ဖွဲ့စည်းပုံပြင်ဆင်ရေး လူထုဆန္ဒခံယူပွဲ ရွေးကောက်ပွဲမတိုင်မီ မေလတွင် ကျင်းပမည်ဟု ယူဆနိုင် ဆန္ဒခံယူပွဲတွင် အတည်ပြုမည်ဖြစ်သော ဖွဲ့စည်းပုံပြင်ဆင်ရေးနှင့်ပတ်သက်၍ ဆွေးနွေးခြင်း မရှိသေး

ရန်ကုန်၊ မတ် ၁၀

၂၀ဝ၈ ဖွဲ့စည်းပုံပြင်ဆင်ရေး လူထုဆန္ဒခံယူပွဲကို လာမည့် နိုဝင်ဘာလ အထွေထွေရွေးကောက်ပွဲမတိုင်မီ မေလအတွင်း ကျင်းပမည်ဟု ယူဆနိုင်သည့် ပြောဆိုမှုများကို ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ပြောဆိုခဲ့သော်လည်း ယင်းပွဲတွင် အတည်ပြုမည်ဖြစ်သော ဖွဲ့စည်းပုံပြင်ဆင်ရေး ဥပဒေကြမ်းနှင့်ပတ်သက်၍ လွှတ်တော်တွင် ဆွေးနွေးမှုတစ်စုံ တစ်ရာမရှိသေးကြောင်း သိရသည်။

“ဒီဥပဒေက လွှတ်တော်ထဲကို တရားဝင်မရောက်သေးဘူး။ လွှတ်တော်ကလည်း ဒါနဲ့ပတ်သက်ပြီး တစ်စုံတစ်ရာ မညွှန်ကြား သေးဘူး”ဟု ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီ အတွင်းရေးမှူး ဦးစောလှထွန်းက ပြောသည်။

လက်ရှိကျင်းပနေဆဲဖြစ်သည့် ၁၂ ကြိမ်မြောက် လွှတ်တော်အစည်းအဝေးတွင် ဘတ်ဂျက်ကိစ္စ၊ အမျိုးသားစီမံကိန်းမူဝါဒ ကိစ္စများကို ဆွေးနွေးလျက်ရှိပြီး အမျိုးသားပညာရေး ဥပဒေကြမ်းနှင့်ပတ်သက်၍လည်း ပြန်လည်အလေးထားဆောင်ရွက်နေ ရချိန်ဖြစ်သည်။ ပြည်သူများအနေဖြင့် ကျောင်းသားသပိတ်၊ အလုပ်သမားသပိတ်နှင့် နယ်စပ်ဒေသ စစ်ပွဲများအပေါ် အာရုံကျ နေဆဲဖြစ်ကာ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကို မျက်ခြည်ပြတ်မသွားရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားထားပြီး ၈၈ မျိုးဆက်(ငြိမ်း/ ပွင့်)မှ မင်းကိုနိုင်ကလည်း ဖွဲ့စည်းပုံပြင်ဆင်ရေးမှာ လက်ရှိမြန်မာနိုင်ငံ၏ အရေးတကြီး ဆောင်ရွက်ရမည့် ကိစ္စတစ်ရပ်ဖြစ်ကြောင်းကို သပိတ်မှောက်ကျောင်းသားခေါင်းဆောင် များနှင့် တွေ့ဆုံရာတွင် ပြောကြားထားသည်။

NLD ပါတီသည် လွှတ်တော်တွင် ဖွဲ့စည်းပုံပြင်ဆင်နိုင်ရေးကို အဓိကထား၍ ၂၀၁၂ကြားဖြတ် ရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်သည်။ တပ်မတော်သား ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းနှင့် ပြည်ထောင်စုကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီမှ နေရာ အများစု ရယူထားသောလွှတ်တော်တွင် ဖွဲ့စည်းပုံပြင်ဆင်ရေး အဓိကသော့ချက်ဖြစ်သော ပုဒ်မ-၄၃၆ ကို ပြင်ဆင်ရေးမှာ ဒီမိုကရေစီအင်အားစုများ လတ်တလောကြုံတွေ့နေရသည့် အကျပ်အတည်းတစ်ခုဖြစ်သည်။

၂၀ဝ၈ ဖွဲ့စည်းပုံကို ပြင်ဆင်ရေးဆွဲနိုင်ရန် လွှတ်တော်အတွင်း လုပ်ငန်းစဉ်များမှာ ပထမဦးစွာ ပြင်ဆင်လိုသည့်အချက်များကို ဥပဒေကြမ်းအဖြစ် စုစည်းပြုစု၍ လွှတ်တော်ရှိ ကိုယ်စားလှယ် ၂၀ ရာခိုင်နှုန်းကျော်၏ ထောက်ခံမှုရရှိပြီးမှသာ လွှတ်တော် အတွင်း ဆွေးနွေးရမည်ဖြစ်သည်။ ထိုသို့ ဆွေးနွေးရာတွင် ကိုယ်စားလှယ်လောင်းများ ပေးပို့သော ပြင်ဆင်လိုသည့် ပုဒ်မများ ကို တစ်ပိုဒ်ချင်း ဆွေးနွေး၍ ၇၅ ရာခိုင်နှုန်းကျော်သည့် ကိုယ်စားလှယ်များက သဘောတူမှသာ ထိုဥပဒေကြမ်း ထပ်မံအတည် ပြုနိုင်မည်ဖြစ်သည်။ ယင်းမှာ လွှတ်တော်အတွင်း ဖွဲ့စည်းပုံပြင်ဆင်ရေး လုပ်ငန်းစဉ်တစ်ခုဖြစ်ပြီး ဒုတိယအနေဖြင့် လူထုဆန္ဒ ခံယူပွဲကို ကျင်းပရမည်ဖြစ်ရာ ဆန္ဒမဲပေးခွင့်ရှိသူ ၅၀ ရာခိုင်နှုန်းကျော်က ထောက်ခံမှသာ အတည်ပြုနိုင်မည်ဖြစ်သည်။

“ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအတွက် လိုအပ်တဲ့ သဘောတူညီမှု ၇၅ ရာခိုင်နှုန်းဆိုတာ အကုန်ညီမှရမှာ။ တပ်မတော် က သဘောမတူဘဲဘာမှလုပ်လို့မရဘူး။ လွှတ်တော်ကလည်း နားတော့မယ်။ ရွေးကောက်ပွဲမတိုင်ခင် ပြင်နိုင်ဖို့ အရာက မလွယ်ကူနိုင်ဘူး” ဟု မြေပုံမဲဆန္ဒနယ် လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းက ပြောသည်။

၂၀၁၃ ခုနှစ်တွင် လွှတ်တော် ကိုယ်စားလှယ် သူရဦးအေးမြင့်က ဖွဲ့စည်းပုံပြင်ရန် အဆိုတင်သွင်းခဲ့ရာ လွှတ်တော်က လက်ခံ ဆွေးနွေးရန် သဘောတူညီခဲ့ပြီး အဖွဲ့ဝင် ၁၀ဝ ကျော်ပါ အခြေခံဥပဒေလေ့ လာသုံးသပ်ရေးကော်မတီ ဖွဲ့စည်းခဲ့သည်။ ၂၀၁၄ ခုနှစ်တွင် ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ်ရေး အကောင်အထည်ဖော်မှု ကော်မတီကို ထပ်မံဖွဲ့စည်း၍ လွှတ်တော်သို့ ပြင်ဆင်လိုသည့် ပုဒ်မများပါဝင်သော အစီအရင်ခံစာတစ်ရပ် တင်သွင်းကြောင်း သိရသည်။

ပြင်ဆင်ချက် ဥပဒေကြမ်းတွင် မတူညီသည့် သဘောထားများ ပါဝင်နေသည်ကို တွေ့ရသည်။အကျပ်အတည်းဖြစ်ပေါ်စေသည့် ၄၃၆ ပြင်ဆင်ရေးနှင့်ပတ်သက်၍ သဘောထားအမျိုးမျိုးကို ဖော်ပြရာတွင် NLD မှ ပြင်ဆင်သင့်ကြောင်း ဖော်ပြထား သော်လည်း တပ်မတော်သားကိုယ်စားလှယ်များက ဒီအတိုင်း ဆက်လက်ထားရှိရန် ဖော်ပြထားသည်။ ပြည်ထောင်စုကြံ့ခိုင် ရေးနှင့်ဖွံ့ဖြိုးရေးပါတီက ကြားနေသည့်သဘောထားများ ဖော်ပြထားရှိပြီး တိုင်းရင်းသားပါတီများနှင့် အခြားဒီမိုကရေစီ ပါတီများက ပြင်ဆင်သင့်ကြောင်း မှတ်ချက်ပြုထားသည်။

ပုဒ်မပေါင်း ၄၅၀ကျော်ရှိသော ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရန် ပါတီအသီးသီးနှင့် တပ်မတော်သားကိုယ်စားလှယ် များက ပုဒ်မ- ၂၀ဝ ကျော်ကို တင်သွင်းရန် စုစည်းထားပြီးဖြစ်သည်။ ထိုအထဲတွင် တပ်မတော်၏ သဘောထားဖြစ်သည့် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ အခန်းကဏ္ဍ တိုးမြှင့်ရေး၊ ဒီမိုကရေစီလိုလားသူများ၏ ၄၃၆ ပြင်ရေးစသည့် မတူညီသော သဘောထားများ ပါဝင်နေသည်။ ထို့ကြောင့် ၄၃၆ ပြင်ဆင်ရေးကို တပ်က သဘောမတူလျှင် ၇၅ ရာခိုင်နှုန်း မကျော်နိုင်သောကြောင့် ပြင်ဆင်၍မရဘဲ တပ်မတော်၏ သဘောတူညီမှုဖြင့်သာ ပြင်ဆင်နိုင်မည်ဖြစ်သည်။

ထို့ကြောင့် နေရာအများစု ရယူထားသော တပ်မတော်နှင့် ကြံ့ခိုင်ဖွံ့ဖြိုးရေးအဖွဲ့များမှ သဘောမတူလျှင် လက်ရှိဖွဲ့စည်းပုံကို ဒီမိုကရေစီ စံချိန်စံညွှန်းနှင့် ကိုက်ညီမှုရှိစေရန် ပြင်ဆင်၍ မရနိုင်ပေ။

“အဲဒါကြောင့် တွေ့ဆုံညှိနှိုင်းရမှာ။ လွှတ်တော်ထဲမှာ ဒီအကျပ်အတည်းပေါ်နေလို့ ခြောက်ပွင့်တွေ့ဖို့ ကျွန်တော်တို့ တောင်းဆို ခဲ့ကြတာပေါ့။ ခေါင်းဆောင်တွေချင်းတွေ့ပြီး ဘုံသဘောတူညီချက်နဲ့ ပြင်ဆင်နိုင်ရင် အဆင်ပြေမှာပဲ။ မဟုတ်ရင်တော့ တပ်က သဘောတူတဲ့ ဥပဒေလောက်ပဲပြင်ပြီး ၄၃၆ မပြင်ဘဲနဲ့ ဆန္ဒခံယူပွဲလုပ်ရင် ဟန်ပြပဲဖြစ်လိမ့်မယ်”ဟု ဦးဖေသန်းက သုံးသပ် သည်။

“အချိန်ကပ်နေပေမဲ့ ဆန္ဒခံယူပွဲလုပ်မယ်ဆိုရင် လွယ်ပါတယ်။ ခြောက်ပွင့်သာ မတွေ့တာလေ။ ကာ/လုံမှာ ကြံ့ခိုင်ဖွံ့ဖြိုးရေးနဲ့ တပ်မတော်နဲ့ တွေ့နေကြတာပဲ။ သူတို့ချင်း သဘောတူလိုက်ကြရင် ဆန္ဒခံယူပွဲက လုပ်ဖို့ လွယ်ပါတယ်။ ဒါပေမဲ့ ကျေနပ် လောက်တဲ့ပွဲမျိုးတော့ ဟုတ်ချင်မှဟုတ်လိမ့်မယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့သဘောမတူတဲ့ ပုဒ်မက ပြင်ဆင်လို့ မရနိုင် ဘူး”ဟု လွှတ်တော်ကိုယ်စားလှယ် ဦးဖြိုးမင်းသိန်းက ပြောသည်။

ဆိုလိုသည်မှာ ပြင်ဆင်မည့် ဥပဒေကြမ်းတွင် တပ်မတော်နှင့် ကြံ့ခိုင်ရေးပါတီက သဘောတူညီသည့် ပုဒ်မများသာ ပါဝင်မည် ဖြစ် ပြီး ၄၃၆ ကဲ့သို့ ပုဒ်မမျိုးကို ပြင်ဆင်၍မရဘဲ ဆန္ဒခံယူပွဲတစ်ရပ် ကျင်းပမည်။ ထိုသို့ ၄၃၆ မပြင်နိုင်ဘဲ ကျင်းပသည့် ဆန္ဒခံ ယူပွဲကလည်း လက်ရှိအကျပ်အတည်းမှ မလွတ်မြောက်နိုင်ပါ။

“၄၃၆ ကို အရင်ကျော်ဖို့ဆိုရင် နိုင်ငံရေးခေါင်းဆောင်တွေ ညှိပြီးလုပ်ရင် မဖြစ်နိုင်စရာမရှိဘူး။ ဒါ ကြောင့် တွေ့ဆုံညှိနှိုင်းရေး ကို ပြော နေရတာ”ဟု လွှတ်တော်ကိုယ်စားလှယ် ဦးဘရှိန်က ပြောသည်။ ပြည်ထောင်စုလွှတ်တော်မှ ခြောက်ပွင့်ဆိုင်တွေ့ဆုံ ဆွေးနွေးရေးကို တောင်းဆိုထားသော်လည်း အစိုးရဘက်မှ လက်ခံခြင်းမရှိသေးပါ။

“ဒီခြောက်ပွင့်က သဘောတူတဲ့ပုဒ်မတွေဆိုရင် ပြင်ရတာ လွယ်ကူမယ်ဗျာ။ ခြောက်ပွင့်လို့ ပြောရတာက ဘုံသဘောတူညီချက် အရင်ရအောင်လို့ လုပ်တာပါ။ တိုင်းရင်းသားတွေကို ထည့်မတွက်တာ မဟုတ်ဘူး”ဟု ဦးဖြိုးမင်းသိန်းက ပြောသည်။

အစိုးရက နိုင်ငံရေးဆွေးနွေးပွဲ များတွင် အားလုံးပါဝင်နိုင်ရေးကို အဓိကထားမည်ဟု ပြောဆိုခဲ့သည်။ လက်ရှိ လွှတ်တော် အတွင်း ဖွဲ့စည်းပုံအကျပ်အတည်းကို ကျော်လွန်နိုင်ရန် အဓိကထား ဆွေးနွေးရမည့် နိုင်ငံရေးဆွေးနွေးပွဲများတွင် အမှန် တကယ် မဲပေးနိုင်သော ကိုယ်စားလှယ်များကို ကိုယ်စားပြုသည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ခေါင်းဆောင်များဖြစ်သော သမ္မတနှင့်လွှတ်တော် ဥက္ကဋ္ဌများ၊ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ တိုင်းရင်းသားကိုယ်စားလှယ်တစ်ဦး ပါဝင်၍ ဆွေးနွေးညှိနှိုင်းလျှင် ဖွဲ့ စည်းပုံပြင်ဆင်ရာမှာ လွယ်ကူရှင်းလင်းနိုင်မည်ဖြစ် သည်။ သို့သော် သမ္မတနှင့် ကာကွယ်ရေးဦးစီးချုပ်မှာ ခြောက်ပွင့်ဆိုင်တွေ့ဆုံရန် ဆန္ဒရှိပုံမရပါ။

၂၀ဝ၈ ဖွဲ့စည်းပုံ၏ ပေးထားချက်များဖြင့် ၂၀၁၅ ရွေးကောက်ပွဲကို ဖြတ်ကျော်မည်ဆိုလျှင် ရွေးကောက်ပွဲအပြီး ပေါ်ထွက်လာ မည့် အစိုးရသစ်သည်လည်း ထိုဖွဲ့စည်းပုံအတိုင်း ဖွဲ့စည်းရမည်ဖြစ်ရာ ဗဟိုချုပ်ကိုင်မှုများလည်း လွန်ကဲနေဦးမည်ဖြစ်ကြောင်း ကို “ပြည်နယ်အစိုးရ၊ တိုင်းဒေသကြီးအစိုးရ ဝန်ကြီးချုပ်ကို သမ္မတက တိုက်ရိုက်ခန့်တယ်။ ပြည်နယ်လွှတ်တော်မှာ ပါတီတွေ က ဘယ်လောက်တောင် အားကောင်းနေပါစေ၊ ဝန်ကြီးချုပ်ကို ခန့်တဲ့အခါမှာ သူ့လူသူခန့်မှာပဲ။ ဥပမာ ရခိုင်အမျိုးသားပါတီက ရခိုင်မှာဘယ်လောက်ပဲ အားကောင်းကောင်း၊ သူတို့က တစ်ယောက်နိုင်ရင် အဲဒီလူကို ခန့်မှာပဲ။ ဝန်ကြီးချုပ်ကတစ်ဆင့် သူစိတ်ကြိုက် ဝန်ကြီးတွေကို ထပ်ခန့်တော့ ဗဟိုချုပ်ကိုင်မှု စနစ်ဖြစ်သွားပြီ။ အဲဒါကြောင့် လာမယ့်အစိုးရအဖွဲ့တွေကလည်း ကျွန်တော်တို့ လိုချင်တဲ့အစိုးရ ဖြစ်မလာတော့ဘူး”ဟု ဖွဲ့စည်းပုံ မပြင်နိုင်ရေး၏ အကျိုးဆက်အဖြစ် ဦးဖေသန်းက ထောက်ပြ ဝေဖန်သည်။ ၂၀ဝ၈ ဖွဲ့စည်းပုံကို ရွေးကောက်ပွဲမတိုင်ခင် မပြင်ဆင်နိုင်ပက လက်နက်ကိုင်တိုင်းရင်းသားများ၊ တိုင်းရင်းသား ပါတီမှ တိုင်းရင်းသားကိုယ်စားလှယ်များနှင့် ပြည်သူလူထုက အယုံအကြည် ကင်းမဲ့သွားနိုင်ကြောင်း ယင်းကပြောသည်။

“ကိုယ့်တိုင်းပြည်ကို ထူထောင်ဖို့ ဖွဲ့စည်းပုံပြင်ဆင်ရေးမှာ အတူပါဝင်ဖို့ လူထုအနေနဲ့ အားစိုက်ရပါဦးမယ်။ အခုမရနိုင်လို့ ၂၀၁၅ ရွေးကောက်ပွဲအလွန် အခင်းအကျင်းအသစ်မှာ လုပ်ကြတာပေါ့ဆိုတဲ့ အတွေးမျိုး ကျွန်တော်ကတော့ မတွေးဘူး။ လွှတ်တော်ထဲမှာ ကြိုးပမ်းမယ်။ မရရင် ပြည်သူ့အသံနဲ့ ကြိုးပမ်းရမယ်”ဟု ကိုဖြိုးမင်းသိန်းက ပြောသည်။

ပုဒ်မ- ၄၃၆ ပြင်ဆင်ရေးအတွက် ပြည်သူလူထု ၅ သန်းကျော်က ထောက်ခံကြောင်း လက်မှတ်ရေးထိုး၍ လွှတ်တော်သို့ ပေးပို့ ထားသော်လည်း ထူးခြားမှုမရှိခဲ့ပါ။

ဝ၆၇

Leave a Reply

Your email address will not be published.