မတ် ၉
ဖေဖော်ဝါရီ ၂၇ ရက်နေ့က မော်စကိုမြို့၊ ကရင်မလင်နန်းတော်အနီးရှိ၊ တံတားပေါ်တွင် လုပ်ကြံသတ်ဖြတ်ခြင်းခံခဲ့ရသော ရုရှား အတိုက်အခံပါတီခေါင်းဆောင် Boris Nemtsov သေဆုံးမှုနှင့်စပ်လျဉ်း၍ ရုရှားအာဏာပိုင်တို့က ချေ ချင်းဇာတိအမျိုးသား နှစ်ဦးအား ဖမ်းဆီးတရားစွဲဆိုခဲ့ခြင်းမှာ လွန်စွာ သံသယဖြစ်ဖွယ်ကောင်းကြောင်း၊ Nemstov နှင့် တွဲဖက်၍ နိုင်ငံရေး ပါတီ ထူထောင်ခဲ့သူ Ilya Yashin က မတ်လ ၈ ရက်နေ့က ထုတ်ဖော်ပြောကြားလိုက်သည်။
Nemstov လုပ်ကြံသတ်ဖြတ်ခံရမှုနောက်ကွယ်တွင် အစ္စလာမ္မစ်များ ပါဝင်ပတ်သက်လျက်ရှိကြောင်း ပြောကြားခဲ့သော ထောက်လှမ်းရေးသမားတို့၏ အဓိပ္ပာယ်မဲ့သော အယူအဆက ကရင်မလင်အကြိုက်အယူအဆဖြစ်ပြီး သမ္မတပူတင်ကို အမှုမှ လွတ်ရာသို့ ရောက်ရှိစေခဲ့ကြောင်း Ilya Yashin က Twitter စာမျက်နှာထက်တွင် ရုရှားဘာသာဖြင့် ရေးသားဖော်ပြခဲ့ သည်။
Yashin က Nemstov သည် အစွန်းရောက်အစ္စလာမ္မစ်အဖွဲ့များကို ပြောပလောက်အောင် ဝေဖန်ခဲ့သူမဟုတ်ဘဲ သမ္မတ ပူတင်နှင့် ရုရှားအစိုးရကိုသာ အစဉ်တစိုက်ဝေဖန် တိုက်ခိုက်ခဲ့သူဖြစ်သည်။ Nemstov ကို လုပ်ကြံသတ်ဖြတ်ရန် ကြိုးကိုင် ဆောင်ရွက်သူများသည် ရုရှားနိုင်ငံအတွင်း၌ပင်ရှိပြီး ရုရှားအစိုးရကပင် ဖြစ်မည်ဟု ယုံကြည်ကြောင်းလည်း Yashin က ပြောကြားခဲ့သည်။ Nemstov ကို လုပ်ကြံသတ်ဖြတ်ခြင်းသည် လူမှုအဖွဲ့အစည်းအား ထိတ်လန့်စေရန် အကြမ်းဖက်ခြင်း မျှသာ ဖြစ်ကြောင်း၊ ရုရှားအာဏာပိုင်တို့က တရားစွဲဆိုထားသော တရားခံနှစ်ဦးသည် လူသတ်သမားအစစ်အမှန်ဖြစ်ပက သက်သေအထောက်အထားများကို လူသိရှင်ကြားထုတ်ပြန်ပြသရမည်ဖြစ်ကြောင်း Yashin က ပြောကြားသွားခဲ့သည်။
ရုရှားအာဏာပိုင်တို့က မတ်လ ၈ ရက်နေ့တွင် Zaur Dadayer နှင့် Anzar Guba Shev ဆိုသူနှစ်ဦးကို Nemstov အား လုပ်ကြံသတ်ဖြတ်မှုနှင့် တရားစွဲဆိုခဲ့ပြီး အခြားသုံးဦးကိုလည်း ဖမ်းဆီးထားခဲ့သည်။ Zaur Dadayev ဆိုသူက Nemstov အား လုပ်ကြံသတ်ဖြတ်မှု ကျူးလွန်ခဲ့ကြောင်း ဝန်ခံပြောကြားခဲ့သည်ဟု တရားရုံးက ထုတ်ပြန်ပြောကြားခဲ့သည်။ သံသယဖြင့် ဖမ်းဆီးထားသူ သုံးဦးကို ရီမန်ရယူ၍ ချုပ်နှောင်ထားဆဲဖြစ်သည်။ ဆဋ္ဌမမြောက် သံသယတရားခံမှာမူ ချေချင်း မြို့တော် Grozny တွင် ရဲအဖွဲ့နှင့် ရင်ဆိုင်တွေ့စဉ် မိမိကိုယ်ကို အဆုံးစီရင်သွားခဲ့သည်။
Yashin က သေနတ်ဖြင့် ပစ်ခတ်သူကို ပြစ်တင်စွပ်စွဲရမည်ဖြစ်သော်လည်း လူသတ်မှုကို အမှန်တကယ်ခိုင်းစေသူက လွတ်မြောက်သွားမည်သာဖြစ်ကြောင်း ပြောကြားသွားခဲ့သည်။
ဝ၂၇၊ BBC News