အမေရိကန် လုံခြုံရေးမဟာဗျူဟာသစ်နှင့် တရုတ်နိုင်ငံ

၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလ ၆ ရက်မှာ အမေရိကန်သမ္မတ ဘားရက်အိုဘားမားက ခေတ်နဲ့အညီ မွမ်းမံထားတဲ့ အမျိုးသား လုံခြုံရေး မဟာဗျူဟာ တစ်ရပ်ကို ချမှတ်ထုတ်ပြန်ခဲ့ပါတယ်။

အဲဒီအမျိုးသားလုံခြုံရေး မဟာဗျူဟာ အစီရင်ခံစာဟာ အမေရိကန်ပြည်ထောင်စု လုံခြုံရေးအတွက် အရေးကြီးတဲ့ ကမ္ဘာအနှံ့က အကျိုးစီးပွားတွေ၊ ပန်းတိုင်တွေနဲ့ ရည်မှန်းချက်တွေကို ရှင်းရှင်းလင်းလင်းဖော်ပြထားပြီး ပြည့်စုံတဲ့ ထုတ်ပြန်ချက်တစ်ခုဖြစ်တယ်။ ဒီအစီရင်ခံစာထဲမှာ ကျူးကျော်မှုကို ဟန့်တားဖို့နဲ့ အမျိုးသားလုံခြုံရေး မဟာဗျူဟာ အကောင်အထည်ဖော်ဖို့ လိုအပ်တဲ့ သတ်မှတ်ပြဋ္ဌာန်းချက်တွေ ပါဝင်ပါတယ်။ ဒီအစီရင်ခံစာဟာ အမေရိကန်လုံခြုံရေးမူဝါဒရဲ့ အခြေခံနဲ့ အဓိကကျတဲ့ သဘောထားရပ်တည်ချက်တွေကို ထင်ဟပ်နေတာကြောင့် ကမ္ဘာအနှံ့က အာရုံစိုက်မှုကို ဆွဲဆောင် ယူခဲ့ပါတယ်။

အခုထုတ်ပြန်လိုက်တဲ့ အစီရင်ခံစာက အိုဘားမားရဲ့ သမ္မတသက်တမ်းကာလအတွင်း ဒုတိယမြောက် အမျိုးသားလုံခြုံရေး မဟာဗျူဟာ အစီရင်ခံစာပါ။ ပထမအစီရင်ခံစာကို ၂၀၁၀ ပြည့်နှစ်အတွင်းမှာ ထုတ်ပြန်ခဲ့ပါတယ်။ အစီရင်ခံစာနှစ်ခုလုံးမှာ အမေရိကန်ပြည်ထောင်စုအနေနဲ့ တရုတ်နိုင်ငံရဲ့ စစ်ရေးခေတ်မီမှုတည်ဆောက်ရေးနဲ့ တရုတ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်မှုကို ပုံဖော်ဖို့ ကြိုးပမ်းမှုတွေနဲ့ ပတ်သက်လို့ နိုးနိုးကြားကြားနဲ့ အသင့်အနေအထားရှိနေတုန်းပါပဲ။ အခု အစီရင်ခံစာသစ်မှာက အမေရိကန် လုံခြုံရေးအပေါ် သက်ရောက်လာမယ့် တရုတ်နိုင်ငံရဲ့ အရှိန်အဝါကို ပိုပြီးအရေးထားလာတဲ့ပုံပါ။

အမေရိကန်အနေနဲ့ နှစ်နိုင်ငံအကြား ထိပ်တိုက်ရင်ဆိုင်မှု အန္တရာယ်တွေကို အထူးအလေးထားတာ ဖြစ်ပါတယ်။ ၂၀၁၀ အစီရင်ခံစာမှာဆိုရင် တရုတ်ရဲ့ စစ်ရေးခေတ်မီမှု တည်ဆောက်ရေး အစီအစဉ်ကို စောင့်ကြည့်စစ်ဆေးထောက်လှမ်းရေး၊ ဒေသတွင်းနဲ့ တစ်ကမ္ဘာလုံးက အမေရိကန်အကျိုးစီးပွားနဲ့ မဟာမိတ်အကျိုးစီးပွားတွေအပေါ် အဖျက်သဘော မသက်ရောက် စေရေးအတွက် အမေရိကန်က ဆော်သြခဲ့တယ်။

ဒါပေမဲ့ အခုအစီရင်ခံစာသစ်မှာကတော့ တရုတ်နိုင်ငံနဲ့ ဆက်ဆံရေးအတွက် အမေရိကန်ရဲ့ ကြိုတင်ပြင်ဆင်မှုကို ဖော်ပြမထား ဘဲ ပြိုင်ဆိုင်မှုရှိမှာဖြစ်ပေမယ့် မလွှဲမရှောင်သာ ထိပ်တိုက်တွေ့နိုင်ခြေကို အမေရိကန်က ပယ်ချထားကြောင်း ရှင်းရှင်းလင်း လင်း ဖော်ပြထားတယ်။ အရင်အစီရင်ခံစာမှာ တရုတ်က ပြည်တွင်းရေး ဝင်ရောက်စွက်ဖက်မှုအဖြစ် သဘောထားတဲ့ ထိုင်ဝမ် ပြဿနာနဲ့ ပတ်သက်လို့ ပြောဆိုခဲ့ပေမယ့် အခု ၂၀၁၅ အစီရင်ခံစာမှာကတော့ တရုတ်ကို ဆွပေးရာကျမယ့် အကဲဆတ်တဲ့ကိစ္စ တွေကို ကိုင်တွယ်ရာမှာ ပိုပြီးသတိထားလာတယ်။

တစ်ချိန်တည်းမှာပဲ တရုတ်နိုင်ငံနဲ့ ပူးပေါင်းဆောင်ရွက်မှုဟာ သူ့ရဲ့ အမျိုးသားလုံခြုံရေးအတွက် လျော်ကန်သင့်မြတ်တယ်လို့ ယုံကြည်လက်ခံမှုကို ခိုင်မာအောင် လုပ်ခဲ့တယ်။ အရင်မူက အပြန်အလှန်အကျိုးစီးပွားဆိုင်ရာ ကိစ္စရပ်တွေမှာ သဘောကွဲလွဲမှု တွေကြောင့်တော့ ပူးပေါင်းဆောင်ရွက်မှုကို အဟန့်အတားမဖြစ်စေသင့်ဘူးလို့ဆိုတယ်။ အခု ၂၀၁၅ အစီရင်ခံစာမှာတော့ အမေရိကန်ပြည်ထောင်စုဟာ နှစ်ဦးနှစ်ဖက်ကြား ပူးပေါင်းဆောင်ရွက်မှုကို အထူးအလေးထား ပြောကြားထားတယ်။

တရုတ်နိုင်ငံနဲ့ ပူးပေါင်းဆောင်ရွက်မှု အတိုင်းအတာဟာ မကြုံစဖူး ထူးကဲကျယ်ပြန့်လာခဲ့ပြီလို့ အမေရိကန်က ယုံကြည်ယူဆ တယ်။ နှစ်နိုင်ငံတို့ဟာ ရာသီဥတုပြောင်းလဲမှု၊ လူထုကျန်းမာရေး၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနဲ့ ကိုရီးယားကျွန်းဆွယ်ကို နျူကလီးယားကင်းစင်စေရေးလို ဒေသတွင်းနဲ့ ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုတွေကို မျှဝေဆောင်ရွက်ရေး ကြိုးပမ်းနေကြတယ်။ အထူးသဖြင့် ပူးပေါင်းဆောင်ရွက်မှုအတွက် အဓိကရ အောင်မြင်မှုတစ်ခု ဖြစ်တဲ့ ကာဘွန်လျှော့ချရေးအတွက် ထူးထူးကဲကဲ လုပ်ကိုင်ဆောင်ရွက်ဖို့ သဘောတူညီမှု ရခဲ့တာကို အမေရိကန်က အလေးပေးဖော်ပြခဲ့တယ်။

ဒါပေမဲ့ အမေရိကန်ပြည်ထောင်စုဟာ တရုတ်နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုနဲ့ ပတ်သက်လို့ ပိုပြီးသတိဝီရိယရှိလာခဲ့တာကတော့ အမှန်ပါပဲ။ အခုနောက်ဆုံး အစီရင်ခံစာထဲမှာ တရုတ်ရဲ့ “အာရှဒေသ နယ်ပယ်ချဲ့ထွင်မှု” ကို အနီးကပ်စောင့်ကြည့်ဖို့ ရည်မှန်းချက်ကို အမေရိကန်က ချမှတ်ထားပြီး တရုတ်နိုင်ငံဟာ ရေကြောင်းလုံခြုံရေးကနေ ကုန်သွယ်ရေးနဲ့ လူ့အခွင့်အရေး အထိရှိနေတဲ့ ကိစ္စရပ်တွေမှာ နိုင်ငံတကာစည်းမျဉ်းတွေနဲ့ ကျင့်ဝတ်တွေကိုလိုက်နာဖို့ မရမက တောင်းဆိုခဲ့တယ်။

အမေရိကန်ပြည်ထောင်စုဟာ တောင်တရုတ်ပင်လယ်နဲ့ အရှေ့တရုတ်ပင်လယ် ပြဿနာတွေနဲ့ ပတ်သက်တဲ့ သူ့ရဲ့ စိုးရိမ်ပူပန်မှု တွေကိုလည်း ပွင့်ပွင့်လင်းလင်းပဲ ဖော်ပြခဲ့ပြီး တင်းမာမှုတွေ ဖြစ်ရခြင်းအတွက် တရုတ်နိုင်ငံကို ပြစ်တင်ပြောဆိုခဲ့တယ်။ ပြဿနာတွေ ဖြေရှင်းရာမှာ ခြောက်လှန့်မှုတွေ ရှိနေတာကို အမေရိကန်က ပယ်ချခဲ့ပြီး တောင်တရုတ်ပင်လယ်ကိစ္စမှာ အရှေ့တောင် အာရှနိုင်ငံတွေ (အာဆီယံ) နဲ့ လိုက်နာရမယ့် စည်းမျဉ်းစည်းကမ်း တစ်ရပ် မြန်မြန်ဆန်ဆန် ချမှတ်နိုင်ဖို့ တရုတ်ကို ဖိအားပေးခဲ့တယ်။

ဒါ့ပြင် အမေရိကန်ပြည်ထောင်စုဟာ နယ်ပယ်သစ်တွေမှာ တရုတ်နိုင်ငံနဲ့ ပြိုင်ဆိုင်မှုကို ချဲ့ထွင်ခဲ့တယ်။ အိုဘားမားအစိုးရရဲ့ ဒုတိယမြောက် အမျိုးသားလုံခြုံရေး မဟာဗျူဟာထဲမှာ ဆိုက်ဘာလုံခြုံရေးပါတယ်။ ပုဂ္ဂလိကအနေနဲ့ဖြစ်စေ၊ အစိုးရအနေနဲ့ ဖြစ်စေ စီးပွားရေးအကျိုးအမြတ်အတွက် ကုန်သွယ်ရေးလျှို့ဝှက်ချက်တွေ ဆိုက်ဘာဖောက်ထွင်း ခိုးယူမှုအတွက် တရုတ်ကို အမေရိကန်က စွပ်စွဲခဲ့ပြီး လိုအပ်တဲ့ အရေးယူဆောင်ရွက်မှု တွေလုပ်ဖို့လည်း ခြိမ်းခြောက်ခဲ့တယ်။

အခြေအနေနဲ့ကိုက်ညီအောင် အဆင့်မြှင့်တင်ထားတဲ့ တရုတ်နဲ့ပတ်သက်တဲ့ အမေရိကန်ရဲ့ မဟာဗျူဟာ နားလည်မှုဟာ နှစ်နိုင်ငံကြားက လှုပ်ရှားမှုဆိုင်ရာ အပြောင်းအလဲတွေကို ထင်ဟပ်နေတယ်။ တစ်ဖက်မှာတော့ တရုတ်ရဲ့ တိုးတက်မှုကို အမေရိကန်က ဝန်ခံခဲ့ရတယ်။ တရုတ်နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို ပြင်ပသြဇာ သက်ရောက်မှုတွေနဲ့ မှောက်လှန်ပစ်ဖို့ ခဲယဉ်းတယ်ဆိုတာကို အမေရိကန်က သဘောပေါက်တယ်။ နိုင်ငံတကာ အရေးကိစ္စတွေမှာ တရုတ်ရဲ့အသံတွေ များပြား လာတာနဲ့အတူ အမေရိကန်မဟာဗျူဟာအပေါ်မှာ တရုတ်ရဲ့ သက်ရောက်မှုက ပိုလာမှာဖြစ်တယ်။ တရုတ်နဲ့ ထိပ်တိုက်ရင်ဆိုင်မှု ဒါမှမဟုတ် ပဋိပက္ခဖြစ်ပွားမှုဟာ အမေရိကရဲ့ လုံခြုံရေးနဲ့ လိုက်လျောညီထွေမဖြစ်ပါဘူး။

တခြားတစ်ဖက်မှာကျတော့ အမေရိကန်ဟာ တရုတ်ကို ပြိုင်ဘက်တစ်ဦးအဖြစ် ရှုမြင်နေတုန်းပဲ။ ကာလတစ်စုံ တစ်ခုအထိ အမေရိကန်အနေနဲ့ ကမ္ဘာမှာ တစ်ခုတည်းသော စူပါပါဝါနိုင်ငံအဖြစ် သူ့ရဲ့အဆင့်နေရာကို ထိန်းထားဦးမှာ ဖြစ်ပေမယ့်လည်း ဘက်ပေါင်းစုံ အခြေခံမူဘောင်တစ်ရပ်ကြောင့် အမေရိကန် ဦးဆောင်တဲ့ ဝင်ရိုးစုံကမ္ဘာတစ်ခုဟာ အစားထိုးဝင်ရောက်လာနေ ပပြီ။

ဒီဖြစ်စဉ်ကို အမေရိကန်ဟာ နှောင့်နှေးကြန့်ကြာအောင် ကြိုးစားဦးမှာဖြစ်ပါတယ်။ ချိန်ခွင်လျှာညှိရေး မဟာဗျူဟာဟာ တရုတ်ကို ပစ်မှတ်ထားတာ မဟုတ်ပါဘူးလို့ အမေရိကန်က ပြောပေမယ့်လည်း တကယ့် လက်တွေ့မှာတော့ တရုတ်ရဲ့ ကြီးထွားမှုကို ကိုင်တွယ်ဆက်ဆံဖို့အတွက် ရင်းမြစ်တချို့ကို အမေရိကန်က ဆက်လက်စည်းရုံး ဆော်သြနေပါတယ်။ အထူးသဖြင့်တော့ လုံခြုံရေး နယ်ပယ်ထဲမှာပါ။

အခြေခံအရဆိုရရင် အမေရိကန်သမ္မတ အိုဘားမားရဲ့ အမျိုးသားလုံခြုံရေး မဟာဗျူဟာဟာ ကမ္ဘာကြီးမှာ အမေရိကရဲ့ ခေါင်းဆောင်မှုအတွက် အသေးစိတ် စီမံချက်ပါ။ ၂၀၁၀ မဟာဗျူဟာ အစီရင်ခံစာက အမေရိကန် ခေါင်းဆောင်မှုကို ခိုင်မြဲအောင်လုပ်ရေး ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ နှစ်အနည်းငယ်အတွင်းမှာ အမေရိကဟာ စီးပွားဆုတ်ကပ်ကြီးထဲက လွတ်မြောက်အောင် လုပ်နိုင်ခဲ့ပြီး အီရတ်နဲ့ အာဖဂန်နစ္စတန်မှာ မြေပြင်စစ်ပွဲကြီးနှစ်ပွဲကို အဆုံးသတ်နိုင်ခဲ့ပါတယ်။

၂၀၁၅ အစီရင်ခံစာက “အမေရိကဟာ ခေါင်းဆောင်မှု ပေးကိုပေးရမယ်”လို့ နိဂုံးချုပ်ခဲ့တယ်။ တကယ်တော့ အမေရိကရဲ့ ခေါင်းဆောင်မှုဆိုတာ အငြင်းပွားစရာ စကားလုံးမဟုတ်ပါဘူး။ တရုတ်ကလည်း အမေရိကန် ခေါင်းဆောင်မှုကို စိန်ခေါ်ဖို့ ကြံရွယ်နေတာ မဟုတ်ပါ ဘူး။

ဒါပေမဲ့ ပြဿနာက ဒီမဟာဗျူဟာကို အကြွင်းသုည စိတ်နေသဘောထားပေါ်မှာ အခြေတည်ထားတာပါ။ ဒီနိုင်ငံဟာ သူ့ရဲ့လုံခြုံမှုကို တခြားနိုင်ငံတွေရဲ့ လုံခြုံမှုနဲ့ရင်းပြီး တည်ဆောက်နေတယ်။ ဒါက နိုင်ငံအားလုံး ရဲ့ အကျိုးစီးပွား ပေါင်းစုံပေါင်းဆုံစုစည်းရာ ကမ္ဘာကြီးရဲ့ ဦးတည်ချက်နဲ့ ဆန့်ကျင်နေပြီး ဒီလိုဖြစ်နေတာကလည်း အမေရိကရဲ့ လုံခြုံမှုအတွက် အကျိုးမဖြစ်ထွန်းပါဘူး။

အမေရိကန်ပြည်ထောင်စုအနေနဲ့ ကမ္ဘာကြီးရဲ့ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးမှာ တရုတ်နိုင်ငံရဲ့ အခန်းကဏ္ဍကို ဆင်ခြင်တုံ တရားနဲ့ နားလည်မှုရှိမယ်လို့ တော့ မျှော်လင့်ရတာပါပဲ။ ဒီနှစ် နိုင်ငံ ကြားအပြန်အလှန်ယုံကြည်မှု ခိုင်မာအားကောင်းပြီး ဘုံလုံခြုံမှု အယူအဆပေါ်မှာ အတူတွဲပြီး လုပ်ကြမယ်ဆိုရင် ဒါဟာ အကောင်းဆုံးဖြစ်မှာ ဖြစ်ကြောင်းပါ။

လူထွန်း

(မှတ်ချက်) ဤသဘောထားအမြင်ကို ရေးသားသူ Su Xiaohui သည် CSIS မှ နိုင်ငံတကာနှင့် မဟာဗျူဟာလေ့လာရေး ဒုတိယညွှန်ကြားရေးမှူး ဖြစ်ပါ သည်။

Ref : Why Is America’s New Security Strategy to Target China? By Su Xiaohui, The World Post.

Leave a Reply

Your email address will not be published.