ဟောလိဝုဒ်ဇာတ်ကားများ ဝင်ငွေလျော့နည်းခဲ့သည့် သီတင်းပတ် Chappie ဇာတ်ကားက ရုံတင်ရက် ဝင်ငွေအကောင်းဆုံး ရရှိခဲ့

မတ်လ ၆

ဇာတ်ကားသစ် ရုံတင်ရက် သောကြာနေ့ (မတ်လ ၆ ရက်) တွင် ရုံပေါင်း ၃၂၀၁ ရုံ၌ ရုံတင်ပြသလာသော ဒါရိုက်တာ Neill Blomkamp ၏ စိတ်ကူးယဉ်သိပ္ပံ၊ ရဲစက်ရုပ် ရုပ်ရှင်ဇာတ်ကား Chappie က ရုံတင်ရက် ဝင်ငွေ အမေရိကန် ဒေါ်လာ ၄.၅ သန်းရရှိကာ ယခုသီ တင်းပတ်၏ ရုံတင်ရက် ဝင်ငွေ အကောင်းဆုံးဇာတ်ကား ဖြစ်ခဲ့သည်။ သို့ရာတွင် တောင်အာဖရိကသား ဒါရိုက်တာ Neill Blomkamp ၏ Chappieမှာ သူ၏ယခင်ဇာတ်ကားနှစ်ကားဖြစ်သော District 9 နှင့် Elysium တို့၏ ဝင်ငွေစံချိန်များကို ယှဉ်ပြိုင်နိုင်ခဲ့ခြင်း မရှိပေ။

Chappie ကို Imax ဒစ်ဂျစ်တယ်စနစ်၏ ပြည်ပဈေးကွက် ၅၃ နိုင်ငံ တို့တွင်လည်း ယခုသီတင်းပတ်ကုန်ရက်၌ ရုံတင် ပြသမည်ဖြစ်သည်။ Sony ရုပ်ရှင်လုပ်ငန်းနှင့် MRC ရုပ်ရှင်လုပ်ငန်းတို့က ကုန်ကျစရိတ် အမေရိကန်ဒေါ်လာ ၄၉ သန်း အကုန်အကျခံ ထုတ်လုပ်တင်ဆက်ခြင်းဖြစ်ပြီး မင်းသား Hugh Jackman နှင့် Dev Patel တို့ ပါဝင်သရုပ်ဆောင် ပေးထားကြသည်။

တောင်အာဖရိကနိုင်ငံ ဂျိုဟန်နက်စ်ဘာ့စ်မြို့၌ ဇာတ်အိမ်ဖွဲ့ထားသော Chappie ဇာတ်ကားတွင် ရဲစက်ရုပ် Chappieအဖြစ် Sharlto Copley က အသံဖြင့် သရုပ်ဆောင်ပေးထားသည်။ Chappie သည် စဉ်းစားနိုင်စွမ်းနှင့် ထိတွေ့ခံစားနိုင်စွမ်း ရှိသော ရဲစက်ရုပ်ဖြစ်သည်။ Chappie အတွက် ရိုက်ကူးရေးအချိန်များစွာမပေးနိုင်သော Hugh Jackman က လူဆိုးနေရာ မှာ ပါဝင်သရုပ်ဆောင်ပေးသည်။

ယခုသီတင်းပတ် ဇာတ်ကားသစ်ရုံတင်ရက်၏ ဒုတိယဝင်ငွေ အကောင်းဆုံးဇာတ်ကားနေရာကို ပြသဆဲဇာတ်ကားဖြစ်သော မင်းသား Will Smith ပါဝင်သရုပ်ဆောင်ပေးထားသည့် Focus ဇာတ်ကားက ရရှိသွားခဲ့ပြီး Fox Searchlight ရုပ်ရှင်လုပ်ငန်း၏ The Second Best Exotic Marigold Hotel ဇာတ်ကားမှာ ရုံပေါင်း ၁၅၇၃ ရုံတွင်သာ ရုံတင် ပြသခဲ့သော်လည်း ရုံတင်ရက် ဝင်ငွေ အမေရိကန်ဒေါ်လာ ၂.၇ သန်း ရရှိကာ ယခုသီတင်းပတ် ရုံတင်ရက်၏ တတိယမြောက် ဝင်ငွေ အကောင်းဆုံး ဇာတ်ကားဖြစ်ခဲ့သည်။

Marigold သည် ဒုတိယမြောက် ဇာတ်ကားတွဲဖြစ်ပြီး မူရင်းဇာတ်ကား ဒါရိုက်တာ John Madden ကပင် ပြန်လည်ရိုက်ကူးပေးထားပြီး မူရင်းသရုပ်ဆောင်များဖြစ်သည့် Patel, Judi Dench, Maggie Smith, Bill Nighy တို့ ပြန်လည်ပါဝင်သရုပ်ဆောင်ထားကြသည့်အပြင် Richard Gere နှင့် David Strathairn တို့က သရုပ်ဆောင်သစ်များအဖြစ် ပါဝင်သရုပ်ဆောင်လာကြသည်။

အခြားဇာတ်ကားသစ်တစ်ကား ဖြစ်သော Unfinished အမည်ရ ဇာတ်ကားမှာမူ သီတင်းပတ်ကုန်ရက် ပြီးဆုံးသည့်အချိန်မှသာ ဝင်ငွေ အမေရိကန်ဒေါ်လာ ငါးသန်းခန့် ရရှိနိုင်မည်ဖြစ်သဖြင့် သောကြာနေ့ ရုံတင်ရက်တွင် အဆင့်ရှစ်၌သာ ရပ်တည်နိုင်ခဲ့သည်။

ဝ၂၇၊ The Hollywood Reporter

Leave a Reply

Your email address will not be published.