ရန်ကုန်မြို့ဆီ မပျံသန်းနိုင်တော့တဲ့ ဒေါင်းငှက်များ

ရန်ကုန်မြို့ဆီကို ဦးတည်ချီတက်ဖို့အတွက် မတ်လ ၁၀ ရက်နေ့ နံနက် ၁၀ နာရီအထိ စောင့်ဆိုင်းခဲ့ကြတဲ့ ပဲခူးတိုင်းဒေသကြီး၊ လက်ပံတန်းမြို့နယ်က ဒီမိုကရေစီပညာရေးကျောင်းသားသပိတ်(ပင်မ)စစ်ကြောင်းရဲ့ ခွပ်ဒေါင်း အိပ်မက်များ ရိုက်ချိုးချေဖျက်ခြင်းခံခဲ့ရပါတယ်။

ဖြစ်စဉ်အစ…..

ပဲခူးတိုင်းဒေသကြီး နယ်/လုံဝန်ကြီးနဲ့ NNER ၊ ကျောင်းသားတွေ မတ်လ ၁၀ ရက်နေ့ နံနက်ပိုင်းက တွေ့ဆုံ ဆွေးနွေးခဲ့ပြီး ရန်ကုန်မြို့ကို ကားတွေနဲ့ ဝင်ရောက်ဖို့ သဘောတူညီခဲ့ကြပေမယ့်လည်း တာဝန်ရှိသူတွေဘက်က တောင်းဆိုချက်က သပိတ်စစ်ကြောင်းအသွင်နဲ့ ခွပ်ဒေါင်းအလံတွေ၊ နဖူးစည်းတွေ အသုံးမပြုဖို့၊ ရန်ကုန်မြို့ကို ချီတက်တဲ့နေရာမှာ စစ်ကြောင်းပုံစံနဲ့မဟုတ်ဘဲ ကားတစ်စီးချင်းစီခြားပြီး ချီတက်စေမယ်၊ မူလထိုင်သပိတ်နေရာ နဲ့ လက်ပံတန်းမြို့၊ တာဆုံကို ငါးယောက်တစ်ဖွဲ့စီသာ လမ်းလျှောက်ခွင့်ပြုမယ်ဆိုတာတွေဟာ အခုပြဿနာရဲ့ အစဦးဖြစ်စဉ်တစ်ခုပဲ ဖြစ်ပါတယ်။

အဲဒီအချက်တွေကို ကျောင်းသားတွေက လက်မခံဘဲ တာဝန်ရှိသူတွေကို နံနက် ၁၁ နာရီ ၄၅ မိနစ်အချိန်အထိ လိုက်လျောပေးဖို့ တောင်းဆိုခဲ့တာ မရခဲ့လို့ ပိတ်ဆို့ထားတဲ့ လုံခြုံရေးအရံအတားတွေကို တွန်းထိုးပြီး ဖောက်ထွက် ဖို့ လုပ်ဆောင်လာခဲ့ကြပါတယ်။

အခြေအနေတွေက ရုတ်တရက် ဆန့်ကျင်ဘက်ကို ပြောင်းလဲသွားပါတယ်။ ပျော်ရွှင်မှုတွေပျောက်ပြီး စိုးရိမ်မှုရေချိန်တွေ မြင့်တက်ခဲ့ရတယ်။

ဘယ်လိုဖြစ်ခဲ့ကြသလဲ…..

တကယ်တော့ မတ်လ ၁၀ ရက် အခြေအနေတွေကို မြေပြင်ကွင်းဆင်းပြီး သတင်းယူနေတဲ့ သတင်းထောက်ညီငယ် တစ်ယောက် ပြန်ပြောတာကို သေချာ တွေးရင် စိတ်ဝင်စားစရာ ကောင်းနေပါတယ်။ သူက လက်ပံတန်းသပိတ် နေရာကို ရောက်သွားကာစမှာ ရဲမှူးတစ်ယောက်က “ဒီနေ့မှ ရောက်လာတာလား။ အစစအရာရာ သတိထားပြီး နေပေါ့ကွာ။ မင်း ၂၀ဝ၇ တုန်းက ဂျပန်သတင်းထောက် ကြီးကို မှတ်မိရဲ့ မဟုတ်လား”လို့ နှုတ်ခွန်းဆက်ခဲ့တာ ပါတဲ့။ ဒါပေမဲ့ အဲဒီအချိန်မှာ သတင်းထောက်ညီငယ်လေးက အနာဂတ်ကို ကြိုမမြင်နိုင်တော့ ဒီစကားတွေကို ရယ်စရာအလားသာ သဘောထားခဲ့ပါသတဲ့။

ပြန်ဆက်ရရင် တာဆုံအထိ လမ်းလျှောက်ထွက်ဖို့ ညှိနှိုင်းထားချက်တွေကို စောင့်နေတုန်းမှာပဲ လုံခြုံရေးအတား အဆီးတွေကို ဖယ်ရှားပြီးလို့ မူလထိုင်သပိတ်နေရာမှာ ခဏတာနားနေတုန်းမှာ ကျောင်းသားတွေဆီကို ရေသန့်ဘူးတွေ၊ ခဲတွေနဲ့ ဘယ်ကမှန်းမသိပစ်ကြလို့ ကျောင်းသားတွေက ပြန်ပစ်ကြရင်း ရုန်းရင်းဆန်ခတ် စဖြစ်တယ်လို့ ဆိုပါတယ်။

လုံခြုံရေးယူထားတဲ့ ရဲတပ်ဖွဲ့ဝင်တွေရဲ့ နောက်မှာရှိနေတဲ့ အရပ်ဝတ်လူတွေနဲ့ ကျောင်းသားတို့ရဲ့ လော်စပီကာ တိုက်ပွဲတွေလည်း ဖြစ်ပွားခဲ့ပါသေးတယ်။ အဲဒီ အရပ်ဝတ်တွေက ကျောင်းသားတွေကို လက်ပံတန်းက ထွက်ခွာ သွားဖို့ ပြောခဲ့ပြီး ဒီလူတွေက ဒီအရပ်ဒေသက မဟုတ်ဘူးလို့ ပတ်ဝန်းကျင်မှာ ဝန်းရံနေတဲ့ လက်ပံတန်း ဒေသခံပြည်သူတွေက ပြောတယ်လို့ အဲဒီသတင်းထောက်က ပြောလာပါတယ်။

အဲဒီလို တစ်ဖက်နဲ့တစ်ဖက် အပြန်အလှန် တင်းမာလာပြီးနောက်မှာ ရဲတပ် ဖွဲ့ဝင်တွေက သံဃာတော်တွေ နဲ့ကျောင်းသားတွေ၊ ဝန်းရံတဲ့ပြည်သူတွေကို စတင် ရိုက်နှက်ဖမ်းဆီးခဲ့ပါတော့တယ်။

မြင်မြင်သမျှ ရိုက်နှက်ဖမ်းဆီးမှုတွေ လုပ်နေကြလို့ သတင်းယူကြတဲ့ မီဒီယာ သမားတွေလည်း ရိုက်နှက်ခံရပြီး ထွက်ပြေးကြရပါတော့တယ်။

မီဒီယာသမားတွေရှေ့မှာတင် ဗ-က-သ က မင်းသွေးသစ်ကို မညှာမတာ ဝိုင်းဝန်းရိုက်နှက်ကြတယ်လို့လည်း သတင်းထောက်ညီငယ်က ပြောပါတယ်။

ကျေးဇူးတင်ပါတယ် DVB

ဒီနေရာမှာ Democratic Voice of Burma (DVB) ရုပ်သံလိုင်းကို ကျေးဇူးတင်ပါတယ်။ DVBသတင်းထောက်တွေ ပေးပို့တဲ့ ဆက်သွယ်သတင်းပေးပို့ချက်တွေ၊ ရုပ်သံတွေက အရှိတရားကို ဖော်ထုတ်ပြသနိုင်ခဲ့တယ်။

မြင်ရတဲ့ မြင်ကွင်းတွေက စိတ်မချမ်းမြေ့စရာတွေပါ။ ဥရောပသမဂ္ဂ (EU)က အကြမ်းဖက်ဖြိုခွဲနည်း သင်ကြားပေးထားပုံမျိုးနဲ့ ဆောင်ရွက်တာ မဟုတ်ဘူး ဆိုတာမျိုးကို တွေ့ရပါတယ်။ ရုပ်သံသတင်း ဖော်ပြချက်တွေအရ ကျောင်းသား (သို့) ပြည်သူတစ်ဦးတစ်ယောက်ကို ဖမ်းဆီးမိတဲ့အခါမှာ ရဲတပ်ဖွဲ့ဝင်တွေက တစ်ယောက်ပြီးတစ်ယောက် ဆက်တိုက်ရိုက်နှက်တာမျိုးတွေ၊ ခုန်ပြီးကန်တာ မျိုးတွေကို မြင်တွေ့ခဲ့ရပါတယ်။ တချို့ရဲတပ်ဖွဲ့ဝင်တွေကတော့ သူတို့အချင်း ချင်း ပြန်ထိန်းပြီး ဆက်မရိုက်ဖို့ သတိပေးဟန်မျိုးနဲ့ တွေ့ရပေမဲ့ အများစုကတော့ လူတစ်ယောက်ယောက်ကိုမိတာနဲ့ ပက်ပက်စက်စက် ဝိုင်းရိုက်နေတာပဲ များပါတယ်။ အငြိုးတကြီး ရိုက်နေသလို လက်နက်မပါတဲ့လူတစ်ယောက်ကို ရဲအယောက်ပေါင်းများစွာက စုပြီး ရိုက်နေကြတာကို မျက်ဝါးထင်ထင် မြင်နေရ လို့သာ ယုံရတာပါ။

အဆိုးရွားဆုံးတွေ့မြင်ရတာက သပိတ်စစ်ကြောင်းမှာ ပါလာတဲ့ ကားတစ်စီးကို ရဲတပ်ဖွဲ့ဝင်တွေက တုတ်နဲ့ရိုက်တာ၊ ကားတံခါးကို ဖျက်ဆီးတာတွေပါပဲ။

ဒါ့အပြင် စင်ကာပူအခြေစိုက် Channel News Asia ကလည်း တိုက်ရိုက် ထုတ်လွှင့် ပြသခဲ့ပါတယ်။ တခြား BBC တို့လို ပြည်ပသတင်းမီဒီယာတွေကလည်း ဒီသ တင်းကို ထုတ်လွှင့်ခဲ့တဲ့အတွက် အခုအဖြစ်အပျက်ဟာ ကမ္ဘာကပါ သိရှိသွားပြီး အစိုးရကိုယ်တိုင် ဖြေရှင်းပေးဖို့ လိုအပ်လာပြီလို့ ယူဆပါတယ်။

 

အင်အားစုအသီးသီးက ဘာတွေပြောနေသလဲ…

ဒီလောက်ဆိုးဆိုးဝါးဝါး တွေ့မြင်နေရချိန်မှာ ဆိုရှယ်မီဒီယာဖြစ်တဲ့ ဖေ့စ် ဘွတ်ခ်မှာလည်း ခံစားချက်တွေ ပေါက်ကွဲပြီး ရေးတင်ကြတာတွေကို ဖတ်ကြ ရပါတယ်။ သာမန်လူတွေသာမက လူ့အခွင့်အရေးလှုပ်ရှားသူတွေနဲ့ တခြားတတ် သိသူတွေကရော ဒီဖြစ်ရပ်အပေါ်မှာ ဘယ်လိုသဘောထားလဲလို့ ကျွန်တော် ဆန်းစစ်ကြည့် လိုက်ပါတယ်။

တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်ဆန်းအောင်ကတော့ “သမ္မတကြီးက အောက်ခြေကို အကြမ်းမဖက်ဖို့ မညွှန်ကြားခဲ့လို့လား၊ နံပါတ်တုတ် တရားဥပဒေစိုးမိုးရေးအဖြစ်ပြောင်းလဲပြီး ကျင့်သုံးတာလား၊ အီးယူက ရဲတွေကို Crowded Management သင်တန်းပေးခဲ့တာက မေးခွန်းထုတ်ရတော့မယ်။ အခုဖမ်းတဲ့နေရာမှာ အမျိုးသမီးရဲမေတွေလည်း မတွေ့ရဘူး။ သိရသလောက်တော့ သာယာဝတီ တောရကို ခေါ်သွားတယ်။ ခေတ်အဆက်ဆက် တုတ်နဲ့ဖြေရှင်းခဲ့ရာမှာ နောက်ဆုံးတော့ ဖြေရှင်းတဲ့လူတွေပဲ ကျဆုံးသွားခဲ့တာ။ တွေ့ဆုံ ဖြေရှင်းတာမျိုးမလုပ်ဘဲ အခုလိုလုပ်တာ လုံးဝမှားတယ်။ လုံးဝလက်မခံနိုင်ဘူး။ ဒီကိစ္စ ပြီးပြတ်သွားပြီ လို့ ဘယ်လိုမှ ပြောလို့မရတော့ဘူး။ ပိုကြီးထွားလာရင် ဆင်းရဲသားတွေ ရောင်း ပန်း၊ ဝယ်ပန်း မလှတော့ဘူး။ အီးယူ ဘာလုပ်မလဲဆိုတာ သူ ဆုံးဖြတ်ရတော့မယ်”လို့ ပြောပါတယ်။ ဒီနေ့ညပိုင်းမှာတော့ အီးယူက သူ့သဘောထား ကြေညာချက်ကို ထုတ်ပြန်ပြီး ဒီကိစ္စနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးရေးကို အမြန်ဆုံးလုပ်ပါလို့ တိုက်တွန်းသလို သူတို့က ဒီလိုမျိုးတွေကို သင်တန်းမှာ သင်ပေးထားတာ မရှိဘူး၊ ဒီလိုဖြစ်နေသေးတာဟာ သင်တန်းတွေ လိုနေသေးတာကိုပဲ ပြသနေတယ်လို့ ဆိုလိုက်တယ်လို့ သိရပါတယ်။

ကျောင်းသားခေါင်းဆောင်တစ်ယောက်ဖြစ်တဲ့ ဒီငြိမ်းလင်းကလည်း “ကျောင်းသားတွေကို ရန်ကုန်အထိ သွားခွင့်ပြုတယ်လို့ ပြောပြီးမှ အခုလို အကြမ်းဖက်တယ်။ စွမ်းအားရှင်တွေ ပြန်ပေါ်လာတယ်ဗျာ။ ဖိနှိပ်ဖြိုခွဲ တာက လက်လွတ်စပယ် နိုင်လွန်းအားကြီးတယ်။ အဖမ်းခံပါမယ်လို့ ပြောထားပြီးသားပဲ။ ဝင်ဖမ်းချင်ရင် ဖမ်းပေါ့။ အခုတော့ အဓမ္မရိုက်နှက်ဖြိုခွင်းတာက ဘယ်လိုမှ လက်ခံလို့မရဘူး။ ညှိနှိုင်းလို့ရပါတယ်။ အကြမ်း မဖက်ပါနဲ့လို့ ခဏခဏ ပြောနေတာပဲ။ ပြီးတော့ သတ်ကွင်းလိုနေရာမျိုး၊ ပြေးပေါက်မရှိတဲ့နေရာမျိုးမှာ လုပ် တယ်။ ဒါက စစ်ရေးဗျူဟာတစ်ခုအနေနဲ့ကို ကျောင်းသားတွေကို ဖြိုခွင်းတယ်၊ ဖိနှိပ်တယ်လို့ ယူဆနိုင်တယ်။ ဒါက လုံးဝလူမဆန်ဘူး”လို့ ဆိုလိုက်ပါတယ်။

ဒီကိစ္စအတွက် လူနာတင်ယာဉ်တွေ အကူအညီပေးထားတဲ့ နာရေးကူညီမှု အသင်း(ရန်ကုန်)ရဲ့ ဥက္ကဋ္ဌ ဦးကျော်သူကလည်း “ယာဉ်တွေက ပြန်မလာသေးဘူး။ သတင်းတွေအရတော့ ကျွန်တော်တို့ယာဉ်တွေ ထိမိ၊ ခိုက်မိတာတော့ရှိတယ်။ ကားထဲမှာပါတဲ့ လူနာကို ဝင်ဆွဲတာတွေ၊ ဘာတွေတော့ ရှိတယ်လို့ ကျွန်တော့် လူတွေက ပြောတယ်။ အခုကိစ္စက လူသားချင်းစာနာမှု ကင်းမဲ့စွာနဲ့ လူစိတ် ပျောက်နေတဲ့လူတွေလို့ပဲ ကျွန်တော် ပြောချင် တယ်။ ဒီလူစိတ်ပျောက်နေတဲ့လူ တွေရဲ့ ရမ်းကားမှုကို အပြစ်မဲ့တဲ့ ကျောင်းသား၊ ကျောင်းသူတွေ လူမှုရေးအသင်း အဖွဲ့တွေပါ အစော်ကားခံလိုက်ရတာပါ”လို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ရဲ့ အထွေထွေအတွင်းရေးမှူး ဦး ဉာဏ်ဝင်းနဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ရဲ့ အထွေထွေ အတွင်း ရေးမှူး စိုင်းညွန့်လွင်တို့ကလည်း အကြမ်းဖက်ဖြိုခွင်းမှုကို လက်မခံနိုင်ကြောင်းနဲ့ ဆန့်ကျင်ကန့်ကွက်တဲ့အကြောင်းကို ပြောကြပါတယ်။ ဒီအကြမ်းဖက်မှုကို လက် မခံနိုင်ကြောင်း ရှုတ်ချတဲ့ အဖွဲ့အစည်းတွေကတော့ ၈၈ မျိုးဆက်ကျောင်းသား (ငြိမ်း/ပွင့်)အပါအဝင် ဒီမိုကရက် တစ်အဖွဲ့အစည်းတွေ ဖြစ်ပြီး မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ(ယာယီ)အပါအဝင် ဂျာနယ်လစ်အဖွဲ့အစည်းတွေနဲ့ စာရေး ဆရာအဖွဲ့ဖြစ်တဲ့ ပဲန်မြန်မာကလည်း ကန့်ကွက်ကြောင်း စာထွက်ပါတယ်။

နောက်ဆက်တွဲ ဖြစ်ရပ်တွေက ဘာတွေလဲ…

ပြန်ကြားရေးက သတင်းထုတ်ပြန်တာကတော့ ရဲတပ်ဖွဲ့က ဥပဒေနဲ့အညီ ကန့်သတ်ထားတာကို ထိုးဖောက်ဝင် ရောက်ပြီး ခဲတွေနဲ့ ပစ်ပေါက်လို့ ရှင်းလင်း လူစုခွဲ၍ ကျား (၁၀၇) ဦး၊ မ (၂၀) ဦး၊ စုစုပေါင်း (၁၂၇) ဦးကို ထိန်းသိမ်း ခဲ့တယ်လို့ပဲပါပါတယ်။ ပြန်ကြားရေးဝန်ကြီးရဲ့ ကိုယ်ပိုင်ဖေ့စ်ဘွတ်ခ်ဝေါလ် ပေါ်မှာတော့ ရဲတပ်ဖွဲ့ဝင် ၁၆ ဦး ဒဏ်ရာရပြီး ဆန္ဒပြသူ ကျား ၆၊ မ ၂ ဒဏ်ရာရ၊ ထိန်းသိမ်းထားသူများမှာ ကျောင်းသား ၅၂ ဦး၊ ကျောင်းသူ ၁၃ ဦး၊ အရပ်သား ၆၂ ဦး စုစုပေါင်း ၁၂၇ ဦးရှိကြောင်း သတင်းရရှိလို့ တင်ထား ပါတယ်။ သူတို့ကို ဘယ်နေရာမှာ ဘယ်လိုဖမ်းထားမှန်း သေချာမသိရပါဘူး။

သေချာတာကတော့ NNER က ကိုရဲဝင်းနဲ့ ကိုမော်စီ အဖမ်းခံခဲ့ရပါတယ်။ ဗ-က-သ က မင်းသွေးသစ်၊ အောင်မှိုင်းဆန်းနဲ့ ဖြိုးဖြိုးအောင်တို့လည်း အဖမ်း ခံရပါတယ်။ ကျော်ကိုကိုကိုတော့ ရန်ကုန်က လှည်းတန်း သပိတ်မှာ တွေ့လိုက် ရတယ်လို့ ဆိုပါတယ်။ အဖမ်းခံရတဲ့သူတွေကို ညနေပိုင်းမှာ သာယာဝတီထောင်ကို ပို့လိုက်တယ်လို့ ယူဆရပါတယ်။ အဖမ်းခံရတဲ့ကျောင်းသားတွေထဲမှာ ဒဏ်ရာ ပြင်းထန်လို့ ဆေးရုံပို့လိုက်ရသူတွေလည်း ရှိတယ်လို့ ဖေ့စ်ဘွတ်ခ်တွေမှာ ပြန့် နေပါပြီ။

သတင်းမီဒီယာသမားတွေကိုလည်း တခြားသူတွေထက် ပိုပြီး မဲကာ လိုက်လံရိုက်နှက်တာတွေ လုပ်တာကို သတင်းထောက်တွေ ကိုယ်တွေ့ကြုံခဲ့ကြရပါ တယ်။ ပြည်ထောင်စုနေ့စဉ်သတင်းစာက သတင်းထောက်ကိုမျိုးဆို ရဲ ၆ ယောက်လောက် ဝိုင်းရိုက်တာကို ခံခဲ့ရပြီး ဒီဗီဘီက ကိုဉာဏ်ကြီးတစ်ယောက်လည်း   ရဲတွေကြားထဲ ဝင်ရောက်သတင်းယူတာကိုပဲ နောက်ဆုံးမြင်ခဲ့ရပြီး သူ့သတင်းကို ကျန်သူတွေ ထပ်မကြားရသေးပါဘူး။ သတင်းထောက်အုပ်စုမှာ လူ ၅၀ လောက် ရှိပေမဲ့ ဒေသခံတချို့ရဲ့ ဖေးမကူညီမှုကြောင့်သာ အသက်လုပြေးထွက် နိုင်ခဲ့တယ်လို့ ဆိုရမှာပါ။

ပြည်သူတွေရဲ့စိုးရိမ်မှု ဘယ်လိုရှိမလဲ…

မတ်လ ၁၁ ရက်နေ့မှာ စတင်တော့မယ့် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွေ အတွက် မိဘပြည်သူတွေ စိုးရိမ် စိတ်မြင့်မားနေချိန်မှာ ခုလို အကြမ်းဖက်ဖြိုခွင်းတာဟာ ဘယ်သူက ဒီစာမေးပွဲဖြေဆိုမှုအပေါ် နှောင့်ယှက်နေ တာလဲဆိုတဲ့ မေးခွန်းအတွက် အဖြေပေးစရာ မလိုတော့သလိုပါ။

တကယ်တော့ အမျိုးသားပညာရေးဥပဒေပြင်ဆင်ရေးအတွက် ကြိုးပမ်းတဲ့ကိစ္စမှာ ရန်ကုန်အရောက် ချီတက်ရေးက အရေးကြီးလားဆိုပြီး မေးခွန်းထုတ်ကြသူတွေ ရှိသလို ရန်ကုန်အရောက် ချီမတက်နိုင်အောင် တားရာမှာ ခုလိုအကြမ်းဖက်နှိမ်နင်းမှုက လိုအပ်လားဆိုပြီး မေးခွန်းထုတ်ကြသူတွေလည်း များလာပါတယ်။ ရန်ကုန်ထိ ချီတက်မယ်လို့ ဆုံးဖြတ်တာက ဗ-က-သစစ်ကြောင်း တစ်ခုတည်းဖြစ်ပြီး လွှတ်တော်ကို သွားကာ လက်ရှိကြားနာနေမှုတွေကို အဆင်ပြေရင် ပြန်လာနားထောင်ခွင့် ရချင်သေးတယ်လို့ပြောပြီး သပိတ်နားထားတဲ့ မြေလတ်၊ တကသနဲ့ ထားဝယ်သပိတ်စစ်ကြောင်းတွေလည်း ရှိနေပါသေးတယ်။

၈၈ အရေးတော်ပုံကို သိမီခဲ့သူတစ်ဦးက ခေတ်အဆက်ဆက် အကြမ်းဖက်ဖြိုခွင်းခဲ့ပြီးတိုင်း အစိုးရတစ်ရပ် ပြုတ်ကျသွားလေ့ရှိကြောင်း၊ ၈၈ အရေးတော်ပုံ တွင် အစိုးရ ၃ ဆက်ပြောင်းလဲသွားသည်ကို မေ့မနေသင့်ကြောင်း ပြောလာပါ တယ်။ ဒါပေမဲ့ ကျောင်းသားတွေ လိုချင်တာက အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်ရေးသာ ဖြစ်ခဲ့ပါတယ်။

လွှတ်တော်ရဲ့ မင်းတိုင်ပင်အကြံပေးတစ်ဦးက စိတ်ပျက်လက်ပျက်ရေးတဲ့ စာတစ်ပုဒ်မှာလည်း “သမ္မတကြီး၏ နိုင်ငံရေးစန်း”ကို အခြေမှကိုင်လှုပ်လိုက် သလို လက်ရှိဒီမိုကရေစီအပြောင်းအလဲကိုပါ ဆိုးဆိုးရွားရွား ထိခိုက်နိုင် စရာရှိသည်။ ဘာလုပ်ကြမည်နည်း။ မှားပြီ။ အကြီးကြီး မှားသွားပြီ။ ပြင်ဖို့မလွယ် သည့်တိုင် မဖြစ်မနေ ပြင်ရပါ လိမ့်မည်။ ရိုးသားဖို့တော့ လိုသည်။ တော်ရုံတန်ရုံ ရိုးသားလို့မရ။ ရက်ရက်စက်စက်ရိုးသား(Brutally Honest) မှ တော်လိမ့်မည်လို့ ပါခဲ့ပေမဲ့ သူ အကြံပေးခဲ့သလို မရိုးသားဘဲ ဆန့်ကျင်တဲ့ ရက်စက်မှုကိုပဲ ဆောင်ရွက်ခဲ့တယ်လို့ ဆိုရမှာပါ။

ကျန်သပိတ်စစ်ကြောင်းများ ဘာဆက်လုပ်မလဲ…

ပင်မသပိတ်စစ်ကြောင်းကိုတောင် ဒီလိုအကြမ်းဖက် ရိုက်နှက်ပြီးဖြိုခွင်းခဲ့ တော့ အခြားစစ်ကြောင်းတွေကိုလည်း ဒီလိုလုပ်ဖို့ရာ လက်တွန့်နေမှာ မဟုတ်တော့ဘူး။ ဒါကို ပြည်သူတွေကသိပြီး အခြားစစ်ကြောင်းတွေအတွက် စိုးရိမ်မှု တွေ ရှိနေပါတယ်။

မြေလတ်သပိတ်စစ်ကြောင်းက ကိုဝေမိုးနိုင်ကို ဘာဆက်လုပ်မှာလဲလို့ မေးကြည့်တော့ အခုအချိန်မှာ ပြန့်ကျဲနေပြီး ဖမ်းဆီးခံနေရတဲ့ ဦးဆောင်လှုပ်ရှားမှု ကော်မတီဝင်တွေ ရှိနေတာကြောင့် အဆက်အသွယ်မပြတ်ရှိနေသေးတဲ့ ဒီမိုကရေစီ ပညာရေးလှုပ်ရှားမှုကော်မတီဝင် ကျောင်းသား ၉ ဦးအနေနဲ့ ဆွေးနွေးတိုင်ပင် နေဆဲပါလို့သာ ပြန်လည်ဖြေကြားခဲ့ပါတယ်။

အခုအချိန်မှာ လုံခြုံရေးရဲတပ်ဖွဲ့ဝင်တွေက သပိတ်စစ်ကြောင်းက အသုံးပြုခဲ့တဲ့ ကားတစ်စီးကို အားရပါးရ အကြမ်းဖက်ဖျက်ဆီးခဲ့တဲ့ ပုံရိပ်ရှင်၊ ပုံရိပ်သေတွေကို ကြည့်ခြင်းအားဖြင့် တရားဥပဒေစိုးမိုးရေးက ဘာလဲ၊ ဘယ်လဲလို့ မေးမိနေပါပြီ။

ကွယ်လွန်သူ သတင်းစာဆရာကြီး ဟံသာဝတီဦးဝင်းတင် ပြောပြောနေကျ စကားအတိုင်းပေါ့…။

“ကျွန်တော်ပြောချင်တာက ဒီအစိုးရကို မယုံဘူး ဒါဘဲ…”

အောင်ဖြိုးဇော်၊ ခန့်ညားမောင်မောင်

Leave a Reply

Your email address will not be published.