သွေးဆာနေသော လက်မရွံ့အာဏာသားများ

မဆလအစိုးရ၊ နဝတအစိုးရ၊ နအဖအစိုးရမှသည် ယနေ့ခေတ် ကျီးအာသီးအစိုးရ အဆက်ဆက်တိုင်အောင် လက်ဆင့်ကမ်း သယ်ဆောင်လာပြီး ဖင်ထိုင်ခုံနှင့် ဓာတ်မတည့်သည့် အနာပဆုတ် ပြည်ပုပ်ထုတ်လာတိုင်း မှီဝဲသုံးဆောင်လေ့ရှိသော နန်းတွင်း အကျော် ရာဇပလ္လင် ဖင်ကပ်ရေးဆေးစွမ်းကောင်းတစ်လက် ရှိပေ၏။ ပလ္လင်နှင့်ဖင် တစ်သားတည်းကျရေး၌ ဆေးညွှန်းနှင့် အညီ ဖော်စပ်သောက်သုံးကြရာဝယ် ရောဂါအစ ပထမတွင် မဖြစ်မနေ သောက်သုံးရသောဆေးနည်းမှာ တာဝန်ဟူသည့် လက်ပတ်အနီပတ်ထားသော ဆေးပုလင်းကို လှုပ်သောက်ရခြင်းဖြစ်သည်။ ထိုဆေးကို အာဇာနည်သွေး၊ ရဟန်းသံဃာ အသား၊ ကျောင်းသားအရိုး၊ ပြည်သူ့အသက်များဖြင့် အချိုးကျဖော်စပ်ထားခြင်းဖြစ်ရာ မတ်လ ၅ ရက်နေ့က ရန်ကုန်မြို့ ဆူးလေ စေတီတော်ခြေရင်းတွင် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်လျက်ရှိသော တက္ကသိုလ်ကျောင်းသားများနှင့်ပြည် သူများအပေါ် တရားဝင်ခွင့်ပြုမိန့်ဖြင့် စိတ်တိုင်းကျ ရိုက်နှက်စော်ကားခဲ့သော လက်ပတ်အနီ ဒုစရိုက်တပ်မကြီးကို ယခုအပတ်၏ သွေးဆာနေသော လက်မရွံ့အာဏာသားများ သတင်းလူသား(များ) အဖြစ် ဖော်ပြအပ်ပါသည်။

ဒုစရိုက်သမားများအတွက် အနီရောင်သည် သွေးဆာခြင်းဖြစ်၍ လက်မရွံ့အာဏာသားများအချင်းချင်း အမှတ်အသား ပြုနိုင်ရန် လက်မောင်းတွင် တာဝန်ဆိုသော အက္ခရာစာလုံးကို လျှို့ဝှက်အမှတ်အသားအဖြစ် ပတ်ထားကြခြင်းဖြစ်သည်။ တာဝန်ဟူသည်မှာ တရားဝင်ဟု အဓိပ္ပာယ်သက်ရောက်၏။ လူသတ်သမား လက်မောင်းမှ တာဝန်သည် လူသတ်ပိုင်ခွင့်ပင် ဖြစ်သည်။ မုဒိမ်းသမားလက်မောင်းမှ တာဝန်သည် မုဒိမ်းကျင့်ပိုင်ခွင့်ပင်ဖြစ်၏။ သို့အတွက်ကြောင့် တာဝန်ဟူသော လက်ပတ်သည် သူတော်ကောင်းဥစ္စာမဟုတ်၊ လူကောင်းတို့၏ချပ်ဝတ်တန်ဆာမဟုတ်၊ ဂုဏ်သရေရှိသူတို့၏ အဆောင် အယောင်မဟုတ်။ လူ့ဘဝတွင် ထောက်ရာ၊ တည်ရာမရှိသူများအတွက်သာ မက်မောဖွယ် အရိုးအရင်းတစ်ချောင်း ဖြစ်လိမ့် မည်။ တစ်နည်းအားဖြင့်ဆိုသော် လူ့ဘောင်သို့ တာဝန်မဲ့ရောက်လာသူများ၊ လူတန်းစေ့မနေခဲ့ကြရသူများ၊ တစ်ကြိမ်တစ်ခါမျှ လူရာမဝင်ခဲ့ကြသူများသည် ပညာတတ်တက္ကသိုလ် ကျောင်းသားများအပေါ် ရိုက်နှက် ဖမ်းဆီးပိုင်ခွင့်ရလာသောအခါ ဝမ်းမြောက်ဝမ်းသာ နှိပ်စက်ကြတော့သည်။ ဂျလေဘီများ၊ အာဝါဒါးများ၊ ဂျလွတ်ပလွတ်များ၊ ခိုးဆိုးခါးများဖြင့် ပေါင်းစုထား သည့် လက်ပတ်နီတပ်ပေါင်းစုကြီးသည် ဒီမိုကရေစီ အင်အားစုများကို ရိုက်နှက်သတ်ဖြတ်ရန်အလို့ငှာ အသွင်သဏ္ဌာန်အမျိုးမျိုးဖြင့် ရှင်သန်ခဲ့ပြီးဖြစ်သည်။ စွမ်းအားရှင်အဖြစ်တစ်မျိုး၊ ဒေါသထွက်နေသော လူအုပ်ကြီးအဖြစ်တစ်လီ၊ တာဝန်သိ လုပ်သားပြည်သူများ အဖြစ်တစ်ဖုံ၊ တည်ငြိမ်အေးချမ်းစွာ နေထိုင်လိုသော ပြည်သူများအဖြစ်တစ်လှည့်၊ နိုင်ငံတော်၏စေတနာကို နားလည်သူများအဖြစ် တစ်သွင်၊ အမျိုးဘာသာကိုချစ်မြတ်နိုးသူများအဖြစ် တစ်ခန်း ကြုံရာကျပန်း စရိတ်ငြိမ်း ၃၀ဝ၀ စခန်း၌ ပျော်စံလျက်ရှိကြကုန်၏။

ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ဒီပဲယင်းလုပ်ကြံခံရမှုမှစတင်ကာ ကမ္ဘာသိထင်ရှားခဲ့သော အဆိုပါအဖွဲ့ ကြီးသည် ကိုလိုနီခေတ်က ပေါက်ဖွားခဲ့သည့် ဂဠုန်ဦးစော၏ မျိုးချစ်ပါတီမှ ဝါးရင်းတုတ် လက်ပါး စေများကဲ့သို့ နောင်တစ်ချိန် တွင် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းကို လုပ်ကြံကြမည့်သူများ နှင်နှင် ဖြစ်မလာနိုင်ဟု မည်သူမျှ တာဝန်ခံ နိုင်မည်မဟုတ်။ သမိုင်းသင်ခန်းစာတစ်ရပ်အနေဖြင့် ထိုသို့ ပညာမဲ့၊ အခြေအနေမဲ့များကို မြန်မာ့မြေပေါ်တွင် ထင်ရာစိုင်းခွင့်ပြု ထားမည်ဆိုပါက နောက်ထပ်အာဇာနည် ခေါင်းဆောင်များ ထွက်ပေါ်လာကြလိမ့်ဦးမည်။ ယခုအချိန်မှစ၍ တာဝန်လက်ပတ် အနီ ပတ်ထားသူများကို မိမိတို့တတ်စွမ်းသမျှ တွန်းလှန်နှိမ်နင်းကြမှ တော်ကာကြလိမ့်မည်ဖြစ်ခြင်းကြောင့် ‘တာဝန်ဟူသမျှ ဆန့်ကျင်ကြ’ရန် လိုအပ်သည်။ နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှူးတစ်ဦးနှင့်သမ္မတပြောရေးဆိုခွင့်ရှိသူက လက်ပတ်နီ ဂိုဏ်းသားများကို အသုံးပြုခြင်းသည် ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ပုဒ်မ-၁၂၇၊ ၁၂၈ တို့နှင့်အညီ ကျင့်သုံးခြင်းဖြစ်ကြောင်း ပြောဆိုခဲ့ရာ အဆိုပါဒုစရိုက်ဂိုဏ်းကို အစိုးရက တရားဝင်အသုံးပြုခဲ့ခြင်းဟုဆိုရာ ရောက်သည်။ ငြိမ်းချမ်းစွာ ဆန္ဒပြနေသော ကျောင်းသားများကို လူစုခွဲရာမှာ လက်ပတ်နီ ဒုစရိုက် ဂိုဏ်းသားများကို ထိုးကြိတ်ရိုက်နှက်ပိုင်ခွင့် မည်သူကပေးထား သနည်း။ မိတ္ထီလာနှင့် မန္တလေးတို့၌ ဖြစ်ပွားခဲ့သည့် အကြမ်းဖက် ပဋိပက္ခများအတွင်း လက်ပိုက်ကြည့်နေသော ရဲတပ်ဖွဲ့ဝင်များ နှင့် လက်ပံတန်း၊ ရန်ကုန်မှ ကျောင်းသားသပိတ်များအတွင်း လွန်စွာအင်အားတောင့်တင်းသော ရဲတပ်ဖွဲ့အကြား မည်သို့ကွာ ခြားသနည်း။ ထိုစဉ်က ဒေါသထွက်နေသော လူအုပ်ကြီးနှင့် ယခုလက်ပတ်အနီရောင်ဝတ်များအကြား မည်သို့ကွာခြား သနည်း။ ထိုစဉ်က အကြမ်းဖက်သတ်ဖြတ်မှုများနှင့် ယခုအကြမ်းဖက်နှိမ်နင်းမှုများအကြား မည်သို့ကွာခြားသနည်းဟု စဉ်းစားစရာ ဖြစ်ရသည်။ အဆိုပါဖြစ်ရပ်များ၏ နောက်ကွယ်မှ အမြင့်ဆုံးတာဝန်ရှိသူမှာ ကိုယ်ပျောက်ဝိဇ္ဇာ တစ်ဦးပမာ ခြေရာ လည်း ပျောက်ရေလည်း နောက်ခဲ့လေပြီ။ အမှန်တကယ်ကိုပင် စွမ်းအားရှင် ပီသပါပေ၏။ ကျောင်းသားသပိတ်ဟူသောအသံ ကို ကြားရုံကာမျှဖြင့် ထိုင်ခုံပေါ်တွင် မေးတင်ထားသည့် ဖင်တစ်စုံမှာ အလိုလိုယားယံလာတတ်ပြီး ဖင်အရေး ရတက်မအေး ဖြစ်ကြရသောအခါ ဟီရိသြတ္တပ္ပတရား မရှိရှာတော့ဘဲ အဖေဆိုးများ အမွေပေးခဲ့သည့် ဓလေ့ဆိုးများအတိုင်း အကြမ်းဖက်ခြင်း ဖြင့်သာ ဖြေရှင်းလေ့ရှိရာ ယခုလည်း ကလေကချေများကို တာဝန်တံဆိပ်ကပ် လက်ပတ်အနီများတပ်ကာ တက္ကသိုလ် ကျောင်းသားများအား သူခိုးဓားပြ ဖမ်းဆီးသကဲ့သို့ အမုန်းစိတ်နှင့် ထိုးကြိတ်ရိုက်နှက်ခဲ့ကြသော လက်ပတ်အနီ ဒုစရိုက် ဂိုဏ်းသားများကို ယခု အပတ်၏ သွေးဆာနေသော လက်မရွံ့အာဏာသားများ သတင်းလူသား (များ) အဖြစ် ဖော်ပြအပ်ပါသည်။

ဝ၂၆

Leave a Reply

Your email address will not be published. Required fields are marked *