ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိများဟူသည်

လူတွေ အလေးထားဖတ်ရှုသော စာအုပ်အမျိုးအစားများထဲတွင် အတ္ထုပ္ပတ္တိ စာအုပ်များသည် ထိပ်ပိုင်းထဲမှာ ပါဝင်ပါသည်။

ကျွန်တော်က ၁၉၇၀ ပြည့်လွန်နှစ်များအတွင်း ကြီးပြင်းလာသူဖြစ်ရာ ထိုစဉ်က ဗိုလ်ချုပ်အောင်ဆန်း၊ ကပ်စထရို၊ ချေဂွေ ဗားရား၊ မိုရှေဒါယန်၊ နာဆာ၊ အန်ဝါဆဒတ်နှင့် ယာဆာအာရာဖတ် စသော နိုင်ငံရေး၊ စစ်ရေး၊ အမျိုးသားရေးထိပ်ခေါင်များအကြောင်း စိတ်ဝင်တစား ဖတ်ခဲ့ရဖူးသည်။

ထိုစာအုပ်များမှာ မူရင်းစာရေးဆရာတစ်ယောက်က ရေးသားထားသည်ကို မြန်မာစာရေးဆရာ၊ သတင်းစာ ဆရာများက ဘာသာပြန်ဆိုထားသည်များ ဖြစ်သလို တချို့ကျပြန်တော့ မြန်မာစာရေးဆရာများက နိုင်ငံခြားစာအုပ်စာစောင် အတော် များများမှ ထုတ်နုတ်ကိုးကားပြီး ရေးသားပြုစုထားသည်များလည်း ပါဝင်ပါသည်။

ဘာပဲဖြစ်ဖြစ် လူကြီးလူကျယ် ပုဂ္ဂိုလ်များအကြောင်းကို ဖတ်ရှုရသည်က အလွန်စိတ်ဝင်စားစရာ ကောင်းပါသည်။ မြန်မာပြန် ဆိုသူများ၊ ပြုစုရေးသားသူများ၏ စာအရေးအသားကလည်း ပိုင်နိုင်ကောင်းမွန်လှသည်ဖြစ်ရာ စာအုပ်ကို ကိုင်လိုက်လျှင် လက်က မချချင်တော့ပါ။

ကျွန်တော် အထူးသဘောကျနှစ်ခြိုက်ပြီး တစ်ကြိမ်၊ နှစ်ကြိမ်မက ဖတ်ရှုဖြစ်သည့် အတ္ထုပ္ပတ္တိစာအုပ်များထဲတွင် ဗိုလ်ချုပ် အောင်ဆန်း၊ ကပ်စထရိုနှင့် ချေဂွေဗားရားတို့ကို အမှတ်တရ အရှိဆုံး။

သူတို့အကြောင်းကို ဖတ်ရသောအခါ သည်လိုကြီးမြတ်သည့် ပုဂ္ဂိုလ်ကြီးများဘဝ တစ်စိတ်တစ်ဒေသကို သိရသည်သာမက သူတို့ခေတ်၏ နောက်ခံအခြေအနေ၊ သူတို့တစ်တွေ လှုပ်ရှားရုန်းကန်ခဲ့ပုံ၊ စနစ်တစ်ခုကို တော်လှန်၍ စနစ်သစ်တစ်ခုကို တည် ဆောက်ယူပုံ၊ ခေတ်နှင့် ပြည်သူများ၏ နိုင်ငံရေးသဘောတရားနှင့် ခေါင်းဆောင်ပုဂ္ဂိုလ်များ၏ အတွေးအမြင်ဒဿနများကိုပါ ဆင်ခြင်ခွင့်ရခဲ့ပါသည်။

တစ်ခါတစ်ရံတွင် အတ္ထုပ္ပတ္တိစာအုပ်များထဲမှ သက်ရှိထင်ရှား ပုဂ္ဂိုလ်တချို့တို့သည် စာအုပ်များထဲမှာ ဖော်ပြခဲ့သည်များနှင့် လုံးဝဆန့်ကျင်ဘက် ပြဒါးတစ်လမ်း သံတစ်လမ်းလို ပြောင်းလဲကုန်သည်ကိုလည်း တွေ့ရပါသည်။ သည်အခါ သူတို့တစ်တွေ သည် အတ္ထုပ္ပတ္တိစာအုပ်ထဲက ပုဂ္ဂိုလ်ကြီး ဟုတ်မှဟုတ်ပါလေစဟုပင် သံသယဝင်မိပါသည်။

အကြောင်းရင်းကတော့ သူတို့သည်လည်း သူတို့က တော်လှန်ဖြုတ်ချပစ်လိုက်သော ယခင်ခေါင်းဆောင်ဟောင်း များလိုပင် အာဏာမှာ ယစ်မူးကုန်သောကြောင့်ပါ။ အာဏာဟူသည်ကား လူကို အလွန်ဖျက်ဆီးတတ်သည်ကိုး။

ထားတော့။ သည်နေရာမှာ ကျွန်တော်ပြောချင်သည့် နောက်ထပ်အရေးကြီးသော အကြောင်းအရာက ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိ (Autobiography) စာအုပ်များပါ။ ကာယကံရှင်ကိုယ်တိုင်က သူ့ဘဝဇာတ်ကြောင်းကို ပြန်ပြောပြတာဖြစ်သောကြောင့် ပို၍စိတ်ဝင်စားစရာ ကောင်းပါသည်။

ကျွန်တော့်စိတ်ထဲမှာ မှတ်မိနေသည်က ကမ္ဘာ့မဟာလက်ဝှေ့ကျော် The Greatest, My Own Story ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိ ဘာသာပြန်သည် ကျွန်တော်ဖတ်ဖူးသော ပထမဦးဆုံး ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိစာအုပ် ဖြစ်ပါသည်။

နိုင်ငံခြားမှာ များသောအားဖြင့် သည်လို ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိစာအုပ်များကို ကာယကံရှင်နှင့် စာရေးဆရာများ ပူးတွဲရေးသားတတ်ကြသည်။

ကာယကံရှင်ကိုယ်တိုင်ပါ၍ သူ့စိတ်ကူး၊ ခံစားချက်များ ပါဝင်သည်။ အချက်အလက် ပြည့်စုံခိုင်မာသည်။ အဓိကကျသည်က မည်သူမျှ မသိသေးသော၊ မသိနိုင်သော အကြောင်းရပ်များ၊ ကိစ္စများကို ကာယကံရှင်က ဖွင့်ချတတ်ပါသည်။ စာရေးဆရာနှင့် အတူတွဲရေးသည်ဖြစ်၍ စာရေးခြင်းအတတ်ပညာနှင့် ဖန်တီးခြင်းအားဖြင့် ဖတ်ကောင်းသောစာအုပ် ဖြစ်လာပါသည်။

မိုဟာမက်အလီသည်လည်း ထိုနည်းအတိုင်းပင် စာရေးဆရာတစ်ယောက်နှင့် ပူးတွဲရေးသားခဲ့ပါသည်။ ထိုစာအုပ်ကို မောင်ရဲဝင်းက “အကြီးကျယ်ဆုံး”၊ ကျော်တင့်က “အကြီးကျယ်ဆုံးကျွန်တော်” ဟူ၍ အသီးသီး ဘာသာပြန်ဆိုခဲ့ကြသည်။

ကျော်တင့်စာအုပ်တွင် လင်းယုန်မောင်မောင်က အမှာစာရေးထားပါသည်။ ဆရာက အတ္ထုပ္ပတ္တိစာအုပ်များအနက် ကိုယ်တိုင် ရေး အတ္ထုပ္ပတ္တိများကို သူပိုကြိုက်သည်။ အကြောင်းမှာ ရိုးရိုးအတ္ထုပ္ပတ္တိစာအုပ်များ၌ စာအုပ်ပြုစုသူများက သူတို့ပြုစုရေး သားသည့် ပုဂ္ဂိုလ်၏ အားသာချက်များ၊ ကောင်းကြောင်းများကိုပဲ ဇောင်းပေးရေးသားတတ်ကြသောကြောင့် ဖြစ်ပါသည်။

ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိများတွင်မူ ကာယကံရှင်က ပုထုဇဉ်ပီပီ သူ့ကောင်းကြောင်းများကို ရေးစေကာမူ သူ့အားနည်းချက်၊ ညံ့ဖျင်းချက်များနှင့် မှားယွင်းသော လုပ်ရပ်များကိုပါ မထိမ်ချန်ဘဲ သတ္တိရှိရှိ ထုတ်ဖော်ရေးသားတတ်ကြောင်း လင်းယုန်မောင် မောင်က မိုဟာမက်အလီစာအုပ် အမှာစာမှာ ဖော်ပြခဲ့ပါသည်။

သည့်အတွက် ဥပမာကိုလည်း ဆရာက ဖော်ပြခဲ့ပါသည်။ အလီသည် နောက်ပိုင်းတွင် အစ္စလာမ်ဘာသာသို့ ကူးပြောင်းသွားသူ ဖြစ်ပါသည်။ အစ္စလာမ်တွင် တရားဝင်ထိမ်းမြားခြင်းမရှိဘဲ အမျိုးသား၊ အမျိုးသမီး ကာမစပ်ယှက်ခြင်းကို တင်းကြပ်စွာတားမြစ်ထားသည်။

သူ့အတ္ထုပ္ပတ္တိစာအုပ်တွင် အလီက သူသည် ငယ်စဉ်က လက်ဝှေ့ပွဲတစ်ပွဲ မရှုမလှရှုံးခဲ့ကြောင်း၊ ထိုပွဲမတိုင်မီတွင် သူသည် လက်ဝှေ့စည်းကမ်းကို မလိုက်နာဘဲ အပျော်ကြူးခဲ့ကြောင်း၊ ပြည့်တန်ဆာတစ်ဦးနှင့်လည်း ပျော်ပါးမိ ကြောင်း ဘွင်းဘွင်း ဝန်ခံထားပါသည်။ သည်လိုအကြောင်းအရာမျိုးကို ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိများမှာပဲ တွေ့နိုင်ကြောင်း ဆရာက မှတ်ချက်ပေးခဲ့ပါသည်။

မှန်ပါသည်။ ကျွန်တော် ဗိုလ်ချုပ်အောင်ဆန်း၏ ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိကို ဖတ်ရသောအခါ၌လည်း ဗိုလ်ချုပ်က ပွင့်ပွင့် လင်းလင်း ရေးထားခဲ့သည်များကို တွေ့ရပါသည်။

ဥပမာ နှစ်ခုမျှ ဖော်ပြချင်ပါသည်။ သူငယ်စဉ်က ဗိုလ်ချုပ်သည် သူ့ကိုယ်သူ သတ္တိရှိသည်ဟု ခံယူထားသည်။ သူ့ဖခင်က ခေါင်း ရိတ်ပေးသောအခါ နာသော်လည်း သူမငို။ ကြိတ်ခံသည်။ သို့သော် တစ်ခါတွင် ရန်ဖြစ်ရာ တစ်ယောက်က သူ့ကို ခုံဖိနပ်နှင့် ပေါက်လိုက်၍ ခေါင်းပေါက်ပြီး သွေးများကျလာသည်ကို စမ်းမိလေသည်။ ထိုအခါ “ကျွန်တော် ငိုလေတော့သည်၊ သတ္တိ ခေသွားလေတော့သည်” ဟု ရေးခဲ့ပါသည်။

နောက်တစ်ခုက သူလူပျိုပေါက်အရွယ် ရေနံချောင်းအမျိုးသားကျောင်းမှ ခြောက်တန်းအောင်၍ ခုနစ်တန်းအဝင် ကျောင်း အပြန်မှာဖြစ်၏။ နတ်မောက်သို့အပြန် မကွေး၌ အပျိုပေါက်ခပ်ချောချော မိန်းကလေးတစ်ယောက် ရှိသော အိမ်မှာ တည်းရသည်။ လူပျိုပေါက် ဗိုလ်ချုပ်က ရှက်နေ၍ ညအိပ်ခါနီး ဆီးမသွားဖြစ်ခဲ့။ သို့ဖြင့် ညအိပ်ရာထဲ ဆီးသွားချတော့သည်။

သည်လိုအရေးအသားများသည် ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိ၏ အနှစ်အသားပင်ဖြစ်ပါသည်။

စစ်ဗိုလ်ချုပ်ကြီးဘဝမှနေ၍ ကမ္ဘာမှာ သြဇာအလွန်ကြီးသော အမေရိကန်နိုင်ငံခြားရေးဝန်ကြီးရာထူးအထိ တက်လှမ်းခဲ့သူ ကောလင်းပါဝယ်ကလည်း စာရေးဆရာတစ်ယောက်နှင့်တွဲကာ My American Journey (ကျွန်ုပ်၏ အမေရိကန်ခရီး) ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိ ရေးသားခဲ့ပါသည်။ ယင်းကို အမေရိကန်သံရုံး ပြန်ကြားရေးဌာနက ဘာသာပြန်ကာ ၂၀ဝ၂ ခုနှစ်တွင် ထုတ်ဝေခဲ့ပါသည်။

အဆိုပါစာအုပ်မှာလည်း ပါဝယ်က သူ၏ ညံ့ဖျင်းချက်ကြီးတစ်ခုကို မကွယ်မဝှက် ဝန်ခံဖော်ပြထားသည်။ အထက်အရာရှိက သူ့အား အရေးကြီးတာဝန်တစ်ရပ်အဖြစ် အဏုမြူအမြောက်ကြီးတစ်လက်ကို စောင့်ကြပ်ရန် တာဝန်ပေးလိုက်ပါသည်။

သူလည်း ဒဿမ ၄၅ ပစ္စတိုကို ကျည်ထည့်ကာ ဂျစ်ကားပေါ် ခုန်တက်လိုက်ပါသွားခဲ့သည်။ သိပ်မကြာခင် သေနတ်ကို စမ်းကြည့်မိတော့ သူ့သေနတ် မရှိတော့။

“သေနတ်တစ်လက် ပျောက်ဆုံးတယ်ဆိုတာ စစ်တပ်မှာ သိပ်ကို ကြီးလေးတဲ့အပြစ်ပါ” ဟု သူက ရေးသားထားပါသည်။

နောက်တော့ သူ့အရာရှိက ထိုပစ္စတိုကို တွေ့ရှိပြီး သူ့ကိုခေါ်ကာ ပြန်လည်ပေးအပ်ခဲ့ပါသည်။ အရာရှိက သူ့ကို အရေးမယူပါ။ ပစ္စတိုကို ရွာထဲမှ ကလေးတစ်သိုက်ကောက်ရပြီး လက်တည့်စမ်း ပစ်ခတ်သံကြား၍ သူသွားယူခဲ့ကြောင်း၊ နောက်နောင် သည်လို မဖြစ်စေနဲ့ဟု မှာသွားသည်။ မည်မျှ ကျောချမ်းစရာ ကောင်းသနည်း။

သို့သော် ပါဝယ်က သူ့သေနတ်ကို စစ်ကြည့်တော့ ကျည်မလျော့။ အရာရှိက သေနတ်ပျောက်ဆုံးခြင်းသည် မည်မျှအန္တရာယ် ကြီးကြောင်း သူသဘောပေါက်အောင် တမင်လုပ်ဇာတ်ခင်းပြီး ဆုံးမသွားခြင်းဖြစ်ပါသည်။

ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိကောင်းများ၏ နောက်အားသာချက်တစ်ခုက သူတို့ဘဝမှာ၊ အလုပ်မှာ ကြုံတွေ့ခဲ့ရသော အရေးကြီး ကိစ္စရပ်များ၊ သာမန်လူတို့ ဝန်မခံဝံ့သော အမှားအယွင်းများကို နောက်လူတို့ သင်ခန်းစာယူနိုင်အောင် မကွယ်မဝှက် မှတ်တမ် တင် ဖော်ပြခဲ့ခြင်းဖြစ်ပါသည်။

ဥပမာတစ်ခုကို ကောလင်းပါဝယ် စာအုပ်မှပင် ကောက်နုတ်ဖော်ပြချင်ပါသည်။ နျူကလီးယားလက်နက်များ ဖျက်သိမ်းရေးနှင့် ပတ်သက်၍ အရေးကြီး ထိပ်သီးဆွေးနွေးပွဲတစ်ရပ်ကို အမေရိကန်နှင့် ဆိုဗီယက်ပြည်ထောင်စု အကြား ကျင်းပရာ ပါဝယ်က အမျိုးသားလုံခြုံရေး အကြံပေးအရာရှိအဖြစ် ပါဝင်တက်ရောက်ခဲ့ရသည်။

သည်လို ဆိုဗီယက်သမ္မတ မစ်ခေးဂေါ်ဘာချော့နှင့် အရေးတကြီးဆွေးနွေးပွဲ၌ သမ္မတရော်နယ်ရေဂင်က ဘာမှပြင်ဆင်မထားခဲ့၍ ပြက်လုံးတွေပဲ ထိုင်ထုတ်နေခဲ့ရရာ မျက်နှာပျက်စရာ ဖြစ်ခဲ့ရပုံအကြောင်းကို ရေးသားထားပါသည်။

စင်စစ် ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိများကို အများက စိတ်ဝင်စားကြသည်၊ ဖတ်ရှုကြသည်ဆိုခြင်းမှာ အဓိကက အထက်မှာ ဆိုခဲ့ သလို ထိုပုဂ္ဂိုလ်၏ လူအများမသိသေးသော ဥပဓိရုပ်နှင့် ယခင်က လူသိမခံဝံ့သော အတွင်းရေးများကို သိလို၍ ဖြစ်ပါသည်။ ထိုသူ၏ ဘုန်းတော်ဘွဲ့များကို မဟုတ်ပါ။

သည်အချက်များနှင့် ပြည့်စုံမှလည်း ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိကောင်းဟု ပြောနိုင်မည်ဖြစ်သလို စာဖတ်သူအတွက် လည်း ဖတ်ရကျိုးနပ်ပေလိမ့်မည်။

ထင်အောင်ကျော်

Leave a Reply

Your email address will not be published.