ဝေဒအသံ

ထေရဝါဒ ဗုဒ္ဓဘာသာဝင်တို့ ယုံကြည်လက်ခံကြသည်မှာ အမှုအလုပ် ဟုဆိုအပ်သော(ကမ္မ)၊ ထိုကံမှ ကောင်းကျိုး၊ ဆိုးကျိုး တို့ကို ပေးတော့မည့်နိမိတ် (ကမ္မနိမိတ်)၊ ကမ္မနိမိတ်မှ မိမိတကယ်ရရှိခံစားရမည့် (ဂတိနိမိတ်) တို့ ဖြစ်ပေါ်လာကြစမြဲဟု ယုံကြည်ကြသည်။ ထိုသို့ ယုံကြည်မှုအရ အာကာသအတွင်းရှိ နေ၊ လ၊ နက္ခတ်၊ တာရာ၊ ဂြိုဟ်၊ ကြယ်တံခွန်၊ ဥက္ကာ စသည်တို့ မဖြစ်စဖူးထူးကဲစွာ ဖြစ်ပေါ်လာသော အကြောင်းတရားတို့သည် နိမိတ်သာဖြစ်ကုန်သည်။ ထိုနိမိတ်များကို မူတည်၍ သက်ဆိုင်ရာနိုင်ငံများ၊ လူပုဂ္ဂိုလ်များ၏ ကံကြမ္မာကို ကြိုတင်သိရှိနိုင်သော ပညာရပ်မှာ နက္ခတ္တဝေဒပညာရပ်ပင်ဖြစ်သည်။

၂၀၁၅ ခုနှစ် ရွေးကောက်ပွဲကာလ အုပ်စိုးမည့် ဂြိုဟ်ကက်ဘိနက်

ခရစ်နှစ် ၂၀၁၅ ခုနှစ် (မြန်မာ သက္ကရာဇ် ၁၃၇၆-၁၃၇၇ ခုနှစ်) အာကာသကောင်းကင်တွင် အုပ်စိုးသော ဂြိုဟ်များကို (ကက်ဘိနက်) အဖွဲ့အစည်းအသစ်တို့ဖြင့် တာဝန်ယူ တွေ့မြင်ရမည်ဖြစ်သည်။

အသစ်ပြန်လည်ဖွဲ့စည်းသော ဂြိုဟ် (ကက်ဘိနက်) အဖွဲ့အစည်းများတွင် ဝဿပတိမင်း၊ သမ္မတ၊ ဥက္ကဋ္ဌ ဂြိုဟ်အဖြစ် သောကြာဂြိုဟ်၊ ဝန်ကြီးချုပ်ဂြိုဟ်အဖြစ် အင်္ဂါဂြိုဟ်၊ သေနာပတိကာကွယ်ရေးဝန်ကြီးဂြိုဟ်၊ အာကာသ ဓိပတိဂြိုဟ်၊ မေဃပတိ မိုးဇလဗေဒ ဝန်ကြီးဂြိုဟ်အဖြစ် တနင်္လာဂြိုဟ်၊ သဿပတိ လယ်ယာစိုက်ပျိုးရေးဝန်ကြီး ဂြိုဟ်အဖြစ် သောကြာ ဂြိုဟ်၊ ရသပတိ ကုန်သွယ်ရေးဝန်ကြီးဂြိုဟ်အဖြစ် တနင်္ဂနွေဂြိုဟ်၊ ဓညပတိ လယ်ယာစိုက်ပျိုးရေးဝန်ကြီးဂြိုဟ်အဖြစ် ဗုဒ္ဓဟူးဂြိုဟ်၊ နိရသပတိ ဓာတ်သတ္တုဝန်ကြီး ဂြိုဟ်အဖြစ် သောကြာဂြိုဟ်တို့ ပါဝင်ဖွဲ့စည်းထားသည်။ ၂၀၁၅ ခုနှစ် အုပ်စိုးသော ဂြိုဟ် (ကက်ဘိနက်) အဖွဲ့အစည်းတွင် ထူးခြားချက်မှာ ကြာသပတေးနှင့် စနေဂြိုဟ်တို့ တာဝန်ပါဝင်လာခြင်းမရှိပေ။ တနင်္လာဂြိုဟ် (၃) နေရာနှင့် သောကြာဂြိုဟ် (၃) နေရာ တာဝန်ယူပါဝင်လာသည်။

၂၀၁၅ ခု မတ် ၂၀ ရက် သောကြာနေ့တွင် အမွှာဝသီတိထီ ကုန်ဆုံးကာ ဝဿပတိမင်း၊ သမ္မတ၊ ဥက္ကဋ္ဌ ဂြိုဟ်သည် အမျိုးသမီး အုပ်စိုးသော သောကြာဂြိုဟ်စိုးမိုးမည်ဖြစ်သည်။ ထိုအာကာသနိမိတ်ကြောင့် မြန်မာ့နိုင်ငံရေးလောကတွင် ကြီးမားသော ရာထူး နေရာဌာနများ၌ အမျိုးသမီးများ ဝင်ရောက်ဆောင်ရွက်လာနိုင်သည်။ နိုင်ငံ့ထိပ်တန်းရာထူးဖြစ်သော သမ္မတ၊ လွှတ်တော်ဥက္ကဋ္ဌနေရာများတွင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နေရာရလာနိုင်သည့် ထူးခြားသောနိမိတ်အဖြစ် တွေ့မြင်ရသည်။ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲလွန်ကာလများတွင် လွှတ်တော်အတွင်း အမျိုးသမီးပြည်သူ့ ကိုယ်စားလှယ်များစွာ နေရာယူလာနိုင်သည့် ပြယုဂ်တစ်ခု ဖြစ်လာနိုင်သည်။

ဗြို့ဟဇ်သံဟိတကျမ်းအရ သောကြာဂြိုဟ် မင်း၊ သမ္မတ၊ ဥက္ကဋ္ဌဂြိုဟ် ဖြစ်လာပါက နိုင်ငံ၏ စပါး၊ ကောက်ပဲသီးနှံ၊ ကြံပင်များ အထွက်တိုးနိုင်သည်။ မိုးလေဝသမှန်ကန်၍ လယ်ယာတစ်ခွင် ရေများလုံလောက်စွာ ရရှိနိုင်သည်။ မင်းအစိုးရတို့သည် ရန် အပေါင်းကို တိုက်ခိုက်နှိမ်နင်းနိုင်၍ အောင်ပွဲဆင်သော ကြွေးကြော်သံများ ဖုံးလွှမ်းနိုင် လိမ့်မည်။ မကောင်းမှုဒုစရိုက်လုပ်ငန်းများ၊ အဖွဲ့အစည်းမှန်သမျှ ချေဖျက်ခံရနိုင်မည်ဟု ဖော်ပြထားသည်။

ဝန်ကြီးချုပ်ဂြိုဟ်ဖြစ်လာနိုင်မည့် အင်္ဂါဂြိုဟ်၏ ထူးခြားဖြစ်စဉ်

ဂြိုဟ် (ကက်ဘိနက်) အဖွဲ့ အစည်းတွင် ဝန်ကြီးချုပ်ဂြိုဟ်သည် အင်္ဂါဂြိုဟ်ဖြစ်လာလိမ့်မည်။ အာကာသကောင်းကင် နိမိတ်များကြောင့် စစ်ဘက်ဆိုင်ရာပုဂ္ဂိုလ်များ သြဇာတိက္ကမ ပိုမိုကြီးမားလာနိုင်သည်။ ပြည်သူနှင့် တပ်မတော်တို့ကြား ပိုမို ချစ်ကြည်ရင်း နှီးမှုရလာနိုင်သည်။ ဗြို့ဟဇ်သံဟိတကျမ်းတွင် အင်္ဂါဂြိုဟ်စိုးမိုးသောနှစ်၌ မြို့ပြကျေးရွာများတွင် မီးဘေး အန္တရာယ်များ ပြင်းထန်စွာ ကြုံတွေ့ရတတ်သည်ဟု ပါရှိသည်။ ထို့ကြောင့် ၂၀၁၅ ခုနှစ်တွင် မြန်မာနိုင်ငံ၏ မြို့ရွာဒေသများ၌ ယခင်နှစ်များထက် ရာသီဥတု အပူရှိန်ပိုမိုပြင်းနိုင်ပြီး မီးဘေးအန္တရာယ် ကို အထူးသတိပြုရန် လိုအပ်ကြောင်း ဂြိုဟ်၊ နက္ခတ် များက ကြိုတင်နိမိတ် ပြဆိုထားသည်။ အထူးသဖြင့် ဧပြီလများတွင် လူနေထူထပ်သော မြို့ပြကျေးရွာများ၏ အတွင်းပိုင်း ဒေသများ၊ စက်မှုဇုန်ဒေသများတွင် မီးဘေးအန္တရာယ် ထူးကဲစွာ ဖြစ်ပေါ်လာနိုင်သည်။

ကာကွယ်ရေးဝန်ကြီးဖြစ်လာမည့် တနင်္လာဂြိုဟ်

ဂြိုဟ် (ကက်ဘိနက်) အဖွဲ့အစည်းတွင် တနင်္လာဂြိုဟ်သည် ကာကွယ်ရေးဝန်ကြီး၊ အာကာသဓိပတိ၊ မိုးဇလဗေဒဝန်ကြီးများ အဖြစ် တာဝန်ယူလာမည်။ ထိုနိမိတ်များကြောင့် မြန်မာ့နိုင်ငံရေးလောကတွင် မည်သို့သော အဖုအထစ် အကျပ်အတည်းများ ရှိစေကာမူ အစိုးရနှင့် တပ်မတော်မှ ဆင်ခြင်တုံတရားရှိစွာဖြင့် အောင်မြင်ပြီးမြောက်စွာ ဖြေရှင်းနိုင်လိမ့်မည်။

တနင်္လာဂြိုဟ်သည် မြေပြင်ကို အုပ်စိုးသောကာလဖြစ်သောကြောင့် ကောက်ပဲသီးနှံများ ပေါများနိုင်ပြီး အစေ့အဆန်ပါသော သီးနှံများ၊ ရေထွက်ကုန်ပစ္စည်းများ အထွက်တိုးနိုင်သည်။

နိုင်ငံ၏ စတုတ္ထမဏ္ဍိုင်ကို တာဝန်ယူမည့် ဗုဒ္ဓဟူးဂြိုဟ်

ဗုဒ္ဓဟူးဂြိုဟ်သည် လယ်ယာစိုက်ပျိုးရေးဝန်ကြီးဂြိုဟ်အဖြစ် ၂၀၁၅ ခုနှစ် ဂြိုဟ်အဖွဲ့အစည်းတွင် တာဝန်ယူမည်။ ထိုအတိတ် နိမိတ်ကြောင့် မြန်မာနိုင်ငံ၏စတုတ္ထမဏ္ဍိုင်ဖြစ်သော သတင်း၊ မီဒီယာ၊ စာနယ်ဇင်းလောကအတွက် ပွင့်လင်းမြင်သာသော ပြောင်းလဲမှုကောင်းများ ရရှိလာနိုင်သည်။ ရုပ်ရှင်၊ တေးဂီတ၊ အနုပညာလုပ်ငန်းများတွင် အရည်အသွေးများ တိုးတက်မြင့်မား လာနိုင်ပြီး ပြည်ပသို့ထိုးဖောက်လာနိုင် သည်အထိ အဆင့်မြင့်လာနိုင်သည်။ နိုင်ငံစီးပွားရေးကဏ္ဍတွင် မွေးမြူရေး လုပ်ငန်း များ၊ သတ္တုရတနာတူးဖော်ရေးလုပ်ငန်းများ ပိုမိုအောင်မြင်လာနိုင်သည်။ မြန်မာ့နိုင်ငံရေးသမိုင်းအတွင်း ဒီမိုကရေစီ ဒုတိယ ငါးနှစ် သက်တမ်းအတွက် ရွေးကောက်ပွဲများ စတင်ရန် နီးကပ်လာပြီဖြစ်သည်။ ရွေးကောက်ပွဲအတွင်း မည်သည့်ပါတီ၊ မည်သည့် ပုဂ္ဂိုလ်များအနိုင်ရမည်ကို ထင်ကြေးဖြင့် မှန်းဆပြောဆိုနေကြပြီဖြစ်သည်။ ရွေးကောက်ပွဲတစ်ခု၏ အနိုင်အရှုံးကို ရွေးကောက်ပွဲ ကျင်းပချိန်အခါ ဇာတာ၊ ပါဝင်ယှဉ်ပြိုင်ကြသော နိုင်ငံရေးခေါင်းဆောင်များ၏ ဇာတာ၊ ကာယကံရှင်များ၏ စည်းရုံးရေးစွမ်းရည်၊ အများပြည်သူတို့၏ နှစ်ခြိုက်မှု၊ အခြေအနေပေးမှု စသည်တို့အပေါ်တွင် တည်မှီနေပါသည်။ နိုင်ငံတော် ကို ဦးဆောင်မည့်သူများအနေဖြင့် အစကောင်းရန် လိုအပ်သကဲ့သို့ အနှောင်းသေချာရန်လည်း လိုအပ်မည်ဖြစ်ပါသည်။

ဆရာဝဏ္ဏ (ဝေဒ)

B.Sc (Maths), H.G.P

မြန်မာနိုင်ငံဝေဒသုတေသနအဖွဲ့

Leave a Reply

Your email address will not be published. Required fields are marked *