ဖက်ဒရယ်စနစ်မရှိလျှင် မှောင်ခိုစီးပွားရေး ဆက်ရှိနေမည်ဟု ဆို အာဏာချုပ်ကိုင်မှုကြောင့် တိုင်းရင်းသားများ နစ်မွန်းနေရခြင်းဟု သုံးသပ်

နှစ်ပေါင်းများစွာ စစ်အာဏာရှင်စနစ်ဖြင့် အုပ်ချုပ်ခဲ့သော မြန်မာနိုင်ငံတွင် ၂၀ဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပေါ်ပေါက်လာသော ၂၀၁၀ ရွေးကောက်ပွဲကာလများ၌ ပါတီနိုင်ငံရေးမှာ အသက်ဝင်လှုပ်ရှားလာခဲ့သည်။ စစ်အုပ်ချုပ်ရေးမှ အရပ်ဘက်အုပ်ချုပ်ရေးသို့ ရွေ့လျားနေရာတွင် ပါတီများ၏ နိုင်ငံရေးလှုပ်ရှားမှုများလည်း ပါဝင်နေပြီဖြစ်သည်။ ပါတီနိုင်ငံရေးဆိုသည်မှာ အမျိုးသားအကျိုးစီးပွားဖြစ်တည်ရန်အလို့ငှာ အယူအဆ တူသူများ စုပေါင်းဖွဲ့စည်း၍ သက်ဆိုင်ရာ မူဝါဒများကို ချမှတ်ဆောင် ရွက်ကြခြင်းပင်ဖြစ်သည်။ ၂၀၁၅ ပါတီစုံ အထွေထွေရွေးကောက်ပွဲတွင် ပါတီများ ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး ထိုအထဲမှ NDF ပါတီ၏ နိုင်ငံရေးဆိုင်ရာ မူဝါဒများနှင့် ရပ်တည်ချက်များကို ဖော်ပြပေးမည်ဖြစ်ပါသည်။

NDF ပါတီသည် ၂၀၁၀ အထွေထွေရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခဲ့ရာ အမျိုးသားလွှတ်တော်တွင် ၂ နေရာ၊ ပြည်သူ့ လွှတ်တော်တွင် ၄ နေရာ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်တွင် ၂ နေရာ၊ စုစုပေါင်း ၈ နေရာ အနိုင်ရရှိထားသည်။ ၂၀၁၅ ရွေးကောက်ပွဲ၌ ပြည်သူ့လွှတ်တော်တွင် ၁၀၇ နေရာ၊ အမျိုးသားလွှတ်တော်တွင် ၅၈ နေရာနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်တွင် ၁၀၇ နေရာ ပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။

NDF ၏ နိုင်ငံရေးမူဝါဒ

လက်ရှိဖြစ်ပေါ်နေသော လူမှုအကျပ်အတည်းမှ လွတ်မြောက်နိုင်ရန်အတွက် NDF ပါတီ၏ နိုင်ငံရေးမူဝါဒမှာ ဆိုရှယ်လစ် ဘရယ်လစ်ဇင် လူမှုအခြေပြု လွတ်လပ်သော မူဝါဒကို ချမှတ်ထားသည်။

ထိုမူဝါဒ ချမှတ်ထားခြင်းနှင့် ပတ်သက်၍ NDF ပါတီ၏ ဥက္ကဋ္ဌ ဦးခင်မောင်ဆွေက “မြန်မာလူ့အဖွဲ့အစည်းက လစ်ဘရယ် ဒီမိုကရေစီဆိုတဲ့ တစ်ဦးချင်းလွတ်လပ်ခွင့် အမြင့်ဆုံးကို ရောက်အောင်သွားနိုင်တဲ့ လူ့အဖွဲ့အစည်း ဖြစ်နေသလား၊ အဲဒီလောက် လွတ်လပ်မှုကို ခံယူနိုင်တဲ့ အနေအထားရှိသလားဆိုတော့ မရှိဘူးဆိုတာ သွားတွေ့ရတယ်။ လစ်ဘရယ် ဒီမိုကရေစီကို သွားမယ်ဆိုရင် စိတ်ကူးယဉ်တာပဲရှိမယ်။ ဒီတော့ လူ့အဖွဲ့အစည်းကို အထိန်းအကွပ်လေးနဲ့သွားမယ့် ဆိုရှယ်လစ် ဘရယ်လစ်ဇင်ဆိုတဲ့ လူမှုအခြေပြု လွတ်လပ်တဲ့ မူဝါဒနဲ့သွားမယ်” ဟု ပြောသည်။

လစ်ဘရယ်ဒီမိုကရေစီစနစ်ကို ဥရောပ၊ အမေရိကရှိ နိုင်ငံများတွင် ကျင့်သုံးကြခြင်းဖြစ်ပြီး သေနတ်ကိုင်ဆောင်ခွင့်၊ မူးယစ်ဆေးသုံးစွဲခွင့်နှင့် လိင်ပိုင်းဆိုင်ရာ လွတ်လပ်ခွင့် စသည့် တစ်ဦးချင်းလွတ်လပ်ခွင့် အစွမ်းကုန်မြင့်မားသော စနစ် ဖြစ်သည်။ ဝင်ငွေမှ ၃၀% သို့ ၅၀% ကို အခွန်ပေးဆောင်ခြင်းဖြင့် အစိုးရက ထိန်းချုပ်ထားသည်ဟု သိရသည်။

“နော်ဝေတို့၊ ဆွီဒင်တို့မှာ ဆေးကုသမှု အလကား။ ကျောင်းတက်ချင်သလား အလကားရတယ်။ ကျောင်းဆရာကအစ ဒေါက်တာဘွဲ့ရတွေပေါ့။ သူတို့ အစိုးရက လွတ်လပ်ခွင့်ပေးပြီး အခွန်နဲ့ထိန်းချုပ်တာ။ နောက်ပြီး သူ့ရဲ့ကျင့်စဉ်က သည်းခံ၊ စိတ်ရှည်ပြီး အများနဲ့စုပေါင်းလုပ်ရတာ။ ညှိနှိုင်းရတဲ့ အဖြေကို မျှဝေခံစားရတာ။ အများစုဆန္ဒနဲ့သွားတယ်ဆိုပေမယ့် အနည်းစု ဆန္ဒသဘောဟာ အမှန်ဖြစ်လာရင် လက်ခံကျင့်သုံးရတာ။ ငါတကော ကောနေတဲ့ ဒီလူ့အဖွဲ့အစည်းက ဘယ်လိုမှ ဒီစနစ်နဲ့ မကိုက်သေးဘူး” ဟု ဦးခင်မောင်ဆွေက လက်ရှိ မြန်မာနိုင်ငံအခြေအနေနှင့် လူ့အခွင့်အရေး အမြင့်ဆုံးရသည့် လစ်ဘရယ် ဒီမို ကရေစီတို့ မကိုက်ညီပုံကို ရှင်းပြခဲ့သည်။

မြန်မာနိုင်ငံတွင် ဆင်းရဲ၊ ချမ်းသာကွာဟမှုကို ထိန်းချုပ်နိုင်ခြင်း မရှိသည့်အပြင် ကိုယ်ပိုင်အင်အားနှင့် စီးပွားရေးလုပ်ငန်း များကို ထူထောင်နိုင်စွမ်းရှိသော လူလတ်တန်းစားပါ ပျောက်ဆုံးနေခြင်းဖြစ်ကြောင်း၊ ထို့ပြင် ပညာရေချိန်နိမ့်ပါးကာ အလုပ် အကိုင်နှင့် စီးပွားရေးအခွင့်အလမ်းများလည်း နည်းပါး၍ လူ့အဖွဲ့အစည်းအတွင်း လူမှုစီးပွားဒုက္ခများနှင့် ရင်ဆိုင်နေရဆဲ ဖြစ်ကြောင်း သိရပါသည်။

NDF ၏ စီးပွားရေးဆိုင်ရာ မူဝါဒ

လက်ရှိတွင် အစိုးရက ချုပ်ကိုင်ထားသော လက်ဝါးကြီးအုပ် စီးပွားရေးမှ သည် ဈေးကွက်အခြေပြု ရောပြွမ်းစီးပွားရေးစနစ်သို့ ရောက်အောင်သွားမည် ဖြစ်ကြောင်း ပြောရာမှာ-

“စီးပွားရေးက မြန်မာနိုင်ငံမှာ ဘီလ်ဂိတ်မရှိသေးဘူး။ နိုင်ငံကျော်ကုမ္ပဏီကြီးတွေလည်း မရှိသေးတော့ စီးပွားရေးကို ရောပြွမ်းထားရမယ်။ အရင်းအနှီးကြီးတဲ့ စီးပွားရေးကို အစိုးရနဲ့ နိုင်ငံတကာ တွဲလုပ်လို့ရတယ်။ Small and medium skill enterprise SME တွေကျတော့ အရင်းနည်းတယ်။ အရေအတွက်များတယ်။ အဲဒီတော့ ရောပြွမ်းထားရမယ်။ ဒါမှ စားသုံးသူဈေးကွက် ကြီးမားလာမယ်။ ဈေးကွက်ကို မှီပြီးတော့ အလုပ်တွေပေါ်လာမှ စီးပွားရေးသံသယဟာ အကောင်း ဘက်ကို လည်သွားမယ်” ဟု အရင်းအနှီး စိုက်ထုတ်နိုင်မှု မရှိသေးသည့်အပြင် အခွင့်အလမ်းမရှိသေးသည့် ယနေ့ကာလတွင် ရောပြွမ်းစီးပွားရေးစနစ်နှင့်သာ သင့်လျော်ကြောင်း ယင်းကပြောသည်။

မြန်မာနိုင်ငံတွင် ၁၉၈၈ ခုနှစ် ဒီမိုကရေစီ တောင်းဆိုရေးကာလမှစကာ အစိုးရက ဈေးကွက်စီးပွားရေးဟု ကြွေးကြော်ခဲ့သော် လည်း ဗဟိုချုပ်ကိုင် စီးပွားရေးစနစ်ဖြင့် ကျင့်သုံးနေဆဲဖြစ်ကြောင်းလည်း သိရပါသည်။

NDF ၏ အမျိုးသားရေးမူဝါဒ

နိုင်ငံသားပြည်သူအားလုံး၏ ကိစ္စရပ်ဖြစ်သည့် အမျိုးသားရေးသည် အဓိကကျပြီး လူ့အခွင့်အရေးနှင့်ယှဉ်လျှင် အမျိုးသား ရေးကို NDF က ဦးစားပေးဆောင်ရွက်မည်ဖြစ်သည်။

“အမျိုးသားရေးပြဿနာက နိုင်ငံတိုင်းမှာရှိတယ်။ နိုင်ငံတိုင်းဟာ သူတို့နိုင်ငံကို လူ့အခွင့်အရေးနဲ့ အုပ်ချုပ်နေတာမဟုတ်ဘူး။ အမျိုးသားအကျိုးစီးပွားနဲ့ အုပ်ချုပ်တာ” ဟု ယင်းက ဆိုသည်။

NDF ပါတီ၏ ဖက်ဒရယ်ပြည်ထောင်စုအပေါ် သဘောထားမှာ တိုင်းရင်းသားများ ကိုယ့်ဘဝကိုယ် ဖန်တီးခွင့်ရရန်၊ ကိုယ့်ဒေသကိုယ် စီမံခွင့်ရရန်၊ ကိုယ့်လွှတ်တော်တွင် ဥပဒေများပြဋ္ဌာန်း၍ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရန် အရေးအကြီးဆုံး ဖြစ်သည့် ဖက်ဒရယ်စနစ်ရှိရန် အရေးကြီးကြောင်း သိရပါသည်။

“ဖက်ဒရယ်စနစ်မရှိရင် မှောင်ခိုစီးပွားရေး ဆက်ရှိနေမယ်။ ဆက်ဆင်းရဲနေပြီး ဈေးကွက်စီးပွားရေးကို မရောက်နိုင်ဘူး။ အဆိုးကျော့နေမှာပဲ။ အာဏာချုပ်ကိုင်မှုကြောင့် တိုင်းရင်းသားတွေ နစ်မွန်းနေတာ” ဟု ယင်းကဆိုသည်။

လက်ရှိကျောင်းသားသပိတ်အပေါ် NDF ၏အမြင်

လက်ရှိဖြစ်ပေါ်နေသော ဒီမိုကရေစီအမျိုးသားပညာရေး တောင်းဆိုဆန္ဒပြပွဲများအပေါ် ဦးခင်မောင်ဆွေက ဆန္ဒပြပွဲများ၏ ရည်ရွယ်ချက်သည် ပညာရေးဥပဒေ ပေါ်ပေါက်လာစေရန်သာဖြစ်သင့်ပြီး လွှတ်တော်မှ ယင်းဥပဒေပြင်ဆင်မှု ဖြစ်စဉ်ကို မစောင့်ဘဲ ဆန္ဒစောနေခြင်းသည် မရင့်မှည့်ခင် ရိတ်သိမ်းသည့် အလုပ်မျိုးနှင့်တူနေကြောင်း၊ ကျောင်းသားများအနေဖြင့် ညှိနှိုင်းဆွေးနွေးမှုကို လက်မလွှတ်သင့်ကြောင်း ပြောသည်။

“စစ်အုပ်ချုပ်ရေးဆိုရင်တော့ တစ်မျိုးပေါ့ဗျာ။ အခုဟာက လွှတ်တော်ပေါ်လာပြီ၊ လူထုအုပ်ချုပ်ရေးလည်း ဖြစ်လာပြီ။ ဥပဒေကြမ်း တင်သွင်းတာကို စောင့်ကြည့်ပြီး လိုအပ်ရင် ထပ်ညှိနှိုင်းရမှာ။ အခုကျတော့ ပြည်သူတွေမှာလည်း သည်း ထိတ်ရင်ဖိုဖြစ်ရတယ်။ မိဘတွေလည်း ခံစားရတယ်။ နားမလည်တဲ့ ကျောင်းသားတွေမှာလည်း ဘာမှန်းမသိဘဲနဲ့ အရှုပ် အထွေးကြီးထဲမှာ အနှောင့်အယှက်ဖြစ်ရတာပေါ့” ဟု ယင်းက ဆိုသည်။ NDF ပါတီတွင် ပါတီဝင်အင်အား လေးသောင်း ကျော်ရှိပြီး မြို့နယ်ရုံးပေါင်း ၁၆၀ ကျော်ရှိသည်ဟု သိရသည်။ ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်မည့်သူ၏ အရည် အချင်းအဖြစ် နိုင်ငံအပေါ် သစ္စာရှိသူ၊ ပါတီအလံတော်အောက်ကနေ နိုင်ငံ့အကျိုးဆောင်ရွက်မည့်သူ၊ နိုင်ငံရေးကို လေ့လာ သိရှိနိုင်စွမ်းရှိသူ၊ မီဒီယာနဲ့ ထိတွေ့ဆက်ဆံနိုင်သူ၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးအပေါ် စိတ်ဝင်တစားရှိသောသူများ ဖြစ်ရ မည်ဟု သတ်မှတ်ထားကြောင်းသိရသည်။ ရွေးကောက်ပွဲမတိုင်ခင် ၂ လလောက်အလိုတွင် အပြင်းအထန် မဲဆွယ်သွားမည်ဖြစ် ကြောင်းသိရသည်။

ပါတီ၏ အောင်နိုင်ရေးအသံမှာ “ဒီခေတ်ကြီးကို ပြောင်းပစ်ဖို့ ခမောက်မဲကို ထည့်ကြစို့” ဟူသည့် ကြွေးကြော်သံဖြစ်ကြောင်း သိရပါသည်။

ဝ၆၇

Leave a Reply

Your email address will not be published.