ငါတို့ဟာ စစ်တုရင်မဟုတ်ဘူး

ငါတို့ဟာ စစ်တုရင်ရုပ်တွေမဟုတ်ဘူး

ဘဝဟာ စစ်တုရင်ခုံမဟုတ်ဘူး

တိုင်းပြည်ဟာ စစ်မြေပြင်မဟုတ်ဘူး

စည်းလို့ အမည်တပ်ထားတဲ့ အမိန့်ခပ်ညံ့ညံ့တွေနဲ့

ငါတို့ရဲ့လွတ်လပ်ခွင့်ကို လာမချုပ်နဲ့

L ပုံစံပဲခုန်ရအောင် ငါတို့မြင်းမဟုတ်ဘူး

တစောင်းတွေပဲ ရွေ့ခွင့်ရှိရအောင် ငါတို့ Bishop မဟုတ်ဘူး

ရှေ့နောက်ဝဲယာပဲသွားရအောင် ငါတို့ ရဲတိုက်မဟုတ်ဘူး

တစ်ခါရွှေ့ တစ်ကွက်နှစ်ကွက်နဲ့

ငါတို့နယ်ရုပ်လည်း မဖြစ်ချင်ဘူး

သွားချင်ရာ သွားနိုင်သလိုနဲ့

ဘောင်ထဲပိတ်မိနေရတဲ့ ဘုရင်မလည်း မကြိုက်ဘူး

အာဏာရှိသယောင်နဲ့ ဘာအစွမ်းအစမှမရှိတဲ့

ဘုရင်လိုလိုလူလည်း မလိုချင်ဘူး

ငါတို့စည်း ငါတို့ကမ်း

ငါတို့ကိုယ်တိုင်ပြဋ္ဌာန်းလို့

ငါတို့တွေ ငြိမ်းငြိမ်းချမ်းချမ်းနေနိုင်တယ်

ငါတို့ဟာ လူ

ငါတို့လိုတာ လူ့အခွင့်အရေး

ငါတို့အတွက် ကစားပွဲတွေဖျက်ပေး…

ငါတို့အတွက် ကစားပွဲတွေ အခုဖျက်ပေး…..။

နေဘုန်းလတ်

(မွန်ပြည်နယ်၊ ဘီးလင်းမြို့အနီးက ကင်းရွာမှာပြုလုပ်တဲ့ PEN Myanmar ရဲ့ ရသအစုန်အဆန်ပွဲမှာ စာရေးဆရာမ မသီတာ (စမ်းချောင်း)က သူမအသက် ၂၅ နှစ် ဝန်းကျင်မှာ ရေးခဲ့တဲ့ “နယ်ရဲ့နယ်”အမည်ရဝတ္ထုတိုလေးကို ရွတ်ဖတ်ပြခဲ့ပါတယ်။ စစ်တုရင်ခုံပေါ်က နယ်ရုပ်လေးတစ်ရုပ်ရဲ့ခံစားချက်တွေကို ဖြန့်ခင်းချပြထားတဲ့ အဲဒီဝတ္ထုလေးကို ဆရာမ ရွတ်ဆိုနေချိန်မှာပဲ ကျွန်တော့်ရင်ထဲမှာ ဒီကဗျာလေး ဖြစ်တည်ပေါက်ဖွားလာပြီး ပွင့်အန်ထွက်ကျလာခဲ့တာပါ။ အနုပညာတစ်ခုဟာ အခြားသော အနုပညာတစ်ခုကို လှုံ့ဆော်မွေးထုတ်နိုင်တယ်ဆိုတာကို ရင်တွေ့ကြုံခဲ့ရတာပါပဲ)

Leave a Reply

Your email address will not be published.