လက်ရှိစစ်တပ်နဲ့ အစိုးရဟာ ရှေ့နိုင်ငံရေးခရီးစဉ်တွေမှာ သူတို့အကျိုးစီးပွား ထိခိုက်သည်အထိ လိုက်လျောပေးမည်မဟုတ်ဟု ထင်မြင်ထားသော ကိုဇော်ဝင်း(ပြည်မြို့)

သူ့ကိုစတွေ့တော့ ပိန်ပိန်သွယ်သွယ်၊ အသားညိုညို၊ ပါဝါမျက်မှန်ထူထူကြီး တပ်ထားလျက် ကွမ်းစားလွန်းသည့်အတွက် နှုတ်ခမ်းများက ကွမ်းဒဏ်ဝနေသည့် လူတစ်ဦး။ သူနှင့် စကားပြောကြည့်တော့ ပြည်မြို့မှာ သုခစာပေ ပြန်လည်ပျိုးထောင်ရန် သူနှင့် ဆရာဘုန်းတို့ လုံးပန်းနေသည့်အကြောင်း သိရသည်။ သုခစာပေသည် မြန်မာစာပေဖြန့်ချိရေးတွင် အလွန်နာမည် ကောင်းဖြင့် ကျော်ကြားခဲ့သော၊ အောင်မြင်ခဲ့သော ပြည်မြို့၏ အကျိုးဆောင်စာအုပ်တိုက် ဖြစ်ခဲ့သည်။

သူ့ကိုကြည့်၍ နိုင်ငံရေးတွင် အေးတိအေးစက် ပါဝင်ပတ်သက်ခဲ့လိမ့်မည်ဟု ယူဆမိသည်။ အသက်အရွယ်အရလည်းကောင်း၊ ဖြတ်သန်းမှုများအရလည်းကောင်း မြန်မာ့နိုင်ငံရေးအပေါ် ကောင်းစွာနားလည်ထားသည်ကို ဆွေးနွေးမေးမြန်းရင်း သိလာရ သည်။ သူပြောပြသည့် အဖြစ်အပျက်များကြောင့် ပြည်မြို့၏ နိုင်ငံရေးပုံရိပ်များ ပို၍ ထင်သာမြင်သာ ရှိလာပါတော့သည်။

“ပြည်မှာ ၈၈ ကာလတုန်းက အရင်ဆုံးစပြီးဖြစ်တဲ့ ပြဿနာက ဘာသာရေး အဓိကရုဏ်း စဖြစ်တာ။ အာဏာပိုင်တွေက ဖန်တီးလိုက်တာ။ ဘာဖြစ်လို့ ဖန်တီးလိုက်သလဲဆိုတော့ ကျွန်တော်တို့ ပြည်မြို့က ဟိုဘက်မှာက ရခိုင်ပြည်နယ်ရှိတယ်။ အဲဒီကနေလည်း ရန်ကုန်ဘက်ကို ကူးစက်သွားနိုင်တယ်။ မန္တလေးဘက်ကိုလည်း ဖြန့်ထွက်သွားနိုင်တယ်။ ဧရာဝတီတိုင်း ကလည်း ကျွန်တော်တို့နဲ့ ဆက်စပ်နေတယ်။ ကျွန်တော်တို့ ပြည်မြို့က စစ်ရေးအမြင်အရပြောရရင် အချက်အချာကျနေတယ်။ အဲဒီတော့ ၈၈ အရေးတော်ပုံကြီးကို ပြည်မြို့မှာ ဂိတ်တံတားပိတ်လိုက်တဲ့သဘောနဲ့ ဘာသာရေးပဋိပက္ခ ဖန်တီးပြီး အာရုံလွှဲ လိုက်တာပါ။ ဆိုပါတော့ဗျာ။ ပြည်မှာ ဘာသာရေးအဓိကရုဏ်းက ၈၈ ထက် အရင်စဖြစ်တယ်။ ဖြစ်စဉ်ကို ကျွန်တော် အသေး စိတ်မပြောတော့ဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ အာရုံလွှဲသလို လူထုက အာရုံမလွဲဘဲ ၈၈ အရေးတော်ပုံ ပြည်မြို့မှာ အကြီး အကျယ် ဖြစ်ပေါ်ခဲ့လို့ပဲ။ သူတို့က ဘာသာရေးပဋိပက္ခကို အကြောင်းပြုပြီး ပုဒ်မ ၁၄၄ ထုတ်တယ်။ စစ်အုပ်ချုပ်ရေး လုပ်လိုက် တယ်။ အဲဒီတော့ တစ်နိုင်ငံ လုံး ၈-၈-၁၉၈၈ အတွက် ဆန္ဒပြဖို့ လုပ်နေပေမယ့် ပြည်မှာက စဖို့ခက်နေတာပေါ့။ အဲဒီကြားထဲက ကို ကျောင်းသားတွေ၊ ရဟန်းပျိုတွေက မရမက ထိုးဖောက်ပြီး ကြိုးစားကြလို့ ပြည်မှာ ရှစ်လေးလုံးအရေးတော်ပုံ စနိုင်ခဲ့ တာပါ။ ပြည်မှာ စစ်အုပ်ချုပ်ရေး ကြေညာထားတဲ့ကြားထဲကနေ ပြည်မြို့ဇောတိကာရုံကျောင်း တိုက်ကနေစပြီး ရဟန်းပျို တွေနဲ့ ပူးပေါင်းပြီး ချီတက်ပွဲဖြစ်သွားတာ။ အဖြိုခွဲခံလိုက်ရတယ်။ အဲဒါပြီးတော့မှ စစ်အုပ်ချုပ်ရေး ရုပ်သိမ်းတယ်ဆိုပြီး ကြေ ညာချက်ထွက်လာတယ်။

ပထမတော့ ကျွန်တော်တို့ ဝင်မပါ သေးဘူး။ အများနည်းတူ စောင့်ကြည့်နေတာပေါ့။ ဇောတိကာရုံကျောင်းတိုက်ကနေ စတယ်။ ရဟန်းပျိုတွေ၊ ကျောင်းသားတွေ လှုပ်ရှားကြတယ်။ စစ်အုပ်ချုပ်ရေး ပြန်ရုပ်သိမ်းသွားပြီဆိုတော့မှ ပြည်သူတွေပါ အကုန်ဝင်ပါလာကြတာ။ ကျွန်တော်တို့လည်း ဝင်လှုပ်ရှားဖြစ်ကြတာပေါ့။ ပထမအချီ လှုပ်ရှားတုန်းက အဖမ်းခံထားရတဲ့ ကျောင်းသားတွေရှိတယ်။ ထောင်ထဲကို ပို့ခံထားရတာ။ ကျွန်တော်တို့က အဲဒီထောင်ကို သွားဝိုင်းပြီး အဖမ်းခံထားရတဲ့ ကျောင်းသားတွေ အကုန်ပြန်လွှတ်ပေးဖို့ သွားတောင်းဆိုကြတာ။ အကုန်ပြန်လွှတ်ပေးတယ်။ နောက် ပါတီယူနစ်ရုံးကို ဝိုင်းတယ်။ ပါတီဆိုင်းဘုတ်တွေ ဖြုတ်ချတယ်။ အဲဒီမှာ စာတန်းတစ်ခု ချိတ်ထားခဲ့တာလေး မှတ်မိတယ်ဗျ။ “မဆလ ပါတီဦးဆောင် တိုင်းပြည်ပြောင်” ဆိုတဲ့ စာတန်းပေါ့ ဗျာ။

ထိုစဉ်က သူသည် ဝန်ထမ်း။ ဝန်ထမ်းဆိုသည့်တိုင် ရိုးရိုးဝန်ထမ်းမဟုတ်။ အုပ်ချုပ်ရေးအဝ၀ကို ကိုင်တွယ်ရသော ပြည်ထဲရေး ဝန်ကြီးဌာနလက်အောက်ရှိ ထွေ/အုပ် ဌာနမှဝန်ထမ်း။ ထို့ကြောင့် မြို့၏ အဆောက်အအုံ အတော်များများ၊ နေရာဒေသ အတော်များများကို နားလည်သည်။ လူထုပါဝင်သောပွဲမျိုးကို စီမံခန့်ခွဲတတ်သည်။ ထို့ကြောင့်ပင် စနစ်ကျသော လူထုဆန္ဒပြပွဲ များကို နေရာချထားနိုင်ခဲ့သည်။

“အဲဒီတုန်းက ကျောင်းဆရာ ကိုချစ်ဝမ်းတို့က အခု လွတ်လပ်ရေးကျောက်တိုင်ကြီးရှိတဲ့ကွင်း၊ အမှတ် (၁) ကျောင်းဝင်းထဲက ကွင်းကြီးထဲမှာ တရားဟောမယ်ဆိုပြီး စင်တွေဘာတွေ ပြင်ဆင်ထားကြတာ။ ဒါပေမဲ့ အဲဒီမှာက ရေတွေ၊ ဗွက်တွေနဲ့ဗျာ။ အဲဒါနဲ့ ကျွန်တော် ဒီယဉ်ကျေးမှုရုံကြီးကို ကြည့်လိုက်တော့ ဒါက ကျွန်တော်တို့ ထွေ/အုပ်က ကိုင်ထားတာ။ အဲဒီမှာ အစောင့်ချထားတဲ့ အမျိုးသမီးဝန်ထမ်းက ကျွန်တော်တို့ဌာနက ဝန်ထမ်း။ ကျွန်တော် သူ့ဆီက သော့သွားတောင်းတယ်။ ပြီးတော့ တရားဟောတာကို ဒီရုံကြီးထဲမှာလုပ်ပါ၊ မိုးလုံလေလုံတယ်ဆိုပြီး ကိုချစ်ဝမ်းတို့ကို သွားခေါ်တယ်။ ပြီးတော့ လက်ဖက်ရည်ဆိုင်မှာထိုင်ပြီး ဒီရုံကြီးကို သပိတ်ကော်မတီကသိမ်းဖို့ ဆုံးဖြတ်လိုက်တာပါ။ ကျွန်တော်ရယ်၊ ရှေ့နေ ကိုဝင်းနိုင် ရယ်၊ ကိုဇော်ကြီးရယ် လက်ဖက်ရည်ဆိုင်မှာထိုင်ပြီး အဲဒီရုံကြီးကိုသိမ်းဖို့ တိုင်ပင်ကြတာ။

အဲဒီကာလတုန်းက ပြည်မြို့ပေါ်မှာ အုပ်ချုပ်ရေးယန္တရားက ပျက်နေပြီ။ ဝန်ထမ်းတွေလည်း အလုပ်မဆင်းကြတော့ဘူးလေ။ ကျွန်တော် အဲဒီယဉ်ကျေးမှု ရုံကြီးရဲ့ သော့ကိုင်တဲ့ အဒေါ်ကြီးဆီမှာ သော့သွားတောင်းတော့ ဟဲ့ ဖိုးဇော်ဝင်း နင်ဘာလုပ်မလို့လဲ တဲ့။ မဟုတ်ဘူး။ ကျွန်တော်တို့ ဒီမှာ တစ်မြို့လုံး သပိတ်မှောက်ဆန္ဒပြနေပြီ။ ကျွန်တော်တို့ သပိတ်အဖွဲ့တွေ ပြည်မြို့ကို ထိန်းသိမ်းထားပြီ။ ဒီခန်းမကြီးရဲ့သော့ကို ကျွန်တော့်ကိုပေး။ ပြဿနာဖြစ်လာရင် ကျွန်တော် တာဝန်ယူပါတယ်ဆိုပြီး တောင်း လာလိုက်တယ်။ ဆိုပါတော့ အဲဒီမှာ သပိတ်စခန်းဖြစ်သွားတယ်”

ပြည်မြို့သည် မြန်မာနိုင်ငံအလယ်ပိုင်းဒေသအတွက် အချက်အချာကျသည်။ ဝန်ထမ်းပေါင်းစုံရှိကြသည်။ ထို့ကြောင့် ရှစ်လေး လုံးကာလတွင် ကျောင်းသားများ သပိတ်ကော်မတီ ပေါ်ပေါက်ခဲ့သလို ဝန်ထမ်းပေါင်းစုံပါဝင်သော ဝန်ထမ်းသမဂ္ဂဖွဲ့စည်းကာ သပိတ်မှောက်ရန် ပြင်ဆင်ကြသည်။ ထိုဝန်ထမ်းသမဂ္ဂနှင့် ပတ်သက်၍ ကိုဇော်ဝင်းက ဆက်ရှင်းပြပါသည်။

“ဝန်ထမ်းပေါင်းစုံသမဂ္ဂ ဖွဲ့မယ်ဆိုတော့ ကျွန်တော်ရှင်းပြတယ်။ ဒီဝန်ထမ်းပေါင်းစုံသမဂ္ဂမှာ ပါဝင်မယ့်သူတွေဟာ ဖောင်ဖျက် နိုင်ဖို့လိုတယ်။ ဘယ်သူဝင်လုပ်လုပ် ဖောင်ဖျက်ရဲဖို့လိုတယ်။ ဒီတိုက်ပွဲမှာ မနိုင်ခဲ့ရင် အလုပ်ပြုတ်မှာ သေချာတယ်။ ဒီအစိုးရ ကလည်း လွယ်လွယ်နဲ့ အလျှော့ပေးမှာမဟုတ်ဘူး။ ဒါကြောင့် သမဂ္ဂမှာ ဦးဆောင်ပါဝင်မယ့်သူဟာ ဖောင်ဖျက်ရဲမှဖြစ်မယ်။ ဖောင်ဖျက်ပြီးတိုက်မှရမယ်။ ဘာဖြစ်လို့လဲဆိုတော့ တစ်နိုင်ငံလုံးက ကြားဖြတ်အစိုးရ ဖွဲ့ပေးပါလို့ တောင်းနေတယ်။ အစိုးရက ဖွဲ့မပေးဘူး။ စစ်တပ်က အာဏာပြန်သိမ်းချင်သိမ်းနိုင်တယ်။ ဒါကြောင့် ပါဝင်မယ့်သူတွေ သေချာစဉ်းစားပါဆိုပြီး စားပွဲပေါ်မှာ စာအုပ်တစ်အုပ် တင်လိုက်တယ်။ ပါဝင်မယ့်သူတွေ ကိုယ့်သဘောနဲ့ကိုယ် လက်မှတ်ထိုးကြပါလို့ ဖွင့်ပေးလိုက်ပါတယ်”

ပြည်မြို့၏ ဝန်ထမ်းပေါင်းစုံသမဂ္ဂ ဖွဲ့စည်းဖြစ်ခဲ့သည်။ စုစုပေါင်း ၇ ဦး ပါဝင်ခဲ့ပြီး ကိုဇော်ဝင်းက တွဲဖက်အတွင်းရေးမှူး တာဝန်ယူခဲ့သည်။ ထို့နောက် အတွင်းရေးမှူး တာဝန်ယူခဲ့သည်။ ထိုကာလမှာပင် စစ်တပ်က အာဏာသိမ်းလိုက်သည်နှင့် ကြုံခဲ့ရသည်။

စစ်အာဏာသိမ်းပြီးနောက် ပြည်မြို့ရှိ သပိတ်ဦးဆောင်ခဲ့သူများကို ခဝတ ဥက္ကဋ္ဌ (ဂျီဝမ်း) က ခေါ်ယူတွေ့ဆုံကာ ဝန်ထမ်း များက အလုပ်ပြန်ဆင်းရန် ညှိနှိုင်းခဲ့သည်။ ကိုဇော်ဝင်းက မဆင်းဘဲ အလုပ်မှနုတ်ထွက်ကာ နိုင်ငံရေးလမ်းကြောင်းပေါ်သို့ ခြေစုံပစ်ဝင်ခဲ့သည်။ ဇနီးဖြစ်သူက ထွေ/အုပ် ရုံးမှာပင် ဝန်ထမ်းအဖြစ် ကျန်ရစ်ခဲ့သည်။ NLD ပါတီ ပေါ်ပေါက်လာချိန်တွင် ပါတီဝင်ရန် လာရောက်ခေါ်ယူစဉ် ကိုဇော်ဝင်း စဉ်းစားသည်။ သူစဉ်းစားသည်က စစ်အစိုးရကိုမယုံ။ တမင်ဟန်ပြ ဒီမိုကရေစီ လမ်းခင်းသည်ဟု မြင်သည်။ ဆက်လက်ကာ လူထုတိုက်ပွဲ ဆင်နွှဲရဦးမည်ဟုတွေးကာ NLD ပါတီသို့ မဝင်ဖြစ်ခဲ့။ ထိုကာလ တွင် ဖွဲ့စည်းဖြစ်ကြသည့် ပါတီများကို လေ့လာသည်။ ထို့နောက် ပြည်သူ့တိုးတက်ရေးပါတီသို့ ဝင်ရောက်ဖြစ်ခဲ့သည်။

“အဲဒီတုန်းက ပါတီခေါင်းဆောင်က ဦးခင်မောင်မြင့်။ နောက် ကျွန်းပြန် ဦးလှရွှေတို့ ပါလာတယ်။ သူတို့က ဖောင်ဖျက်ပြီး တိုက်လာတဲ့ အုပ်စုတွေ။ ဒီပါတီတော့ ဝင်မယ်လို့ ဆုံးဖြတ်လိုက်တယ်။ တစ်နေ့ကျတော့ ပြည်ကို မြင်းခြံ ကိုအောင်သူ ရောက်လာတယ်။ သူက မန္တလေးတက္ကသိုလ်ရဲ့ တကသ အတွင်းရေးမှူးလုပ်ခဲ့တဲ့သူ။ ပါတီမှာ သူ့တာဝန်က အထက် မြန်မာပြည်အတွင်းရေးမှူး။ ဦးလှရွှေက အောက်ဗမာပြည်အတွင်းရေးမှူး။ အထွေထွေအတွင်းရေးမှူးက ကိုညွန့်ဝင်း။ ပြည်မှာ ပြည်သူ့တိုးတက်ရေးပါတီ ဖွဲ့မယ်ပေါ့ဗျာ။ ဖွဲ့ကြတယ်ပေါ့။ ကျွန်တော့်ကို ပြည်မြို့နယ်ရဲ့ အတွင်းရေးမှူး တာဝန် ပေးတယ်။ နောက်တော့ စစ်အစိုးရက ဦးခင်မောင်မြင့်ကို တောတွင်းနဲ့ အဆက်အသွယ်ရှိတယ်ဆိုပြီး ဖမ်းတယ်။ ပါတီကိုပါ မတရားအသင်း ကြေညာလိုက်တယ်။ ရွေးကောက်ပွဲ မဝင်ခင်မှာပေါ့”

“ကျွန်တော်တို့ ပါတီဥက္ကဋ္ဌ ဦးခင်မောင်မြင့်ကို ဖမ်းရတာက အဲဒီတုန်းက နဝတအစိုးရနဲ့ ဒီမိုကရေစီဖော်ဆောင်မယ့် ပါတီ ပေါင်း ၁၁၀ နဲ့ တွေ့ဆုံမယ့်အရေးမှာ ဦးခင်မောင်မြင့်က ပါတီအားလုံးရဲ့ကိုယ်စား ဒေါ်အောင်ဆန်းစုကြည်ကို စစ်အစိုးရနဲ့ တွေ့မယ့် ကိုယ်စားလှယ်အဖြစ်တင်တယ်။ ပြည်သူ့တိုးတက်ရေးပါတီအနေနဲ့ အရင်ဆုံး လက်မှတ်ထိုးပြီးတင်တာ။ သူ့ကို ဖမ်းတဲ့အခါ အဲဒီတုန်းက သခင်ဇင်ရဲ့ဇနီး ဒေါ်ကြည်ကြည်ဆိုတာရှိတယ်။ ဒေါ်ကြည်ကြည်က ဗိုလ်မှူးချုပ် ကျော်ဇောရဲ့သမီး စမ်းကျော်ဇောကို ဦးခင်မောင်မြင့်ဆီသွားပါ။ စမ်းကျော် ဇောပိုင်ဆိုင်တဲ့လက်ဝတ်ပစ္စည်းတွေကို ထုခွဲပေးပါ။ စားဝတ်နေရေး အတွက် ငွေလိုအပ်လို့ပါဆိုပြီး လွှတ်လိုက်တယ်။ လက်စွပ်တို့၊ ဆွဲကြိုးတို့ပေါ့ဗျာ။ ဦးခင်မောင်မြင့်ကလည်း ရောင်းပေးရှာ တယ်။ အဲဒါကို ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ ရန်ပုံငွေရှာပေးတယ်လို့ စွဲချက်တင်၊ လူကိုဖမ်း၊ ပါတီကိုဖျက်သိမ်းပစ်လိုက်တယ်”

“စစ်အစိုးရက ကျွန်တော်တို့ပါတီကို ဖျက်တယ်။ ဗဟိုအလုပ်အမှုဆောင်တွေကို ဖမ်းတယ်။ အဲဒီမှာ ကျွန်တော်တို့က ကြေညာ ချက်ထုတ်တယ်။ ပါတီဆိုတာ ဖွဲ့ချင်တိုင်း ဖွဲ့လို့မရသလို၊ ဖျက်ချင်တိုင်း ဖျက်လို့မရဘူး။ ပါတီတစ်ခု ဖျက်သိမ်းတယ်ဆိုတာ ပါတီဝင်တွေရဲ့ အထွေထွေညီလာခံကနေ ဖျက်မှရတာလေ။ ဒါကြောင့် ကြေညာချက်ထုတ်လိုက်တယ်။ ပြည်သူ့တိုးတက်ရေး ပါတီသည် ဆက်လက်တည်ရှိနေမည်။ ပါတီရည်ရွယ်ချက်ဖြစ်သည့် ဒီမိုကရေစီရေး၊ ငြိမ်းချမ်းရေး၊ အမျိုးသားသွေးစည်း ညီညွတ်ရေးအလံများကို ဆက်လက်ကိုင်စွဲထားမည်ဆိုပြီး ကြေညာလိုက်တယ်”

ထိုကာလအတွင်း စစ်အစိုးရက ဖျက်သိမ်းမိန့်ထုတ်ခဲ့သော ပါတီအမြောက် အမြားပေါ်ထွက်ခဲ့သည်။ ပါတီဝင်များကို အကြောင်းမျိုးစုံပြကာ ဖမ်းဆီးထောင်ချမှုများ လုပ်ခဲ့သည်။ စစ်အစိုးရ၏ဒီမိုကရေစီဖော်ဆောင်ရေး ဟန်ပြလုပ်ရပ်များ စတင်ကာ တစ်ဖက်သတ် ဖိနှိပ်အကြမ်းဖက်မှုများ ပေါ်ပေါက်လာခဲ့တော့သည်။

“၁၉၉၀ ရွေးကောက်ပွဲအပြီးမှာ ကျွန်တော့်ကိုဖမ်းတယ်။ ထောင် ၁၀ နှစ်ချတယ်။ အင်းစိန်မှာ ၅ နှစ်၊ တောင်ငူမှာ ၅ နှစ် နေခဲ့ရတယ်။ အခုလက်ရှိ မြန်မာ့နိုင်ငံရေးနဲ့ ပတ်သက်ပြီးပြောရရင် ကျွန်တော်မြင်တဲ့ အမြင်ကတော့ ဖြတ်သန်းလာခဲ့ရတဲ့ နိုင်ငံရေးအသိအရ ၁၉၆၂ တုန်းက အာဏာသိမ်းတယ်ဆိုတာ ပြင်ဆင်ပြီးမှသိမ်းတာ။ စီးပွားရေးကိစ္စတွေပါ အသေအချာ ပြင်ဆင်လာပြီးကာမှ သိမ်းတာ။ ဘာလုပ်မယ်၊ ညာလုပ်မယ်ပေါ့။ ရှေ့မှာတုန်းက ၁၉၅၈-၁၉၅၉ မှာ အကြိုသိမ်းကြည့်ပြီးပြီ။ ၁၉၆၂ မှာ အပြီးသိမ်းလိုက်တာ။ အဲဒီကနေ ၂၆ နှစ်လုံးလုံး ဆိုရှယ်လစ်အလံအတုကြီးနဲ့ လုပ်လာတယ်။ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ အတုတွေလုပ်တယ်။ တစ်လျှောက်လုံး အတုအယောင်တွေချည်းပဲ။ ကွန်မြူနစ်ပါတီနဲ့ ဆွေးနွေးတော့ သခင် ဗသိန်းတင်က အတိအလင်းပြောထားတယ်။ ပါတီစုံစနစ်ကို သွားဖို့လိုပြီလို့ ဦးနေဝင်းကို ပြောခဲ့တာပဲ။ ဒါ ရေဒီယိုကနေကို လွှင့်ခဲ့တာ။ ဦးနေဝင်း လက်မခံခဲ့ဘူး။ ၈၈ ဖြစ်တယ်။ မဆလပြုတ်တယ်။ သမ္မတ ၃ဆက် ပြုတ်တယ်။ နောက်အာဏာ လွှဲပေးလိုက်တယ်။ သူတို့ရဲ့ အသက်စည်းစိမ် ဥစ္စာဓနလုံခြုံရေးအတွက် စစ်တပ်ကို အာဏာလွှဲပေးလိုက်တာ။ သိမ်းတယ်လို့ ကျွန်တော် မခံယူဘူး။ လွှဲယူသွားတာ။ ၉၀ ရွေးကောက်ပွဲကိုကြည့်။ ကျွန်တော်တို့ အဲဒီရလဒ်ကို ဂန္ဓီခန်းမညီလာခံမှာ အစိုးရဖွဲ့ နိုင်ဖို့ တိုင်ပင်တယ်။ မဖွဲ့နိုင်တော့ အကုန်ဖရိုဖရဲ ဖြစ်သွားတယ်။ စစ်အစိုးရက ဖိအားတွေအများကြီးပေးပြီး မဖွဲ့နိုင်အောင်ဘဲ ဖန်တီးပစ်တာပဲ။

ဒါကြောင့် အခုလည်း သူတို့အကျိုးစီးပွား၊ စစ်တပ်နဲ့ အာဏာရှင်အသိုင်း အဝိုင်း မထိခိုက်တဲ့အဆင့်အထိပဲ လျှော့ပေးမှာ။ ဒါကျွန်တော်မြင်တဲ့အမြင်။ သူတို့အကျိုးစီးပွား ထိခိုက်လာတဲ့အထိ ဘယ်တော့မှ လျှော့မပေးဘူး။ အဲဒီလို ကျွန်တော်မြင်ပါ တယ်။

ကိုဇော်ဝင်း၏ ၂၀၁၅ နှင့် မြန်မာနိုင်ငံရှေ့ရေးအမြင်များမှာ တွေးဆဖွယ်ရာ ကောင်းလှသည်မို့ ပဲ့တင်သံမှ တင်ပြလိုက်ရခြင်း ဖြစ်ပါတော့သည်။

ဝ၆၁

Leave a Reply

Your email address will not be published. Required fields are marked *