သမိုင်းအရှုပ်ထုပ်ကို ဖြေရှင်းရန် တရုတ်က ဂျပန်ကို တောင်းဆို

မတ် ၈

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီက ပြီးခဲ့သည့် ဒုတိယကမ္ဘာ စစ်ကာလအတွင်း တရုတ်နှင့်အခြား နိုင်ငံများအား ကျူးကျော်ခဲ့မှုအတွက် အပြစ်ရှိမှုကို ဖော့ပြောရန် ကြိုးပမ်း နေမှုအား စွန့်လွှတ်ရန် ဂျပန်ခေါင်း ဆောင်များအား တနင်္ဂနွေနေ့က ထပ်မံတောင်းဆိုခဲ့သည်။

ဒုတိယ ကမ္ဘာစစ်ပြီးဆုံးမှု နှစ် ၇၀ ပြည့် နှစ်ပတ်လည်အထိမ်းအမှတ်ကို ရည်စူး၍ အတိတ်သမိုင်းသည် ဘေဂျင်းနှင့် တိုကျို ဆက်ဆံရေးကို လွှမ်းမိုးနေဆဲဖြစ်ကြောင်း၊ ဂျပန်ခေါင်းဆောင်များအနေဖြင့် ဤခံစားမှုများကို ဆွပေးမည်လား၊ သမိုင်းကို နောက်ချန်ထားခဲ့မည်လား ရွေးချယ်ရမည်ဖြစ်ကြောင်း မစ္စတာ ဝမ်ယီက သတင်းထောက်များအား ပြောကြားခဲ့သည်။

တရုတ်နိုင်ငံသည် နှစ် ၇၀ ပြည့် စစ်ပြီးဆုံးခြင်း နှစ်ပတ်လည် အထိမ်းအမှတ် အခမ်းအနားကို စစ်ရေးပြပွဲနှင့် အခြား အမှတ်တရများဖြင့် ကြီးကျယ်ခမ်းနားစွာ ပြုလုပ်ကျင်းပရန် စီစဉ်ထားရာ ထိုပွဲသို့ သက်ဆိုင်ရာနိုင်ငံများနှင့် နိုင်ငံတကာ အဖွဲ့အစည်းများအားလုံးကို ဖိတ်ကြားရန် စီစဉ်ထားသည်။

ဂျပန်အနေဖြင့် ၁၉၉၅ ခုနှစ် နှစ် ၅၀ ပြည့် အခါသမယတွင် ထိုစဉ်က ဝန်ကြီးချုပ် တိုမီအီချိမူရာယာမာက ဒုတိယကမ္ဘာ စစ်တွင်းနှင့် မတိုင်မီကာလအတွင်း အာရှတိုက်ဒေသအချို့ကို ကိုလိုနီပြု ကျူးကျော်ခဲ့ခြင်းအတွက် ပထမဆုံးအကြိမ် တောင်းပန်လွှာတစ်ရပ် ထုတ်ပြန်ခဲ့သည်။ ၂၀ဝ၅ ခုနှစ်တွင် ထိုစဉ်က ဝန်ကြီးချုပ်ဖြစ်သူ ဂျူနီချီရိုကိုအိဇုမိကလည်း အလားတူ တောင်းပန်ခဲ့သည်။

သို့သော် သြဂုတ်လ ၁၅ ရက် နှစ်ပတ်လည်နေ့တွင် လက်ရှိ စစ်လိုလားသူ ဝန်ကြီးချုပ် ရှင်ဇိုအာဘေးအနေဖြင့် ယခင် တောင်းပန်ချက်များကို ဖော့ပြောနိုင်ကြောင်း ခန့်မှန်းချက်များ ထွက်ပေါ်နေသည်။ ရှင်ဇိုအာဘေးသည် “ကိုလိုနီအုပ်ချုပ်မှု”၊ “ကျူးကျော်ရန်စမှု” ကဲ့သို့သော ယခင်တောင်းပန်ချက်များတွင် သုံးနှုန်းခဲ့သော စကားလုံးများအား ပြောဆို၊ မပြောဆို ဟူသော အချက်မှာ အဓိကမေးခွန်းတစ်ခုဖြစ်နေသည်။ မကြာသေးမီက သူသည် ဤကိစ္စအတွက် မည်သို့ပြောဆိုသင့်သည်ကို အကြံပေးရန် ပညာရှင် ၁၀ ဦး၊ စီးပွားရေးခေါင်းဆောင် ၃ ဦးနှင့် သတင်းစာဆရာ ၂ ဦး၊ နိုင်ငံတကာ အကူအညီပေးရေး လုပ်သား ၁ ဦး ပါဝင်သော ၁၆ ဦး ကော်မတီအဖွဲ့ တစ်ဖွဲ့ကို ခန့်အပ်ဖွဲ့စည်းခဲ့သည်။

ထိုအဖွဲ့တွင်းမှ အမျိုးသားလုံခြုံရေးအကြီးအကဲ မာဆာရှီနီရှီဟာရာက စစ်တွင်းကာလ ဂျပန်စစ်တပ်၏ လိင်ကျွန်အသုံးပြုမှု သတင်းများမှာ တောင်ကိုရီးယား၏ လုပ်ကြံဖော်ပြချက်များသာဖြစ်ကြောင်း ရေးသားခဲ့ပြီး လုပ်ငန်းရှင်တစ်ဦးဖြစ်သူ ယိုရှိတိုဟိုရီကလည်း ထိုစစ်မှာ ကျူးကျော်စစ်မဟုတ်ဘဲ ခုခံစစ်တစ်ခုသာဖြစ်ကြောင်း ပြောကြားခဲ့ သည်။

ဝ၂၅၊ Ref: AP

Leave a Reply

Your email address will not be published.