မတ်လ ၆
လော့စ်အိန်ဂျလိစ်မြို့ ဆန်ကာမိုနီကာလေဆိပ်မှ ကိုယ်ပိုင်လေယာဉ်ငယ်တစ်စီးဖြင့် ပျံသန်းထွက်ခွာလာသော အသက် ၇၂ နှစ် အရွယ်ရှိ မင်းသားကြီး Harrison Fordသည် လေယာဉ်အင်ဂျင်စက်ချွတ်ယွင်းမှုကြောင့် အနီးရှိ ဂေါက်ကွင်းမြက်ခင်းပြင် သို့ အရေးပေါ် ဆင်းသက်မှုပြုခဲ့ရသည်။ Harrison Ford အား လေယာဉ်ထဲမှ ဆွဲထုတ်ကယ်တင်ပေးခဲ့သူ ဆရာဝန် Sanjay Khurana က မင်းသားကြီးသည် ကံကောင်းထောက်မလွန်း၍သာ အသက်ရှင်ခဲ့ရခြင်းဖြစ်ကြောင်း ပြောကြား ခဲ့သည်။
မတ်လ ၅ ရက်နေ့က ဖြစ်ပွားခဲ့သော လေယာဉ်အရေးပေါ် ဆင်းသက်မှုဖြစ်စဉ်၌ မျက်မြင်တွေ့ရှိခဲ့ရသော ကျောရိုးခွဲစိတ်ကု ဆရာဝန် Dr. Sanjay Khurana က လေယာဉ်သည် ခဲတစ်လုံးကဲ့သို့ အရှိန်ဖြင့် ထိုးကျလာသဖြင့် လေယာဉ်မောင်း နှင်သူမှာ ထိခိုက်ဒဏ်ရာ ပြင်းထန်စွာ ရရှိလိမ့်မည်ဟု စိုးရွံ့ခဲ့ကြောင်း၊ လေယာဉ်မှ ဆီများလည်း ယိုစိမ့်ထွက်လာနေရာ မီးလောင်မည်ကို စိုးရိမ်ခဲ့ရကြောင်း၊ Harrison Ford ကို ဆွဲထုတ်ကာ ကယ်တင်ချိန်တွင် စိမ့်ထွက်နေသော လေယာဉ်ဆီ များကို အမှိုက်သရိုက်များဖြင့် ဖုံးအုပ်စေခဲ့ရကြောင်း၊ ကယ်ဆယ်ရေးအဖွဲ့ ရောက်ရှိလာချိန်တွင် မင်းသားကြီးအား ရုတ်တရက် မမှတ်မိသော်လည်း ခဏအတွင်းမှာပင် သိရှိ သွားခဲ့ကြကြောင်း ပြောပြသွားခဲ့ သည်။
Dr. Khurana သည် ဂေါက်ကွင်းတွင် ကစားနေစဉ် ပေသုံးထောင်အမြင့်မှ ထိုးဆင်းလာသော လေယာဉ်အရေးပေါ် ဆင်းသက်မှုကို မျက်မြင်တွေ့ရှိခဲ့ရပြီး လေယာဉ်မှာ ကွင်းအမှတ်(၈)အနီးတွင် မြက်ခင်းပြင်ပေါ်သို့ ဆင်းသက်ခဲ့သည်။
ဆန်တာမော်နီကာ လေဆိပ်အဖွဲ့မှ Christian Fry ဆိုသူက အရေးပေါ် ဆင်းသက်မှုမှာ အလွန်လှပသေသပ်ပြီး ကောင်းစွာ လေ့ကျင့်ထားသည့် လေယာဉ်မှူးတစ်ဦး၏ မယုံကြည်နိုင်ဖွယ်ရာ စွမ်းဆောင်မှု ဖြစ်သည်ဟု ချီးကျူးပြောကြားခဲ့သည်။
Harrison Ford ၏ ဦးခေါင်းပိုင်းတွင် ထိခိုက်ဒဏ်ရာရရှိမှုများ ဖြစ်ခဲ့ရသော်လည်း အသက်အန္တရာယ် စိုးရိမ်ရသော အနေအထားတွင် မရှိကြောင်း သိရှိရပြီး Ford ၏ သားဖြစ်သူကလည်း ဖခင်ဖြစ်သူမှာ ထိခိုက်ဒဏ်ရာရသော်လည်း အခြေ အနေကောင်းကြောင်း အတည်ပြု ပြောကြားခဲ့သည်။
ဝ၂၇၊ BBC News