Star Track ဇာတ်ကားမှ သရုပ်ဆောင် လီယိုနာ့ဒ်နီမွိုင် ကွယ်လွန်

ကမ္ဘာကျော် Star Track ဇာတ်ကားမှ နားရွက်ချွန်သည့် မစ္စတာစပေါ့ခ်အဖြစ် သရုပ်ဆောင်ခဲ့သော ဂန္ထဝင်သရုပ်ဆောင် တစ်ဦးဖြစ်သည့် လီယိုနာ့ဒ်နီမွိုင်သည် Star Track ဇာတ်ကားကြောင့် ကမ္ဘာကျော်သရုပ်ဆောင်တစ်ဦး ဖြစ်လာသကဲ့သို့ ယင်းဇာတ်ကားကြောင့်ပင် အရက်စွဲသူတစ်ဦး ဖြစ်သွားခဲ့ရသည်ကို ဖွင့်ဟပြောဆိုခြင်းမပြုဘဲ ကွယ်လွန်သွားခဲ့ပြီဖြစ်သည်။

အသက် ၈၃ နှစ်အရွယ်ရှိ သရုပ်ဆောင်ကြီးသည် COPD ခေါ် အပြင်းအထန် အဆုတ်အအေးမိရောဂါဖြင့် ဖေဖော်ဝါရီလ ၂၇ ရက်နေ့က ဘဲလ်အဲနေအိမ်တွင် ဒုတိယဇနီးသည် ဆူဇန်ဘေးနှင့် အတူနေထိုင်ရင်း ကွယ်လွန်သွားခဲ့ပြီဖြစ်သည်။ စောစောပိုင်း တွင် လီယိုနာ့ဒ်က ၁၉၆၆ ခုနှစ်မှ ၁၉၆၉ ခုနှစ်အထိ ပြသခဲ့ရသော အာကာသ ဇာတ်လမ်းတွဲတွင် ခံစားမှုကင်းမဲ့သော ဗာလ်ကင် အဖြစ် သရုပ်ဆောင်ရင်းက ပထမအိမ်ထောင်နှင့် ကွဲခဲ့ရပြီး အသက်သေမတတ်ဖြစ်ခဲ့ရဖူးသည်ဟု ဖွင့်ဟဝန်ခံခဲ့ဖူးသည်။

“အဲဒီဇာတ်လမ်းတွဲ ရိုက်နေတုန်းက ဒုတိယနှစ်၊ တတိယနှစ်များအရောက်မှာ ကျွန်တော် နေ့တိုင်း ပုံမှန် အရက်သောက် ခဲ့တယ်။ တစ်နေ့တာ ရိုက်ကွင်းပြီးသွားပြီဆိုရင် အရက်သောက်တော့တာပဲ။ သောက်တာကလည်း တစ်နေ့ထက်တစ်နေ့ များလာတယ်” ဟု ဆိုသည်။ မင်းသားကြီးသည် ယူကရိန်းနိုင်ငံသို့ ပြောင်းရွှေ့နေထိုင်သော ဂျူးလူမျိုးတစ်ဦး၏သားဖြစ်ပြီး ရိုက်ကွင်းပြီးတိုင်း သူ့အတွင်းရေးမှူးက ဘီယာ (သို့မဟုတ်) ဝိုင်ကို ချက်ချင်းပေးရသည်။

ထိုမှတစ်ဆင့် ရိုက်ကွင်းမရှိသည့် စနေ၊ တနင်္ဂနွေနေ့များတွင် နေ့ရောညပါ အရက်ကို အဆက်မပြတ်သောက်လာတော့သည်။ အစဉ်အမြဲမူးနေခြင်းကြောင့် အိမ်ထောင်သက် ၃၃ နှစ်ရှိ ဇနီးသည် စန္ဒီဇိုဘာနှင့် လမ်းခွဲခဲ့ရသည်ဟု မင်းသားကြီးက ဝန်ခံခဲ့သည်။ သူတို့တွင် ယခု အသက် ၆၀ ရှိနေပြီဖြစ်သော သမီးကြီး ဂျူလီနှင့် အသက် ၅၉ နှစ်ရှိ သားငယ် အဒမ်တို့ ထွန်းကားခဲ့ပြီး ၁၉၈၇ ခုနှစ်တွင် ကွာရှင်းပြတ်စဲခဲ့ကြခြင်းဖြစ်သည်။ သို့သော် နောက်တစ်နှစ်အကြာတွင် မင်းသားကြီးသည် ထုတ်လုပ်သူတစ်ဦးဖြစ်သော ဘေးနှင့် မေတ္တာသက်ဝင်ကာ အရက်ကို ဖြတ်လိုက်ပြီး ၁၉၈၉ ခုနှစ်တွင် လက်ထပ်ကာ သေ တစ်ပန်သက်ဆုံးပေါင်းသင်းသွားခဲ့သည်။

Star Track ဇာတ်ကားမှာ သူနဲ့အတူ ကပ္ပတိန်ကတ်အဖြစ် သရုပ်ဆောင်ခဲ့သည့် ဝီလျံရှပ်တနာနှင့်လည်း အဆင်မပြေ ဖြစ်ခဲ့ရသည်။ စပေါ့ခ်၏ အောင်မြင်မှုက ကတ်ထက် ပိုမိုကျော်ကြားခြင်းကြောင့် အဆင်မပြေဖြစ်ခဲ့ရခြင်းဖြစ်သည်။ မိတ်ဆွေ တစ်ဦးက ပြောပြရာတွင် “သူတို့နှစ်ယောက်က တစ်ယောက်ကို တစ်ယောက် တော်တော်မုန်းကြတယ်။ ဘီလ်ကလည်း ဒီဇာတ်လမ်းတွဲမှာ သူက အဓိကလို့ ထင်တယ်။ ဒါပေမဲ့ ပရိသတ်တွေက မစ္စတာ စပေါ့ခ်ကို ပိုပြီး အားပေးကြတယ်။ နေ့စဉ်နဲ့အမျှ ရောက်လာတဲ့စာတွေက တစ်ပုံတစ်ပင်ကြီးပါ။ အဲဒီမှာ ဝီလျံက ပိုပြီးဒေါသဖြစ်တော့တာပဲ”ဟု ဆိုသည်။

အကြီးမားဆုံးပြဿနာ ဖြစ်ပွားသည်မှာ ဝီလျံက လီယိုနာ့ဒ်သည် ဇာတ်ဝင်ခန်းများ၌ သူပြောရမည့် စကားများကို နင်းပြီး ပြောသွားသည်ဟု စွပ်စွဲပြီး တစ်ကြိမ်၌ စတူဒီယိုအတွင်း သွားလာရာတွင် သူ သုံးစွဲနေသော စက်ဘီးကို လီယိုနာ့ဒ်က ခိုးယူသွားသည်ဟု စွပ်စွဲလိုက်ခြင်းပင်ဖြစ်သည်။

သူတို့နှစ်ဦး၏ မပြေလည်မှုသည် နှစ်ပေါင်း ၄၀ ခန့် ကြာမြင့်ခဲ့သည်ဟု မိတ်ဆွေတစ်ဦးက ဆိုသည်။ “လီယိုနာ့ဒ်က Star Track ဇာတ်ကားကောင်းဖို့အတွက် သူ့ခံစားချက်တွေကို မြိုသိပ်ထားပြီး ဘီလ် တတိယအကြိမ် မင်္ဂလာဆောင်ရာမှာ သတို့သားအရံအဖြစ်တောင် ဆောင်ရွက်ပေးခဲ့ပါတယ်”ဟု ပြောပြသည်။

လီယိုနာ့ဒ်သည် ဟောလိဝုဒ်က သူ့ သရုပ်ဆောင်အရည်အချင်းကို အသိအမှတ်မပြုခြင်းနှင့်ပတ်သက်ပြီး ခံစားရသည်များကို တမလွန်ဘဝအထိ ယူဆောင်သွားခဲ့သည်။ သူသည် Emmy ဆုအတွက် ၄ ကြိမ် ဆန်ခါတင်စာရင်းဝင်ခဲ့ပြီး ၃ ကြိမ်မှာ Star Track အတွက် ဖြစ်သည်။ ကျန်တစ်ကြိမ်မှာ ၁၉၈၂ ခုနှစ်က ရိုက်ကူးခဲ့သည့် အစ္စရေးအမျိုးသမီးဝန်ကြီးချုပ် ဂိုလ်ဒါမေယာ၏ ခင်ပွန်းသည်အဖြစ်သရုပ်ဆောင်မှုကြောင့် ဖြစ်သည်။ သို့သော် လီယိုနာ့ဒ်သည် တစ်ကြိမ်တစ်ခါမျှ ဆုရရှိသွားခြင်း မရှိခဲ့ပေ။

လီယိုနာ့ဒ်ကွယ်လွန်သွားခြင်းကြောင့် ဝမ်းနည်းကြေကွဲနေသည့်မိတ်ဆွေတစ်ဦးက “လီယိုနာ့ဒ်က ဆုမရတဲ့အတွက် ဘယ်တော့မှ ဝမ်းမနည်းသယောင် ဟန်ဆောင်နေပေမယ့် သူ့ရင်ထဲမှာတော့ ကြေကွဲနေတယ်ဆိုတာ ကျွန်တော် သိတယ်”ဟု ဆိုခဲ့သည်။

ဖေဖော်ဝါရီလ ၂၆ ရက်နေ့က နာမကျန်းဖြစ်နေသော လီယိုနာ့ဒ်ကို UCLA ဆေးရုံသို့ ပို့ဆောင်ပေးခဲ့သည်။ ရင်ဘတ်အောင့် နေခြင်းကြောင့်ဖြစ်သည်။ တီဗီဇာတ်လမ်းတွဲများ၏ မင်းသားကြီးသည် နှစ်ရှည်လများ ဆေးလိပ်သောက်ခြင်းကြောင့် အဆုတ် ဝေဒနာ ခံစားနေခဲ့ရသည်။ အသက်ရှူရန် ခက်ခဲသဖြင့် အောက်ဆီဂျင်နှင့် အမြဲအသက်ရှူနေရပြီး ဘီးတပ်ကုလားထိုင်နှင့် သွားလာနေရသူဖြစ်သည်။ ဆေးရုံက လက်လျှော့ပြီး နောက် နေအိမ်သို့ ပြန်လည်ခေါ်ဆောင်သွားကြပြီး ကွယ်လွန်သွားခြင်း ဖြစ်သည်။ လီယိုနာ့ဒ်သည် နောက်ဆုံးအချိန်အထိ ရဲရဲဝံ့ဝံ့ရင်ဆိုင်သွားခဲ့သည်။

Twitter စာမျက်နှာပေါ်တွင် သူတင်ခဲ့သည့်နောက်ဆုံး Message မှာ လူ့လောကတွင် အသက်ရှင်နေထိုင်ရခြင်းအတွက် သူ ချစ်ခင်တွယ်တာမိပါကြောင်း ရေးသားထားသည်။ “ဘဝဆိုတာ ပန်းဥယျာဉ်တစ်ခုလိုပါပဲ။ အဆင်ပြေတဲ့အခါတွေလည်း ရှိမယ်၊ ဒါပေမဲ့ ထာဝရတော့ မဖြစ်နိုင်ဘူး။ ကိုယ့်ရင်ထဲက အမှတ်တရတွေမှာပဲ သိမ်းဆည်းထားနိုင်လိမ့်မယ်”ဟု ရေးသား ခဲ့သည်။

ဇာနည်ညိမ်း

Ref:Globe, Mar, 16, 2015

Leave a Reply

Your email address will not be published.