၂၀၁၅ အိုင်ပီအိုင်ကွန်ဂရက်ကို မြန်မာနိုင်ငံတွင် ကျင်းပရန် စီစဉ်

ဗီယင်နာ၊ မတ် ၈

ကမ္ဘာလုံးဆိုင်ရာ အယ်ဒီတာ များနှင့် မီဒီယာအလုပ်အမှုဆောင်များ၏ အဖွဲ့အစည်းဖြစ်သော သြစတြီးယားနိုင်ငံ၊ ဗီယင်နာအခြေစိုက် နိုင်ငံတကာသတင်းလုပ်ငန်း အင်စတီကျူ (IPI) ၏ နှစ်စဉ်ကျင်းပမြဲဖြစ်သော ကမ္ဘာ့ကွန်ဂရက်ကို ယခုနှစ်အတွက် မြန်မာနိုင်ငံ၊ ရန်ကုန်မြို့ တွင် မတ်လ ၂၇ ရက်မှ ၂၉ ရက် အထိ ကျင်းပပြု လုပ်သွားရန် စီစဉ် ထားသည်။

အိုင်ပီအိုင်ကွန်ဂရက်များကို တစ်နှစ်လျှင်တစ်ကြိမ် နိုင်ငံတစ်ခုစီတွင် ကျင်းပပြုလုပ်လေ့ရှိရာ ယခင်နှစ်က ကွန်ဂရက်ကို တောင်အာဖရိကနိုင်ငံ၏ အသားအရောင် ခွဲခြားမှု ပြီးဆုံးခြင်းနှင့် မီဒီယာ ကဏ္ဍ ထူးထူးခြားခြား တိုးတက်မှုတို့အား အထိမ်းအမှတ်ပြုသောအား ဖြင့် တောင်အာဖရိကနိုင်ငံ၊ ကိတ် (ပ)တောင်းမြို့တွင် ကျင်းပပြု လုပ်ခဲ့သည်။

၂၀၁၁ ခုနှစ်၌ စစ်ဘက်အုပ်ချုပ်မှုပြီးဆုံးကာ ၂၀၁၀ အထွေထွေ ရွေးကောက်ပွဲဖြင့် အမည်ခံအရပ်သားအစိုးရ တစ်ရပ် ဖြစ်ပေါ်လာပြီးနောက်တွင် စစ်တပ်၏ ကြီးမားသော သြဇာလွှမ်းမိုးမှု ကျန်ရှိနေသော်လည်း အစိုးရချုပ် ကိုင်မှုများ လျော့ပါးလာခဲ့သည်။ မြန်မာနိုင်ငံ၏ ပြည်တွင်းမီဒီယာများနှင့် သွေးစည်းညီညွတ်မှုကို ပြသရန်နှင့် သတင်းလွတ်လပ်ခွင့်ဆိုင်ရာ ကမ္ဘာ့ခန်းမကြီးအတွင်းသို့ ပြန်လည်ဝင် ရောက်ရန် ပြည်တွင်းမီဒီယာသမားများ၏ ကြိုးပမ်းအားထုတ်မှုများကို အသိအမှတ်ပြုသောအားဖြင့် ယခု နှစ် ကမ္ဘာ့ကွန်ဂရက်ကို မြန်မာနိုင်ငံတွင် ကျင်းပ ရန် ရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်း IPI က ဆိုသည်။

ကွန်ဂရက်အစီအစဉ်တွင် နိုက်ဂျီးရီးယားကိုယ်စားလှယ်များ၏ ရွေးကောက်ပွဲနှစ်အတွင်း ရင်ဆိုင်ဖြေရှင်း ခဲ့ရသော အလားတူ ပြဿနာများကိုလည်း ဆွေးနွေးရန် စီစဉ် ထားသည်။ ကွန်ဂရက်တွင် ပါဝင်မည့် အစီအစဉ် များမှာ အမုန်းစကားများ ကိုင်တွယ်ဖြေရှင်းရေးအတွက် ထိရောက်သော မဟာဗျူဟာများ၊ မြန်မာနိုင်ငံအတွင်း ဥပဒေနှင့် အတွေ့အကြုံမှတစ်ဆင့် မီဒီယာလွတ်လပ်ခွင့်ကို ထိန်းသိမ်းခြင်း၊ သတင်းသမားများ သတ်ဖြတ်မှု ရပ် ဆိုင်းရေးနည်းနာများ၊ စာရင်းဇယားအချက်အလက် အသုံးပြု၍ ကောင်းမွန်သော ဂျာနယ်လစ်ဇင် ထုတ်လုပ်ရေး၊ ပဋိပက္ခဖြစ်ပွားစေနိုင်သော သတင်းရေးသားမှု စသည်တို့ဖြစ်သည်။

ကွန်ဂရက်တွင် ဝိုင်းဖွဲ့ဆွေးနွေးမှုအပြင် “မြန်မာနိုင်ငံနှင့် လွတ်လပ်ခွင့်သို့ သွားရာလမ်း”ခေါင်းစဉ်ဖြင့် ငြင်းခုံဆွေး နွေးပွဲတစ်ခုလည်း ပါဝင်မည်ဖြစ်သည်။ ထို့ပြင် IPI ၏ ၂၀၁၅ လွတ်လပ်မီဒီယာရှေ့ ဆောင်ဆုနှင့် ၆၆ ကြိမ်မြောက် ကမ္ဘာ့သတင်းလွတ်လပ်ခွင့် သူရဲ ကောင်းဆု ဂုဏ်ပြုချီးမြှင့်ပွဲအခမ်း အနားနှင့် ညစာစားပွဲတစ်ခုကိုလည်း ကျင်းပ ပြုလုပ်ရန် စီစဉ်ထားသည်။ မြန်မာ့တံခါးဖွင့်မှုကို မှတ်တမ်းတင် ရန် စိတ်ပါဝင်စားသူများအတွက်လည်း ပြည်တွင်းသတင်းမီဒီယာတိုက်များသို့ သွားရောက်လေ့လာ နိုင်ရန် စီစဉ်ပေးမည်ဖြစ်ပြီး ရန်ကုန်အခြေစိုက် အထင်ကရ သတင်းမီဒီယာတိုက်အချို့မှ အကြီးတန်းမီဒီယာပညာရှင်များက ခရီးသွားလမ်းညွှန်အဖြစ် ဆောင်ရွက်ပေးမည်ဖြစ်သည်။

ကွန်ဂရက်တွင် ပါဝင်တက်ရောက်သူများအတွက် အလျင်အမြန်ပြောင်းလဲနေသော မြန်မာ့မီဒီယာ မြင်ကွင်းကို အတိတ်ကာလ အတွေ့အကြုံ၊ အသွင်ကူးပြောင်းမှုနှင့် ရင်ဆိုင်နေရသော စိန်ခေါ်မှုများမှတစ်ဆင့် လေ့လာ သိရှိရမည်ဖြစ်သည်။ သတင်းစာလွတ်လပ်ခွင့်မှာ ပိုမိုပွင့်လင်းသောလူ့အဖွဲ့အစည်းများတွင်ပင် စိန်ခေါ်မှုတစ်ခု အဖြစ် တည်ရှိ နေဆဲဖြစ်ရာ လွန်ခဲ့သည့်နှစ် အနည်းငယ်အတွင်း မြန်မာ့တိုးတက်မှုများနှင့် နှိုင်းယှဉ်လေ့လာ ရေးမှာ စိတ်ဝင်စားဖွယ်ဖြစ်ပါလိမ့်မည်။

ဝ၂၅၊ Ref: Sunday Trust

Leave a Reply

Your email address will not be published.