လည်ပင်းအကျိတ်ကင်ဆာရောဂါ ခွေးဖြင့် အနံ့ခံစမ်းသပ်နိုင်မည်လား

မတ် ၈

သိပ္ပံပညာသည် တစ်နေ့တခြား တိုးတက်ပြောင်းလဲလျက်ရှိရာ ယခုအခါ ကင်ဆာရောဂါကို ခွေးများ ၏အကူအညီဖြင့် စမ်းသပ်နိုင်တော့မည်ဟု မျှော်လင့်ကြောင်း အမေရိကန်သုတေသနပညာရှင်များက ဆိုသည်။

ယခုလေ့လာမှုကို University of Arkansas For Medical Sciences မှ အဖွဲ့က ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ဖရန်ကီဟု အမည်ရသည့် ဂျာမန်ခွေးအမျိုးအစားတွင် စမ်းသပ်ခဲ့ခြင်းဖြစ်သည်။ လေ့လာမှုတွင် လည်ပင်းအကျိတ်ကင်ဆာ ဖြစ်ပွားသူနှင့် ကင်ဆာမရှိသူပေါင်း ၃၄ ဦး ပါဝင်ခဲ့ရာ ဖရန်ကီသည် ၃၀ ဦးအတွက် မှန်ကန်သော အဖြေပေးနိုင်ခဲ့သည်။ နှစ်ဦးမှာ ကင်ဆာမရှိသော်လည်း ဖရန်ကီက ရှိသည်ဟု မှားပေးခဲ့ပြီး အမှန်တကယ် ကင်ဆာရှိနေသူ နှစ်ဦးကို လွတ်သွားခဲ့သည်။

သို့သော်လည်း ရလဒ်အဖြေမှာ တိကျမှုများသည့်အတွက် သိပ္ပံပညာရှင်များအတွက် မျှော်လင့်စရာ ဖြစ်ခဲ့သည်။ လေ့လာမှုတွင် ပါဝင်သူများ၏ ဆီးနမူနာများကို ဖရန်ကီက အနံ့ခံပြီး ကင်ဆာရှိလျှင် အဆိုပါဆီးခွက်ရှေ့ ထိုင်ချလိုက်ကာ ကင်ဆာမရှိသူ၏ ဆီးဖြစ်လျှင် ဖရန်ကီက အဝေးသို့ထွက်သွားမည်ဖြစ်သည်။ ထိုသို့စမ်းသပ်ရခြင်းမှာ ခွေးများ၏ အံသြဖွယ် အနံ့ခံအာရုံကြောင့် ဖြစ်သည်။ ကင်ဆာဆဲလ်များသည် ပုံမှန်ဆဲလ်များနှင့်မတူဘဲ ထူးခြားသည့် အနံ့မျိုးထုတ်နေတတ်ပြီး ယင်းမှာ ဆဲလ်၏ ဓာတုဗေဒ ပြောင်းလဲမှုကြောင့်ဖြစ်သည်။ ခွေးများ၏ အနံ့ခံအင်္ဂါငယ်များသည် လူထက် ၁၀ ဆများပြီး ကင်ဆာဓာတ်ကြောင့် ဖြစ်သော ထူးခြားသည့်အနံ့ကို အာရုံခံနိုင်စွမ်းရှိသည်။ ယခင်လေ့လာမှုများတွင် လူသားတို့အား ထားရသည့် အဖော်မွန် ကောင်းဖြစ်သော ခွေးများသည် အဆုတ်ကင်ဆာနှင့် အူမကြီးကင်ဆာတို့အား ဖော်ထုတ်နိုင်ခဲ့သည့် ဥပမာများရှိခဲ့သည်။ ဖရန်ကီ၏ လည်ပင်းကင်ဆာကျိတ် ဖော်ထုတ်နိုင်မှုကိုကြည့်ပြီး အခြားကင်ဆာများအား ခွေးများကို အသုံးပြု၍ ရောဂါ စစ်ဆေးရှာဖွေရေးအကူအဖြစ် အသုံးပြုနိုင်တော့မည်လားဟု သိပ္ပံပညာရှင်များ မျှော်လင့်နေကြသည်။ အဘယ်ကြောင့်ဆို သော် လည်ပင်းကျိတ်ကင်ဆာကို စစ်ဆေးရာတွင် ဆဲလ်နမူနာယူရန် အသားစယူရပြီး လူနာများသည် စစ်ဆေးမှုကို စိုးရိမ်လေ့ရှိသည်။ အကယ်၍ ခွေးများကို ကင်ဆာစစ်ဆေးရေးတွင် အမှန်တကယ်အားထားရတော့မည်ဆိုလျှင် အသားစ ယူရန် စိုးရွံ့နေသူများအတွက် အထောက်အကူဖြစ်သွားနိုင်သည်ဟု သိရသည်။

ခွေးများ၏ အနံ့ခံအာရုံကို တုထားသည့် လျှပ်စစ်နှာခေါင်းသည် ဘက်တီးရီးယားပိုးတချို့ကို စုံစမ်းနိုင်သောကြောင့် ယင်းကို ခွေးများ၏ နှာခေါင်းအစား သုံးနိုင်ရန် အချို့လေ့လာသူများက မျှော်လင့်ထားကြသည်။ ခွေးများ၏ အနံ့ခံအင်္ဂါငယ်များ အကြောင်း လေ့လာခြင်းဖြင့် နောင်တစ်ချိန်တွင် ကင်ဆာရောဂါ စုံစမ်းရေးအတွက် ခွေးများကို လက်တွေ့ကျကျ အသုံးမပြု နိုင်လျှင်ပင် ယင်း၏ အာရုံအတိုင်း တုထားသည့် လျှပ်စစ်နှာခေါင်းဖြင့် ဖော်ထုတ်နိုင်တော့မည့် အလားအလာရှိသည်ဟု သိရသည်။ အီရတ်နှင့် အာဖဂန်ရှိ စစ်ခွေးများကို မိုင်းဗုံးရှာစေခြင်းထက် ကင်ဆာရောဂါရှာဖွေရေးတွင် အသုံးပြုလာနိုင်ရန် သိပ္ပံပညာရှင်များ မျှော်လင့်လျက်ရှိသည်။

ဝ၃၁၊ BBC News

Leave a Reply

Your email address will not be published.