်စော်ကားနေတာပဲ။ အမှန်က လူဆိုတာ မျောက်သတ္တဝါတစ်မျိုးကွ။ ခုတော့ မင်းတို့က အရှင်လတ်လတ် ဘဝပြောင်းချင်ကြတယ်ပေါ့ ဟုတ်စ” သူ ထောင်းခနဲ ဒေါသထွက်သွားသည်။ သူ၏ နာမည်ကျော် အတွေးအခေါ်ကို မျောက်တစ်ကောင်က ထိပါးပုတ်ခတ်နေလေပြီ။ သူက ဒေါသသံဖြင့်

“မျောက်က မျောက်နေရာ နေစမ်းပါဗျာ။ နိုင်ငံရေးဆိုတာ မျောက်တွေ လိုက်မမီပါဘူး။ လူ့ကိစ္စ သက်သက်ပါဗျ။ ဒီမှာ Human are political animals လို့ ဆိုသကိုး။ လူရယ်လို့ဖြစ်လာရင် မိခင်ဗိုက်ထဲမှာတည်းက နိုင်ငံရေးနဲ့ မကင်းဘူး။ နိုင်ငံရေးစနစ်မကောင်းရင် ကျန်းမာရေး၊ စီးပွားရေးလည်း မကောင်းနိုင်ဘူး။ ကျန်းမာရေး၊ စီးပွားရေးမကောင်းရင် မိခင်ဗိုက် ထဲက သန္ဓေသားကို သက်ရောက်မှုရှိတာပဲ။ လူတွေအတွက်ပြောတာ။ မျောက်တွေမပါဘူး”

“ဘာကွ။ ဒီလိုပြောကြကြေးဆိုရင် ဒို့မျောက်တွေလည်း နိုင်ငံရေးသတ္တဝါပဲလေ။ နိုင်ငံရေးစနစ်မကောင်းလို့ စီးပွားရေး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးတွေ ပျက်စီးပြီး အခုဆို တောက်တဲ့တွေတောင် ပေါက်ဖော်ကြီးဆီ ရောင်းစားခံနေရတယ်။ အိမ်မြှောင်တွေ၊ ပိုးဟပ်တွေလည်း သူတို့ရှေ့ရေးကို စိတ်မအေးရတော့ဘူး။ ဒီကိစ္စ မင်းဘာပြောမလဲ”

“ဒါကတော့ ကျွန်တော်တို့ လူအထီး၊ လူအမတွေလည်း ရောင်းစားခံနေရတာပဲ”

“အေး…အဲဒါဆို ကွက်မပြောနဲ့။ မင်းတို့လူသားတွေဟာ ဘယ်အရာကိုမဆို လိုရင်လိုသလို၊ မလိုရင် မလိုသလို ပြောကြ တယ်။ မှတ်ထားကွ၊ လူဆိုတာ အချစ်နဲ့စစ်ကနေ ပေါက်ဖွားလာတဲ့ သတ္တဝါအစစ်ဖြစ်တယ်”

စကားအဆုံးမှာ မျောက်ဝံကြီးက လက်နှစ်ဖက်ဖြင့် ရင်ဘတ်ကို တဖုန်းဖုန်းမြည်အောင် အားပါးတရထုရိုက်နေတော့၏။ ပြီးမှ

“နိုင်ငံရေးသမားငဲ့၊ လူဆိုတာ အဖော်ရှိပြီဆိုတာနဲ့ ချစ်စိတ်တစ်လှည့်၊ စစ်စိတ်တစ်လှည့် ဖြစ်ကြတာပဲ။ သမီးရည်းစားအချင်း ချင်း၊ လင်မယားအချင်းချင်းကြားမှာ ရန်ဖြစ်လိုက်၊ ပြန်ချစ်လိုက် မဟုတ်ဘူးလား။ ဒို့မျောက်တွေလည်း ဒီအတိုင်းပဲ။ ရန်ဖြစ်တယ်ဆိုတာဟာ စစ်ရေးလေ့ကျင့်မှုတစ်မျိုးပေပဲ။ ရန်ဖြစ်တာမှာ ကျွမ်းကျင်ပါးနပ်ရင် စစ်ရေးအမြင်ရှိတာပေါ့ကွာ။ လူဆိုတာ မျောက်ဘဝမှာတည်းက နိုင်ငံရေးဆိုတာ ဘာမှန်းမသိပေမယ့် စစ်ရေးအတွေ့အကြုံတော့ ရှိပြီးသားဟ။ ဒါကြောင့် လည်း လူ့ပြည်၊ လူ့ရွာမှာ စစ်တပ်မရှိတဲ့ တိုင်းပြည်ရယ်လို့ အတော်ရှားတာပါကလား။ ခုပဲကြည့်လေ၊ ကိုးကန့်ဒေသမှာ စစ်ပွဲတွေဖြစ်နေလို့ သေလိုက်ကြတာ တဖျောဖျောပဲ။ နိုင်ငံရေးသမားရယ် လူဆိုတာ စစ်တိုက်ရမှ စားဝင်အိပ်ပျော်တဲ့ သတ္တဝါပါကွာ”

“လုံးဝလက်မခံဘူး။ စစ်ဆိုတာ အမြဲဖြစ်နေတာမဟုတ်ဘူး။ နိုင်ငံရေးကသာ လူတိုင်းနဲ့ကင်းလို့ မရတာ။ Politic came from kitchen – နိုင်ငံရေးဆိုတာ မီးဖိုချောင်ကလာတယ်တဲ့။ ထမင်းစားတဲ့သူတိုင်း နိုင်ငံရေးနဲ့မကင်းဘူး”

မျောက်ဝံသည် တစ်စုံတစ်ခုကို လေးလေးနက်နက် စဉ်းစားခန်းဝင်နေပုံ ရသည်။ ထို့နောက် လေသံသြသြဖြင့် လေးပင်စွာ ပြောလိုက်သည်။

“အဲဒီမီးဖိုချောင်ဆိုတာကို ဘာနဲ့ တည်ဆောက်ထားတာလဲ နိုင်ငံရေးသမားရဲ့”

ထိုမေးခွန်းအတွက် ရုတ်တရက် ဘာပြန်ဖြေရမှန်းမသိ။ မျောက်ဝံက ဆက်ပြောသည်။

“မီးဖိုချောင်ဆိုတာ မိသားစုဘဝတစ်ခုပဲ။ မိသားစုဘဝဆိုတာ ချစ်ခြင်းမေတ္တာတစ်ခုပဲ မဟုတ်လား။ ချစ်ခြင်းမေတ္တာတွေ ခိုင်ခံ့ နေသရွေ့ အမုန်းစစ်ပွဲတွေ ဝင်မလာနိုင်ဘူး။ အချစ်တွေ ကျဲလာတဲ့အခါ သံသယတွေ၊ နာကျည်းမှုတွေ ဝင်လာပြီး ရန်ဖြစ်ကြ တယ်၊ တိုက်ခိုက်ကြတယ်။ ဒါ စစ်ဖြစ်နေတာပဲ။ နောက်ဆုံးအဖြေထုတ်တော့ လူဆိုတာ အချစ်ပင်နဲ့ စစ်ပင်ထက်မှာ ပြေးလွှား နေတဲ့ မျောက်မျိုးနွယ်စုတစ်ခုပါပဲကွာ။ ချစ်ရင်လုံးလုံး၊ မုန်းရင်လျားလျားဆို သလို တစ်ချိန်တုန်းက စစ်အစိုးရကို အသေအလဲ တိုက်နေတဲ့ KNU ဟာ အခုတော့ ချစ်စရာအကောင်းဆုံး မိတ်ဆွေကြီးဖြစ်ပြီး ဖက်လှဲတကင်းဖြစ်နေချိန်မှာ စစ်အစိုးရရဲ့ ပေါ်လစီတွေကို အားပေးထောက်ခံခဲ့တဲ့ ကိုးကန့်တပ်ဖွဲ့တွေကျတော့ မဟာရန်သူတော်ကြီးတွေဖြစ်ပြီး တွေ့ရာသင်္ချိုင်း ဓားမဆိုင်းဖြစ်နေကြတာ မျက်မြင်ကိုယ်တွေ့ပဲ။ လူတွေဟာ အချစ်ရဲ့သားကောင်ဖြစ်လိုက်၊ စစ်ရဲ့သားကောင် ဖြစ်လိုက် တစ်လှည့်စီဖြစ်နေတာပါ”

သူသည် ပါးစပ်အဟောင်းသားဖြင့် မျောက်ဝံကို ငေးကြည့်နေမိသည်။ စာပေဟောပြောပွဲ စင်မြင့်များထက်တွင် နိုင်ငံရေး စကားများဖြင့် လူတကာငေးနေအောင် ပြောနိုင်ခဲ့သော်လည်း အကာလ၏ ညတစ်ညဝယ် မျောက်တစ်ကောင်ကို ပြန်လည် ငေးကြည့်နေရလိမ့်မည်ဟု အိပ်မက်မျှပင် မမက်ဖူးခဲ့ပါ။ ထိုစဉ် မျောက်ဝံက သူ့အနားကပ်လာပြီး လေသံမျှဖြင့်

“မင်းပြောသလို လူဆိုတာ နိုင်ငံရေး သတ္တဝါမှန်ခဲ့ရင် နိုင်ငံရေးအရ မင်းတို့တောင်းဆိုနေတဲ့ ပုဒ်မ-၄၃၆ ကို ပြင်ဆင်နိုင်ရ မှာပေါ့။ အစိုးရသတင်းစာတွေကလည်း ပုဒ်မ-၄၃၆ ပြင်ဆင်ရေး သတင်းဆိုရင် ဆေးဖော်ကြောဖက်တောင်မလုပ်ဘူး။ အခု ကိုးကန့်စစ်ပွဲသတင်းကျတော့ ရေးလိုက်တာများ ထောင်းထောင်းထနေတာပဲ။ ဒါကို ကြည့်ခြင်းအားဖြင့် နိုင်ငံရေးထက် စစ်ရေးကို ပိုပြီး အာရုံစိုက်တယ်ဆိုတာ ထင်ရှားနေတယ် နိုင်ငံရေးသမားရဲ့ ဟဲ…ဟဲ…ဂွီး”

နိုင်ငံရေးသမား ခေါင်းငိုက်စိုက်ကျသွား၏။ သူ့လက်မောင်းကို ကြမ်းတမ်းသော လက်ကြီးတစ်ဖက်က ဆုပ်ကိုင်လိုက်မှ ဖျတ်ခနဲ သတိဝင်လာ၏။ ချဉ်စုတ်ပုပ်ဟောင်သောအနံ့ကို နီးကပ်စွာ ရှူရှိုက်မိလိုက်သည်။ မျောက်ဝံက ရယ်ကျဲကျဲဖြင့် ပြောလိုက်သည်။

“ဒီမယ် နိုင်ငံရေးသမား၊ မင်းတို့နိုင်ငံမှာ လက်ပံတောင်းအရေး၊ ခြောက်ပွင့်ဆိုင်အရေး၊ အမျိုးသားပညာရေး၊ ဝှိုက်ကတ် (White Card) ပြဿနာ၊ အလုပ်သမား၊ လယ်သမားပြဿနာတွေအားလုံးကို ကိုးကန့်စစ်ပွဲက ဖုံးအုပ်ပစ်လိုက်ပြီဆိုမှတော့ စစ်…စစ်…စစ်…စစ်ပေါ့ကွာ။ ဟား…ဟား…ဟား…ဂွီးဂွီး”

မျောက်ရယ်သံက သူ့နားထဲသို့ စူးနစ်စွာဝင်ရောက်ခဲ့ပြီးနောက် သူ့အသိဉာဏ်များအားလုံး လင်းခနဲဖြစ်သွားသည်။ သစ်ရွက်လှုပ်သံများ၊ သစ်ကိုင်းချင်း ပွတ်တိုက်မိသံများ ထွက်ပေါ်လာသည်။

မျောက်ဝံကား မရှိတော့။

ထိုစဉ် သေနတ်သံများနှင့် အော်ဟစ်ငြီးငြူသံများကို ကြားလိုက်ရသည်။ မျက်စိမှိတ်ထားသော်လည်း သူ့အမြင်အာရုံဆီသို့ ဦးစွာတိုးဝင်လာသည်က စူးရှသော အလင်းရောင်။ မျက်လုံးအစုံကို ဖွင့်ကြည့်မိလိုက်သည်။

ဆိုဖာထိုင်ခုံပေါ်တွင် လဲလျောင်းနေသော သူ့အရှေ့တည့်တည့်၌ Planet of the Apes ဗီဒီယိုဇာတ်ကားကို ဖွင့်လျက်သား တွေ့လိုက်ရသည်။ တီဗီဖန်သားပြင်ပေါ်တွင် မျောက်ဝံများက သေနတ်များဖြင့် လူသားများကို ပစ်ခတ်တိုက်ခိုက်နေလျက် ရှိသည်။ စစ်ပွဲဟူသည် လူသားများကိုသာမကဘဲ အဟိတ်တိရစ္ဆာန်များကိုပင် ပျော်ရွှင်ကြည်နူးစေပါတကား။

ညီငယ်လေး

Leave a Reply

Your email address will not be published. Required fields are marked *