အဆိုတော်ဘဝသက်တမ်းမှာ ချစ်လူမိုက်က ရာခိုင်နှုန်းတော်တော်များများ ပါတယ်

ဖြိုးကြီးက “ချစ်လူမိုက်” ကို ကိုယ်ပိုင်ဟန်နှင့် ပြန်လည်သီဆိုရင်း ချစ်လူမိုက်ပရိသတ် များစွာရရှိခဲ့သူဖြစ်သည်။ ထိုချစ် လူမိုက်ကို နောက်ထပ်ပုံစံတစ်မျိုးနှင့် မူရင်းအဆိုရှင် စိုးလွင်လွင် အမှတ်တရပွဲတွင် သီဆိုပေးမည်ဟုလည်း သိရသည်။ ထို့ပြင် “ကျွန်တော်မသိတဲ့ ကျွန်တော်” သီချင်းကိုလည်း သီဆိုမည်ဖြစ်သည်။ ဖြိုးကြီးနှင့် ပဲ့တင်သံတို့ တွေ့ဆုံကြရာတွင် …..

မေး။     ။ သီချင်းရွေးတာက ကိုယ့်စိတ်ကြိုက်ပဲလား။

ဖြေ။      ။ သူတို့က နဂိုကတည်းက Open ပဲ ဖွင့်ပေးထားတာပါ။ ကိုယ့်စိတ်ကြိုက်ပဲ။ ကျွန်တော်တောင်မှ နည်းနည်း နောက်ကျသွားလို့ ကိုယ်ဆိုချင်တဲ့ သီချင်းလေးတွေ သူများဆီပါသွားတယ်။

မေး။     ။ ချစ်လူမိုက်ကတော့ ဖြိုးကြီးနဲ့ ပရိသတ်က တွဲသိပြီးသားပဲနော်။

ဖြေ။      ။ အဲဒီသီချင်းကတော့ Treview ဆိုတော့လေ။ ကိုစိုးလွင်လွင် မရှိတဲ့နောက်ပိုင်းမှာ ကျွန်တော်ကိုယ်တိုင်လည်း ကျွန်တော့်ရဲ့အခွေ “အထည်ကြီးပျက်”ပြီးလို့ရှိရင် Show ပွဲတွေမှာဆိုခဲ့တာ ဒီ “ချစ်လူမိုက်” ပဲ။ ပရိသတ်ကလည်း အရမ်း ကြိုက်ကြတယ်။ ကျွန်တော့်ရဲ့ အဆိုတော်ဘဝသက်တမ်း တစ်လျှောက်မှာ ဒီသီချင်းက ရာခိုင်နှုန်း တော်တော်များများ ပါပါတယ်။

မေး။ ။ “ကျွန်တော်မသိတဲ့ ကျွန်တော်” ကျတော့ သံစဉ်နဲ့စာသားက ဖြိုးကြီး Flow နဲ့မတူဘူး။ ဒီသီချင်းကို ရွေးတာက ကိုယ်နဲ့လိုက်မယ်ထင်လို့လား။

ဖြေ။      ။ အမှန်အတိုင်းပြောရရင် ကျွန်တော်ဆိုချင်တဲ့ သီချင်းကောင်းတွေက အများကြီးပဲ။ အဲဒီမှာမှ “ချစ်လူမိုက်” က အမြန်ဖြစ်နေလို့ အနှေးရွေးမယ်လို့ စဉ်းစားထားတာ။ အနှေးထဲမှာမှ ကိုယ်ဆိုချင်တာ မရတော့လို့ ကိုယ်လည်း ကြိုက်ခဲ့ဖူးတဲ့ သီချင်းဖြစ်တဲ့ ဒီသီချင်းကိုပဲ ရွေးလိုက်တာပါ။

မေး။     ။ စိုးလွင်လွင်က တစ်ခေတ်ဖြစ်ခဲ့တဲ့ အဆိုတော်လည်းဖြစ်တယ်။ သူ့အပေါ် အဆိုတော်ဖြိုးကြီးရဲ့အမြင်နဲ့ သူ့သီချင်း တွေအပေါ် ခံစားမှုကိုလည်း ပြောပြပါလား။

ဖြေ။      ။ အဆိုတော်တွေကတော့ အများကြီးရှိတာပေါ့။ ကိုယ်ကိုယ်တိုင် အဆိုတော်ဖြစ်လာတော့မှ၊ ဒီလောကထဲ ရောက်လာ တော့မှပဲ ပရမီရှင် ဂျီးနီးယပ်စ် အဆိုတော်နဲ့ ရိုးရိုးအဆိုတော်ဆိုတာ ကွဲသွားတာပေါ့။ အဲဒီထဲမှာမှ ကျွန်တော်က ကိုစိုးလွင်လွင် ကို ဂျီးနီးယပ်စ်ထဲမှာ ထည့်ထားပါတယ်။ သူက အသံမှာလည်း မှော်ရှိတယ်။ အနုပညာမှာလည်း မှော်ရှိတယ်။ ခံစားချက် ကိုလည်း အစွန်းရောက်စေတယ်။ ကျွန်တော်က အစွန်းရောက်တာကို အရင်တုန်းက ကြိုက်တယ်။ အခုတော့ မကြိုက်တော့ပါ ဘူး။ အမှန်အတိုင်းပြောရရင် သူက မလိမ်တဲ့ အနုပညာသမားပါ။

မေး။     ။ အောင်မြင်ပြီးသား သီချင်းတွေကို ပြန်ဆိုရတာ ပိုခက်ခဲတဲ့အတွက် ပြန်ဆိုတေးဆိုတဲ့ အပေါ်ဘယ်လိုကြိုးစားခဲ့ရလဲ။ ပြန်ဆိုတေးတွေကို ဘယ်လိုအယူအဆရှိလဲ။

ဖြေ။      ။ ငယ်ငယ်တုန်းကဆို ကျွန်တော် အမှန်အတိုင်းပြောရရင် ပြန်ဆိုတေးခေတ်မှာတောင် ဆိုတော့ဆိုခဲ့ပါတယ်။ ဒါပေမဲ့ ၁၀ ခွေမှာ တစ်ခွေလောက်ပဲ ဆိုခဲ့တာပါ။ အဓိက ဘာလဲဆိုတော့ ကျွန်တော်မလုပ်ချင်လို့ပါ။ ဒါက ဘောင်မဝင်တာ။ ဈေးကွက်မဝင်တဲ့အရာပေါ့။ ကျွန်တော်က အနုပညာကို တန်ဖိုးထားတော့ အရှေ့က လုပ်ခဲ့တဲ့ဟာတွေကို မမီဘူးလို့ထင်လို့ ပေါ့နော်။ “ချစ်လူမိုက်” ဆိုရင် ကိုစိုးလွင်လွင်ထွက်ပြီး ၃ နှစ်လောက်ကြာမှ ပရိသတ်က တောင်းဆိုလို့ ဆိုဖြစ်ရင်း နောက်ပိုင်းမှာ မထူးတော့ဘူးဆိုပြီး ဆက်တိုက်ဆိုဖြစ်တာ။ အနုပညာကို တန်ဖိုးထားလို့ပါ။ ခုတော့လည်း ဒါတွေ မလိုတော့ပါဘူး။ တန်ဖိုး ထားတာက တန်ဖိုးထားတာတစ်ပိုင်း၊ အသစ်အနေနဲ့ Presentation အနေနဲ့ တင်ဆက်တာက တစ်ပိုင်းပေါ့။ အဓိက ကတော့ ကိုယ့်လိပ်ပြာလုံဖို့ပဲ လိုပါတယ်။ ခေတ်က ပြောင်းသွားပါပြီ။ ဒါက ကျွန်တော်ရဲ့ အန်းတိတ်အယူအဆတွေပါ။ အခု မရှိတော့ပါဘူး။ ကိုယ့်လိပ်ပြာသန့်သန့်နဲ့ ဒီသီချင်းကို တန်ဖိုးထားပြီး ဆိုရမှာပါ။ ကိုယ့်စိတ်ကိုယ်လုံရင် ကြိုက်တဲ့နေရာမှာ ဆိုလို့ရပါတယ်။

မေး။     ။ သီချင်းတွေကို ရာသီအလိုက် စီစဉ်ကြတာဆိုတော့ နီးကပ်လာပြီဖြစ်တဲ့ သင်္ကြန်ရာသီအတွက်ရော ဘာတွေရှိသလဲ။

ဖြေ။ ။ Summer 4 မှာ တစ်ပုဒ် ဝင်ဆိုထားပါတယ်။ ကျွန်တော်အနေနဲ့ တော်တော်မဆိုဖူးတဲ့ Dance Version ပုံစံ လေးပါ။

မေး။     ။ တစ်ကိုယ်တော်ခွေအနေနဲ့ ပြင်ဆင်နေမှုတွေလည်း ပြောပြပါဦး။

ဖြေ။      ။ တစ်ကိုယ်တော်အနေနဲ့ Online Sale ရောင်းဖို့ရှိပါတယ်။ ပြီးရင် Dream Lover Band နဲ့ Metal Zone မှာ Own Tune တစ်ခွေတည်မယ်။ တေးရေးဆရာက ၉ ယောက်။ မောင်မောင်ဇော်လတ်၊ လင်းလင်း၊ အောင်လ၊ ဝေဖြိုး၊ ဝေလ၊ ကိုအောင်၊ မိုးမိုး၊ နောနော်နဲ့ ကျွန်တော်ပေါ့။ ပြန်ကြည့်လိုက်တော့ ထူးခြားတာက တေးရေး ၉ ယောက်စလုံးက အဆို တော်တွေ ဖြစ်နေတယ်။

မေး။     ။ ဖြိုးကြီးရဲ့ ဂီတဘဝ သက်တမ်းအရ၊ အသက်အရွယ်အရ သီချင်းရွေးချယ်မှုပုံစံပြောင်းသွားလား။ ခံစားမှု တွေကရော…

ဖြေ။ ။ အရမ်းပြောင်းသွားပါတယ်။ ခေတ်က အရမ်းပြောင်းသွားပြီဆိုတော့ လေ။ ကျွန်တော်ကြိုက်တဲ့ခေတ်ပေါ့။ လုပ်ချင်တာ လုပ်ခွင့်ရတဲ့ခေတ်ဆိုတော့ ပိုပျော်ပါတယ်။ သီချင်းပုံစံတွေကလည်း အသစ်တွေချည်းပါပဲ။ တချို့လိုအပ်လို့ရှိရင် မဟောင်းပေ မဲ့လည်း အရှေ့ကပုံစံမျိုး ပုံစံတူတော့ ပြန်လုပ်ရတာပေါ့နော်။ ကျွန်တော့်အခွေမှာ အရစ်အခံရဆုံးကတော့ ဝေလနဲ့ ဝေဖြိုးပါ။ နဂိုထဲကလည်း ခင်ပြီး ညီအစ်ကိုလို ဖြစ်နေကြတော့ တော်တော်အရစ်ခံကြရပါတယ်။ သူတို့နှစ်ယောက်ဆီက စုစုပေါင်း ၅ ပုဒ် ရလိုက်ပါတယ်။ ကျွန်တော်ကြိုက်တဲ့ ပုံစံတွေချည်းပဲ။ ဝေလဆိုရင် ကျွန်တော်က ဘောင်ကျော်ချင်တယ်။ စိစစ်ရေး၊ ဆင်ဆာ မရှိတော့ဘူး။ ငါ့ကို ဘောင်ကျော်ပေးဆိုပြီး မရရအောင် ရစ်ထားတဲ့ သီချင်းပါတယ်။ ဖြိုးကြီးက တစ်ကိုယ်တော် Own Tune တွေ၊ Title တွေကို သီချင်းနာမည်များထဲမှမပေးဘဲ ခေတ်နဲ့လိုက်ဖက်မည့်နာမည်ကို အခွေထွက်ခါနီးမှ ပေးမည်ဟုဆိုသည်။ သင်္ကြန်အပြီး ထွက်နိုင်ရန်လည်း စီစဉ်နေသည်ဟု သိရသည်။

ဝ၁၆

Leave a Reply

Your email address will not be published. Required fields are marked *