၁၉၈၈ ခုနှစ်က တော်လှန်ရေးသွေးနှစ်စက်

လွန်လေပြီးသော ၂၇ နှစ်က မတ်လ ၁၃ ရက်၏ ညတစ်ညသည် မြန်မာ့ သမိုင်းကို အသစ်တစ်ဖန် ပြန်လည်ရေးသားရန် သွေးလှန့်လိုက်သော ပေါက်ကွဲသံများဖြင့် ဖုံးလွှမ်းခဲ့ပါသည်။ ပျင်းရိငြီးငွေ့ဖွယ်ကောင်းသော နိုင်ငံရေးစနစ်၊ ဆုံးရှုံးမှုနှင့် မဟာမိတ်ဖွဲ့ထားသော နိုင်ငံတော်စီမံကိန်းများ၊ မှောင်ခိုဈေးကွက်ကိုသာ အားပြုနေရသည့် စီးပွားရေးစနစ်၊ အဖက်ဖက်က ယိုယွင်းပျက်စီးလာသော လူမှုအဆောက်အအုံကြီးသည် အပြောင်းအလဲကို ငံ့လင့်နေစဉ်၌ အထွေထွေကျပ်တည်းမှုနှင့် ပေါင်းစည်းမိသွားသောအခါ ဘာမဟုတ်သည့်ရန်ပွဲလေးတစ်ခုမှသည် အစိုးရ ၃ ဆက်ပြုတ်ကျသွားသည်အထိ အဆုံးစွန်ဆုံးသို့ ရောက်ခဲ့ရတော့သည်။

မဆလစနစ်ကို မီးလောင်တိုက်သွင်းခဲ့သည့် ည

စက်မှုတက္ကသိုလ်ကျောင်းသားများ ကျည်သင့်ခဲ့သည့် ည

တော်လှန်ရေး၏ ပထမဆုံး ကြယ်ကြွေခဲ့သည့် ည

အာဏာရှင်မြေပေါ်တွင် ဒီမိုကရေစီမျိုးစေ့ကို ကြဲချခဲ့သည့် ည။

ထိုညသည် …

မတ်လ ၁၃ ရက်ညသည် ရန်ကုန်စက်မှုတက္ကသိုလ်ကျောင်းတော်ကြီးကို အမှတ်ရတိုင်း အရှက်ရစေမည့် ညတစ်ညအဖြစ် ဖော်ကျူးလိုက်ပါသည်။ မဆလ အစိုးရ၏ လက်နက်ကိုင်တပ်ဖွဲ့များက ရန်ကုန်-အင်းစိန်လမ်းမကြီးပေါ်မှနေ၍ ရန်ကုန် စက်မှုတက္ကသိုလ် (RIT) ကျောင်းဝင်းအတွင်းမှ ကျောင်းသားများကို မျက်ရည်ယိုဗုံးများ၊ မီးသတ်ပိုက်များ၊ သေနတ်များဖြင့် ပစ်ခတ်ခြင်းကြောင့် စက်မှုတက္ကသိုလ် ဓာတုအင်ဂျင်နီယာကျောင်းသား ကိုဖုန်းမော်နှင့်သတ္တုတူးဖော်ရေး အင်ဂျင်နီယာ ကျောင်းသား ကိုစိုးနိုင် (ဆေးရုံတွင်ကွယ်လွန်)တို့ ကျဆုံးခဲ့ရသည်။ ဆိုရသော် ၁၃ ရက်ည အဓိကရုဏ်းသည် သူ့ချည်း သက်သက် ဖြစ်ပေါ်လာသည်တော့မဟုတ်။ ယင်း၏ရှေ့ည (၁၂ ရက်ည) သည် အကြိုပွဲအဖြစ် ရောက်လာခြင်းဖြစ်၏။

ဖြစ်ပုံမှာ – RIT ဝင်း၏ အရှေ့ဘက်တွင် အနောက်ကြို့ကုန်းရပ်ကွက်ရှိရာ ထိုရပ်ကွက်အတွင်းရှိ စန္ဒာဝင်းလက်ဖက်ရည် ဆိုင်တွင် ပြင်ပအဆောင်၌နေထိုင်သော စက်မှုတက္ကသိုလ်ကျောင်းသား ၂ ဦးနှင့် ရပ်ကွက်အခံ အရပ်သားလူငယ် ၅ ဦးတို့ ကက်ဆက်ခွေဖွင့်ခိုင်းခြင်းမှ စကားများရန်ဖြစ်ကြခြင်းဖြစ်သည်။ လူအင်အားချင်း မမျှသည့်အတွက် ကျောင်းသားနှစ်ဦး အပြင်းအထန် ဒဏ်ရာရခဲ့သည်။ အင်းစိန်ဆေးရုံတွင် အတွင်းလူနာအဖြစ် တင်ထားပြီးနောက် အင်းစိန်ရဲစခန်း၌ အမှုဖွင့်ခဲ့ရာ အရပ်သား ၅ ဦးကို ဖမ်းဆီးထိန်းသိမ်းလိုက်သည်။ သို့သော် မတ်လ ၁၃ ရက်နေ့တွင် ရန်ပွဲ၌ ဦးဆောင်ရိုက်နှက်ခဲ့သူဖြစ်သော ရပ်ကွက်ကောင်စီလူကြီးတစ်ဦး၏ သားကို ပြန်လွှတ်ပေးလိုက်သောအခါ ကျောင်းသားများမှာ လွန်စွာစိတ်ဆိုးကုန်ကြသည်။ ည ၈ နာရီခန့်တွင် အနောက်ကြို့ကုန်းရပ်ကွက်ကောင်စီရုံးသို့ ကျောင်းသားများ ချီတက်သွားပြီး ကောင်စီရုံးကို ခဲဖြင့်ပေါက် ခြင်း၊ ရန်ပွဲတွင် ပါဝင်ခဲ့သူများ၏ အိမ်များကို ခဲဖြင့်ပေါက်ခြင်းမှ အစပြု၍ ရပ်ကွက်နှင့်ကျောင်းသားအကြား ပဋိပက္ခ စတင်ခဲ့ တော့၏။ အဆိုပါဖြစ်ရပ်ကို စက်မှုတက္ကသိုလ် ဗိသုကာကျောင်းသားတစ်ဦး ဖြစ်ခဲ့သော ကိုညွန့်ဝင်းက ပြောသည်မှာ –

” RIT ကျောင်းသားတွေ ရန်ဖြစ်တယ်ဆိုတာ အဆန်းတကြယ်ကိစ္စမဟုတ်ပါဘူး။ အဆောင်မှာဆိုရင် ပတ်တီးခေါင်းပေါင်း မင်းသားတွေ တစ်နှစ်ကို နှစ်လက်၊ သုံးလက်ရှိစမြဲပါ။ တချို့ဆို ရပ်ကွက်ထဲမှာ အိမ်ထောင်ကျပြီး ကြို့ကုန်းသားတွေ ဖြစ်သွား တာတောင် ရှိသေးတယ်။ ဒါပေမဲ့ အဲဒီညမှာတော့ အငြိုးတကြီးစောင့်ကြည့်နေတဲ့ မဆလအစိုးရက မီးသတ်၊ လုံ/ထိန်းတပ်တွေနဲ့ ကျောင်းရဲ့မလွယ်ပေါက် ဂိတ်ကနေဝင်ပြီး ရေနဲ့ပက်၊ မျက်ရည်ယိုဗုံးနဲ့ခွင်းပြီး ဂျီသရီးနဲ့ အသေပစ်သတ်ဖြေရှင်းခဲ့ကြတာ”ဟု ထိုစဉ်ကဖြစ်ရပ်ကို ပြန်လည်ပြောပြသည်။   ကိုဖုန်းမော်၊ ကိုစိုးနိုင်နှင့် ကိုမြင့်ဦးတို့မှာ ဒဏ်ရာပြင်းထန် သူများဖြစ်ပြီး အခြားကျောင်းသားများလည်း ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ ပစ်ခတ်ဖြိုခွင်းမှုကြောင့် ဝရုန်းသုန်းကား ထွက်ပြေးခဲ့ရသော ကျောင်းသားများအတွက် တက္ကသိုလ်မြေတွင် အားကိုးရာမရှိပုံ၊ လုံခြုံမှုမရှိပုံကိုလည်း ယခုလိုပြောပါသည်။

“လုံ/ထိန်းရန်ကိုကြောက်လို့ ဆရာတွေဆီ တံခါးသွားခေါက်မိသူတွေကို သော့ပျောက်နေပါတယ်ပြောပြီး မီးမှိတ်၊ အိပ်ချင်ယောင်ဆောင်နေကြသတဲ့ဗျာ” ဟု သူကဆိုသည်။ မျက်ရည်ယိုဗုံးမှ မီးခိုးများ ပြယ်လွင့်စပြုသွားပြီး အနည်းငယ် အေးချမ်းသွားချိန်၌ ကျောင်းသားများ ပြန်လည်စုစည်းမိသောအခါ ကာတွန်းဘောက်စ်နှင့် မနီးမဝေး တွင် သွေးကွက် တစ်ကွက်က ဆီးကြိုနေလေပြီ။ ကျောင်းသားများ၏ ရင်ထဲမှ ဒေါသများက ခွပ်ဒေါင်းသွေး ကိုလည်း ဆူပွက်စေခဲ့ပြီ။ တောက် ခေါက်သံများက မိုးချုန်းသံအလား။

“ဟေ့…ဘယ်သူမှန်းမသိပေမယ့် ဒီသွေးကွက်ဟာ အာဇာနည်သွေးကွက်။ အာဇာနည် ကြယ်တစ်ပွင့်ကြွေခဲ့တဲ့ ဒီနေရာကနေ မတရားနှိပ်ကွပ်တဲ့ အစိုးရကို အာခံကြမယ်”

ဗိသုကာအင်ဂျင်နီယာကျောင်းသားများပေါင်းစု၍ ဗိသုကာ သ/မ မှ ဘိလပ် မြေနှစ်အိတ်နှင့်အဆောင်ဘေးမှ အုတ်ပုံ၊ သဲပုံများကို အသုံးပြုကာ အာဇာနည် သွေးကွက်ကို ကာရံထားသည့်ကြယ်ပွင့်ပုံကို တည်ဆောက်လိုက်ကြသည်။

“ပလာစတာ မချောဘူး။ အုတ်ခဲအနီရောင်နဲ့ အနီရောင်ကြယ်ပဲလုပ်ကြမယ်”

ကျောင်းသားအားလုံး ဦးညွှတ်အလေးပြုလိုက်၏။

အဆိုပါကြယ်သည် အာဏာရှင်အဆက်ဆက်ကို ဖြုတ်ချရန် အသက်ပေးခဲ့သော ရှေ့ဆောင်လမ်းပြ ကြယ်တစ်ပွင့်ပေတည်း။

 

ကိုဖုန်းမော်

အသက် (၂၃) နှစ်

ပဉ္စမနှစ်

(Chemical) R.I.T

ကျောင်းဝင်းအတွင်း သေနတ်ကျည်ဆန်ထိမှန်၍ ပွဲချင်းပြီးသေဆုံးခဲ့ရသော စက်မှုတက္ကသိုလ်ကျောင်းသား ကိုဖုန်းမော်၏ နာရေးကြော်ငြာနှင့်အတူ အစိုးရသတင်းစာများ၊ အသံလွှင့်ဌာနများမှ ကျောင်းသားများကို အဆိုးထား၊ အလွန်ထား၍ တစ်ဖက်သတ်ထုတ်လွှင့်ခဲ့သော သတင်းများကို ချေဖျက်ပေးမည့် ကြေညာချက်တစ်စောင် ထွက်ပေါ်လာခဲ့သည်။ အစိုးရ၏ သတင်းထုတ်ပြန်ချက်တွင် ကိုဖုန်းမော်သေဆုံးရခြင်းသည် သေနတ်ဒဏ်ရာကြောင့်မဟုတ်ဘဲ အရပ်သားများနှင့် ရန်ဖြစ်၍ သေဆုံးသကဲ့သို့ လိမ်လည်ထုတ်ပြန်ခဲ့ပြီး ကျောင်းသားဆိုးများသဖွယ် အများပြည်သူများ ထင်ယောင်ထင်မှား ဖြစ်စေခဲ့သည်။ ယင်းသံသယကို ချေဖျက်ရန်မှာ စက်မှုကျောင်းသားများအတွက် တာဝန်တစ်ရပ်ဖြစ်ပေသည်။

ကျောင်းသားများအတွက် အားကိုးရာကို ရှာဖွေတွေ့ရှိခဲ့ပါ၏။ အဆိုပါ ကျောင်းမှ မော်ကွန်းထိန်းဖြစ်သူ ဆရာဦးဘိုအေးက ကိုဖုန်းမော်သေဆုံးခြင်းမှာ သေနတ်ဒဏ်ရာကြောင့်ဖြစ်ကြောင်း စာရေး၍ လက်မှတ်ထိုးပေးလိုက်သည်။ ထိုစာကို မိတ္တူများ ပွား၍ သက်ဆိုင်ရာဌာနများသို့ ပို့လိုက်နိုင်ခဲ့သည်။

“ဆရာဦးဘိုအေးကိုယ်တိုင် လက်မှတ်ထိုးပေးလိုက်တဲ့စာကြောင့် ကျွန်တော်တို့ စက်မှုတက္ကသိုလ်ကျောင်းသား တွေကို အခြား ကျောင်းသားတွေကပါ နားလည်သွားခဲ့တယ်။ အဲဒီတုန်းက စစ်ဆေးရေးတွေရှိတော့ တခြားကျောင်းတွေဆီရောက်အောင် အမျိုးသမီးတွေက သူတို့ရဲ့ အတွင်းခံတွေထဲမှာ ဝှက်သယ်သွားပြီး ဖြန့်ပေးခဲ့တာ” ဟု စက်မှုကျောင်းသား ကိုညွန့်ဝင်းက ပြောသည်။

ထိုစဉ်က ရန်ကုန်တက္ကသိုလ် (ပင်မ) ကျောင်းသားခေါင်းဆောင်တစ်ဦး ဖြစ်သော ကိုမင်းဇေယျက “၁၃ ရက်မှာ ဖုန်းမော် သေပြီးတော့ ၁၄ ရက်၊ ၁၅ ရက်ကျတော့ Main မှာ ကျောင်းသားတွေ စုစု စုစုနဲ့။ RIT က ပိတ်လိုက်တော့ ဒီဘက်ကိုရောက် လာကြတယ်။ ၁၄ ရက်နေ့မှာ Main ထဲကို သတင်းရောက်ပြီး စာတွေဖတ်ကြ၊ ဝေကြတယ်” ဟု ထိုစဉ်က ရန်ကုန်ဝိဇ္ဇာနှင့် သိပ္ပံတက္ကသိုလ်ဆီသို့ ကူးစက်လာရခြင်းကိုပြောသည်။

စက်မှုတက္ကသိုလ်ကျောင်းသားများ၏ ဖြစ်ရပ်မှန်အပေါ် ပြန်လည်ဖြေရှင်းသည့် စာနှင့်အတူ တောင်းဆိုချက် ၇ ချက်ပါ ထွက်ပေါ်လာခဲ့သည်။ ဖြစ်ရပ်မှန်ကို အစိုးရသတင်းစာနှင့် မြန်မာ့အသံမှ မှန်ကန်စွာ ကြေညာပေးရန်၊ သေဆုံးသွားသော ကျောင်းသား၏ရုပ်ကလာပ်ကို ကျောင်းသားများကိုယ်တိုင် သင်္ဂြိုဟ်ခွင့်ပြုရန်၊ ကျောင်းသားသေဆုံးမှုအတွက် ဝမ်းနည်း ကြောင်း မှတ်တမ်းတင်ပေးရန်၊ ပစ်ခတ်မှု၌ တာဝန်ရှိသူများကို ဖော်ထုတ်အရေးယူပေးရန်၊ ကျောင်းသားများအတွက် တာဝန်ခံမည့် အဖွဲ့အစည်းတစ်ရပ် တရားဝင်ဖွဲ့စည်းပေးရန်၊ ပစ်ခတ်အမိန့်ပေးသူ၏ ရည်ရွယ်ချက်ကို ဝန်ခံရန်၊ ကျောင်းများ ပုံမှန်ဖွင့်လှစ်ပေးရန်တို့ ပါဝင်သည်။ သို့သော် ၁၅ ရက်နေ့တွင် မဆလအစိုးရ၏ ဝန်ကြီးများ စက်မှုတက္ကသိုလ်ကျောင်းဝင်းထဲ သို့ လာရောက်၍ ဆန္ဒပြကျောင်းသားများနှင့် ညှိနှိုင်းဆွေးနွေးမည်ဟု ဟန်ဆောင်အယောင်ပြလျက် သူတို့နှင့်အတူပါလာသည့် လုံ/ထိန်းများက ကျောင်းသားများကို ဖမ်းဆီးကာ ကျောင်းတော်ကြီးကိုလည်း သိမ်းပိုက်လိုက်ပါတော့သည်။

“မတ်လ ၁၆ ရက်၊ မနက် ၁၁ နာရီလောက်မှာ Main ထဲမှာ ဆန္ဒပြပွဲ တွေ၊ တရားပွဲတွေ စဖြစ်နေပြီ။ ဘွဲ့နှင်းသဘင်ရှေ့မှာ တရားဟောကြပြီး ကျောင်းထဲမှာ လှည့်လည်ကြတယ်။ နေ့လယ် ၂ နာရီလောက်မှာ အပြင်ထွက်မယ်လို့ ဆုံးဖြတ်တယ်။ အာစီတူးကို ချီတက်ပြီး အာအိုင်တီကို ဆက်သွားမယ်လို့ ဆုံးဖြတ်ပြီး လူ ၂၀ဝ၀ ကျော်လောက် ထွက်သွားကြတယ်” ဟု ၈၈ မျိုးဆက် (ငြိမ်း/ပွင့်) မှ ဂျင်မီကပြောသည်။

“၁၆ ရက်နေ့မှာ Main ထဲကထွက်ပြီးတော့ အာစီတူးကို ချီတက်မယ်ဆိုပြီး ထွက်ကြတယ်။ အင်းလျားကန်ပေါင်လမ်း၊ အရင်ကတော့ တံတားဖြူလို့ခေါ်တဲ့ နေရာရောက်တော့ သံဆူးကြိုးတွေ ပိတ်ထားတယ်။ ဆက်သွားလို့ မရတော့ ကျောင်းသား တွေ ထိုင်နေကြတာ။ အဲဒီမှာ နောက်ကနေပြီးတော့ လှိုင်ရဲစခန်း ထဲက လုံ/ထိန်းတပ်တွေက ဝင်ပြီးရိုက်တာပဲ”ဟု ကျောင်းသားခေါင်းဆောင် မင်းဇေယျက ပြောသည်။

ပြည်လမ်းကို သံဆူးကြိုးများဖြင့် ကန့်လန့်ဖြတ် ကာရံထားသောကြောင့် ရှေ့ဆက်ရန် မဖြစ်နိုင်တော့ပေ။ ဝဲယာနှစ်ဘက် တွင်လည်း တစ်ဖက်က အုတ်တံတိုင်းအမြင့်ကြီးများ ကာရံထားသော ခြံဝင်းများ။ အခြားတစ်ဖက်တွင်လည်း အင်းလျား ကန်ပေါင်နှင့် ကန်ရေပြင်က ဆီးကြိုလျက်။ ကျောင်းသားများအား လုံးခြေလှမ်းများ ရပ်တန့်သွားသော်လည်း နှုတ်ဖျားများ ဆီမှ “ကမ္ဘာမကြေ”နိုင်ငံတော်သီချင်းသံက သံပြိုင်ထွက်ပေါ်လာခဲ့သည်။ ထိုလူအုပ်ကြီးထဲသို့ ရှေ့မီးကြီးထိုး၍ မောင်းဝင်လာ သော လုံ/ထိန်းကားများနှင့် အချုပ်ကားအပြာကြီးက အရှိန်ပြင်းစွာဖြင့် တိုးဝင်လာသည်။

“ဘယ်လောက်ထိ ပက်ပက်စက်စက်လုပ်လည်းဆိုရင် ဒီလူစုလူဝေးကြီးထဲကို အနောက်ကနေ ကားနဲ့ထိုးမောင်းထည့် လိုက်တာ။ တီအီးအလဲဗင်းကားပေါ်မှာ ဦးထုပ်အနီ၊ ဒိုင်းအနီ၊ တုတ် အနီနဲ့ လုံ/ထိန်းတွေ အပြည့်ပါလာတယ်။ ကျောင်းသား တွေကို ကားနှစ်စီးနဲ့ ဝင်တိုက်တယ်။ လူအုပ်ကို ထက်ခြမ်းခွဲလိုက်သလို ဖြစ်တာပေါ့။ တံတားနီထိပ်က ပိတ်လိုက်ပြီးတော့ ကန်ပေါင်ဘက်အခြမ်းက လူတွေကိုရိုက်တယ်။ ခေါင်းတွေ့ရင် ခေါင်းကိုရိုက်၊ တွေ့တဲ့နေရာ အကုန်ရိုက်တာပေါ့ဗျာ”ဟု ကိုယ်တိုင်ပါဝင်ခဲ့ပြီး လွတ်မြောက်ခဲ့သော ကျောင်းသားခေါင်းဆောင် ဂျင်မီက ပြန်လည်ပြောပြသည်။

ထိုသတင်းကို နိုင်ငံခြားသတင်းဌာနများ၏ညပိုင်းအစီအစဉ်တွင် အင်းလျားကန်ပေါင်ပေါ်သို့ တက်ပြေးသော ကျောင်းသူလေး များကို လုံ/ထိန်းတပ်ဖွဲ့ဝင်များက မသေမချင်းရိုက်နှက်ကြောင်း၊ ကန်ရေပြင်အတွင်း ခုန်ချထွက်ပြေးသူများကိုလည်း ကန်ပေါင်ပေါ်မှ ရိုက်နှက်ပြီး ဆံပင်ဆွဲကာ ရေနှစ်သတ်ကြောင်း၊ ကျောင်းသူလေးများ ဝတ်ဆင်ထားသည့် လက်ဝတ် ရတနာများကို ရိုက်နှက်လုယူကြောင်းနှင့် ကျောင်းသူလေးများကို အဓမ္မကျင့်ကြံခဲ့ကြကြောင်း ထုတ်လွှင့်ခဲ့ရာ နားဆင်ရသူ ပြည်သူအပေါင်းအတွက် နာကြည်းဖွယ်ရာဖြစ်ရ၏။ နယ်ချဲ့ကိုလိုနီအစိုးရထက် ရက်စက်ကြမ်းကြုတ်သော လုပ်ရပ်များဖြင့် အင်းလျားကန်ကို သွေးလွှမ်းသွားစေခဲ့ခြင်းကြောင့် တံတားဖြူအမည်ပျောက်၍ တံတားနီဟု သမိုင်းတွင်သွားခြင်းဖြစ်သည်။

အသွင်ပြောင်း စစ်ဗိုလ်ချုပ်ကြီးများဦးဆောင်သော မဆလအာဏာရှင် အစိုးရသည် ၁၉၆၂ အာဏာသိမ်းပြီးကတည်းကစ၍ ကျောင်းသားနှင့် ထိပ်တိုက်တွေ့ဆုံခဲ့သမျှ ပွဲတိုင်းတွင် သူပုန် သူကန်ကဲ့သို့ရှုမြင်သုံးသပ်ကာ ပစ်ခတ် သတ်ဖြတ်သော နည်းလမ်းကိုသာ အစဉ်တစိုက် ရွေးချယ်ခဲ့သည်။ ၁၉၆၂ ခုနှစ် မတ်လ ၂ ရက်နေ့တွင် ပြည်သူတင်မြှောက်ထားသော အစိုးရ တစ်ရပ်ဆီမှ အာဏာအရပ်ရပ်ကို လုယူခဲ့ပြီးလျှင်ပြီးချင်း ဇူလိုင် ၇ ရက်နေ့တွင် သမိုင်းဝင် ကျောင်းသားသမဂ္ဂ အဆောက် အအုံကို မိုင်းခွဲကာ တက္ကသိုလ်နယ်မြေကို စစ်တလင်းဖြစ်အောင် ဖန်တီးလျက် ကျောင်းသားများကို သေနတ်ပစ်ကွင်းအဖြစ် လေ့ကျင့်ရသော အရသာကို နှစ်ခြိုက်ခဲ့ခြင်းဖြစ်သည်။ ထိုနည်းဖြင့် ကြိမ်ဖန်များစွာ နိုင့်ထက်စီးနင်း လုပ်နိုင်ခဲ့ခြင်းအပေါ် မစွန့်လွှတ်နိုင်ဘဲ ဆက်လက်ကျင့်သုံးခဲ့ပြန်၏။ သို့သော် ၁၉၈၈ ခုနှစ် မေလ ၁၃ ရက်နှင့် ၁၆ ရက်၌ အဆိုပါနည်းစနစ်ဟောင်း သည် မီးလောင်ရာလေပင့် ဖြစ်ခဲ့ရပြီး မဆလ အစိုးရအတွက် ကိုယ့်သေတွင်း ကိုယ်တူးလိုက်ခြင်းပင်ဖြစ်သည်။

“မခံချင်စိတ်က အဓိကလို့မြင်တယ်။ မတရားမှုအပေါ်မှာ မခံချင်စိတ်၊ ကျောင်းသားကိုထိရင် မခံချင်စိတ်။ နောက်ပြီး လုပ်ပုံ ကလည်း လွန်လွန်ကျူးကျူး၊ စည်းမဲ့ကမ်းမဲ့။ တမင်သက်သက်နှိပ်စက်တာဆိုတဲ့ မခံချင်စိတ်၊ နာကျည်းစိတ်တွေပေါင်းပြီး လုပ်တဲ့သူတွေကို ပြန်ချရမယ်။ တုတ်နဲ့ရိုက်မယ်၊ ခဲနဲ့ပစ်မယ်။ နောက်ဆုံး ဘာမှမရှိရင် ပါးစပ်နဲ့ဆဲမယ်ဆိုတဲ့စိတ်နဲ့ လုပ်ကြ တာ။ အဲဒီလို မခံချင်စိတ်တွေ စုမိတဲ့အခါကျတော့ အင်အားကများသွားရော” ဟု ထိုစဉ်က ကျောင်းသားခေါင်းဆောင်ဖြစ်သူ မင်းဇေယျက သုံးသပ်ပြောကြားသည်။

ကနဦးတွင် မခံချင်စိတ်၊ ဒေါသစိတ်များဖြင့်သာ တုံ့ပြန်ခဲ့ကြခြင်းဖြစ် ပြီး ကျောင်းသားပဋိပက္ခတိုင်းသည် အစပိုင်း၌ ကျောင်းသားအရေးကိုသာ တစိုက်မတ်မတ် တောင်းဆိုခဲ့ကြခြင်းဖြစ်ကြောင်း၊ ထိုအဆင့်၌ ပြဿနာကို ပြေလည်အောင် မဖြေ ရှင်းပက နိုင်ငံရေးလှုပ်ရှားမှုအဆင့်သို့ ကူးပြောင်းသွားနိုင်ကြောင်း သူ့အတွေ့အကြုံအရ ပြောခြင်းဖြစ်သည်။

ကျောင်းသားများ၏ တောင်းဆိုချက်များကို ညှိနှိုင်းဆောင်ရွက်ခြင်းမပြုဘဲ အကြမ်းဖက်နှိမ်နင်းသောအခါ ပြည်သူတစ်ရပ်လုံး ပါဝင်လာပြီး ပဋိပက္ခများလည်း ပိုမိုကျယ်ပြန့်လာသကဲ့သို့ နိုင်ငံရေးစနစ်ကိုပါ ပြောင်းလဲပစ်ရန်အထိ အမြင်ကျယ်လာခဲ့ကြ သည်။ ထိုအခါ ‘ဒီမိုကရေစီရရှိရေး ဒို့အရေး’ ဟူသော နိုင်ငံရေးလက်နက်တပ်ဆင်မိသောအဆင့်ရောက်သည်အထိ နက်ရှိုင်း သွားခဲ့သည်။

မြန်မာ့သမိုင်း စာမျက်နှာများတွင် ရှစ်လေးလုံးအရေးတော်ပုံဟု ကမ္ပည်းသစ်ထိုးနိုင်ခဲ့သော ခေတ်ပြောင်း၊ စနစ်ပြောင်း တော်လှန်ရေးကြီး၏ ပထမဦးဆုံးခြေလှမ်းမှာ March Affair (မတ်အရေးတော်ပုံ)ပင်ဖြစ်သည်။ မတ်လ ၁၇ ရက်နေ့ တွင် ရန်ကုန်တက္ကသိုလ် (ပင်မ)ဝင်းအတွင်း၌ တတဖ(တိုးတက်သော တက္ကသိုလ်ကျောင်းသားများအဖွဲ့) ကိုဖွဲ့စည်းနိုင်ခဲ့ ခြင်းသည် အာဏာရှင်လက်ထက်၌ နှစ်ပေါင်း ၂၀ ကျော် ပျောက်ကွယ်ခဲ့သော ကျောင်းသားအဖွဲ့အစည်းတစ်ရပ်ကို ပထမဆုံး အကြိမ်ဖွဲ့စည်းနိုင်ခဲ့ခြင်းဖြစ်ကြောင်း တတဖ ဥက္ကဋ္ဌ မင်းဇေယျက ပြောသည်။

March Affair မှ ခွပ်ဒေါင်းအလံကို June Affair မှ ကျောင်းသားများက ဆက်လက်သယ်ဆောင်နိုင်ခဲ့သည်။ ဇွန်အရေးတော်ပုံသည် ရန်ကုန်တက္ကသိုလ် (ပင်မ) ၏ စာကြည့်တိုက်ရှေ့ သပိတ်စခန်းမှ စတင်ခဲ့လေပြီ။ မဆလ အစိုးရကို ဒူးဖြင့်တက်တိုက်သော ဘာမထီစိန်ခေါ်မှုတစ်ရပ်ပင် ဖြစ်သည်။

ဇွန်အရေးတော်ပုံ၏ ထူးခြားချက်မှာ မေအရေးတော်ပုံအတွင်း တောင်းဆိုခဲ့သော ကျောင်းသားအရေးကို ကျော်လွန်၍ နိုင်ငံ့ အရေးသို့ တက်လှမ်းနိုင်ခဲ့သည့် ပိုမိုကြီးမားသော ကျောင်းသားသပိတ်ကြီးအဖြစ် မှတ်တမ်းတင်ရမည်ဖြစ်သလို ဇွန် ၂၁ တွင် ဖြစ်ပွားခဲ့သော မြေနီကုန်းအရေးအခင်း၌ အဖြူ၊ အစိမ်းဝတ် ကျောင်းသား လူငယ်များအပါအဝင် ဆန္ဒပြသူများအား လုံ/ထိန်း ကားဖြင့် တိုက်သတ်ခံရခြင်း၊ သေနတ်ဒဏ်ရာများဖြင့် သေဆုံးရခြင်းကြောင့် အနီးပတ်ဝန်း ကျင်မှ ပြည်သူလူထုက မခံမရပ် နိုင်ဖြစ်ကာ ရရာလက်နက်များဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့ကြရာ လုံ/ထိန်းများလည်း သေဆုံးခဲ့ရသည်။

ဇွန်အရေးတော်ပုံမှ မြေနီကုန်းအရေး အခင်းသည် ကျောင်းသားသပိတ်ဆီသို့ ပြည်သူများပါဝင်လာခဲ့ခြင်းဖြင့် တစ်နိုင်ငံလုံး ဆိုင်ရာ ရှစ်လေးလုံး ပြည်သူ့အရေးတော်ပုံကြီးဆီသို့ စတင်အသွင်ပြောင်းသွားသော လှုပ်ရှားမှုကြီးပင်ဖြစ်ပါကြောင်း။

ဝ၂၆

Leave a Reply

Your email address will not be published.