သမ္မတဦးသိန်းစိန်လက်ထက် အငြင်းပွားဖွယ်ရာ ပြဿနာများ

မတ်လ ၅ ရက် ညနေ ၄ နာရီခန့်က ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့၌ ကျောင်းသားလူငယ်များ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်နေ သည်။ ဒီမိုကရေစီ ပညာရေးလှုပ်ရှားမှုအတွက် လက်ပံတန်းမြို့တွင် ပိတ်ဆို့ခံနေရသည့် ကျောင်းသားများအား အကြမ်းဖက် ဖြိုခွင်းခြင်း မပြုပါရန်လည်း တောင်းဆိုနေသည်။ ထိုဆန္ဒပြပွဲတွင် ကိုယ်တိုင်ပါဝင်ခဲ့ပြီး ရိုက်နှက်ဖမ်းဆီးခံခဲ့ရသည့် ဒဂုံ တက္ကသိုလ်မှ ကျောင်းသားတစ်ဦးဖြစ်သည့် ကိုဇော်လင်းထွဋ်က “ကျွန်တော်တို့ ဆန္ဒပြတာရဲ့ ရည်ရွယ်ချက်က ကျောင်းသားတွေကို အကြမ်းဖက်ဖြေရှင်း တာမျိုး မလုပ်ဖို့နဲ့ လေးပွင့်ဆိုင်ဆွေးနွေးပွဲမှာ သဘောတူထားတဲ့ ကတိကဝတ်တွေကို လိုက်နာ ဖို့ရယ်၊ ထိပ်တိုက်တွေ့ဆုံတဲ့အခါတိုင်း ငြိမ်းချမ်းစွာ ဖြေရှင်းဖို့အတွက်ပါ” ဟု ရှင်းပြသည်။

ဆန္ဒပြပွဲသို့ သွားရောက်ကြည့်ရှုခဲ့သည့် ဦးဇော်ထွန်းက ” လက်ပတ်အနီတွေ ပတ်ထားပြီး တစ်ကိုယ်လုံးမှာလည်း တက်တူး တွေနဲ့ လူဆိုး လူမိုက်လိုကောင်တွေက မိန်းကလေးတွေကို အတင်းဝင်ဆွဲတယ်။ အမျိုးသမီးတွေရဲ့ အင်္ကျီတွေကို အနောက် ကနေ အတင်းဆွဲတော့ အတွင်းခံတွေပါ ပေါ်ကုန်တယ်” ဟု သူ့ အတွေ့အကြုံကို ပြောပြသည်။

ဦးဇော်ထွန်းက ဆက်လက်ပြီး အစိုးရ၏ ဆောင်ရွက်ချက်များက ဥပဒေနှင့် ညီညွတ်မှုမရှိကြောင်း ဝေဖန်သည်။ ဦးဇော်ထွန်းက “ဥပဒေအရ ဆောင်ရွက်နေတယ်ဆိုတဲ့လူတွေက ဥပဒေကိုလိုက်နာဖို့လိုတယ်၊ ဥပဒေမဲ့ လုပ်ရပ်တွေကို ဥပဒေအတိုင်း ဆောင်ရွက်နေပါတယ်ဆိုတဲ့လူတွေက လုပ်စရာအကြောင်းမရှိဘူး။ ဥပဒေအရ ကျွန်တော်တို့က ခင်ဗျားတို့ကို သတိပေးနေ ပါတယ်လို့ဆိုရင် ဥပဒေအရပဲ အရေးယူပါ။ လူမိုက်ဆန် ဆန်လုပ်နေတယ်ဆိုရင် ဥပဒေဆိုတဲ့စကားလုံးကို သုံးစရာအကြောင်း မရှိတော့ဘူး” ဟုဆိုသည်။

ဆရာများသမဂ္ဂမှ အထွေထွေအတွင်းရေးမှူး ဒေါက်တာအာကာမိုးသူကလည်း “အခုလို အကြမ်းဖက် တဲ့လုပ်ရပ်အတွက် အစိုးရမှာ တာဝန်ရှိပါတယ်။ ရန်ကုန်တိုင်းဒေသကြီးအစိုးရက လုပ်တာပါလို့ ဘယ်လိုပဲ ပြောပြော လက်ပံတန်းမှာ ပိတ်ဆို့ တာကျတော့ရော၊ အမိန့်တစ်ခုတည်း စီးဆင်းနေတဲ့သဘောလို့ပဲမြင်တယ်” ဟု ကောက်ချက်ချသည်။

မတ်လ ၂ ရက်နေ့မှစတင်ပြီး လက်ပံတန်းမြို့ရှိ ဒီမိုကရေစီပညာရေး ပင်မသပိတ်စစ်ကြောင်းအား ရဲတပ်ဖွဲ့ဝင်များက ဝန်းရံပိတ်ဆို့ထားသောကြောင့် ရန်ကုန်မြို့တွင် ကန့်ကွက်ဆန္ဒထုတ်ဖော်ခဲ့ကြသည်။ ဆန္ဒထုတ်ဖော်သည့် လေးရက်မြောက်နေ့ ဖြစ်သော မတ်လ ၅ ရက်နေ့က လက်ပတ်အနီပတ်ထားသည့် လူအုပ်စုများဖြင့် အဓိကဖြိုခွင်းခဲ့ပြီး ကျောင်းသား ၄ ဦးနှင့် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ၃ ဦးတို့ကို ရိုက်နှက်ဖမ်းဆီး ခေါ်ဆောင်သွားခဲ့သည်။

၈ ရက်နေ့က ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ခေါင်းဆောင် များတွေ့ဆုံစဉ် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေက ဥပဒေအရသာ ဖြိုခွဲခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

ဆက်တိုက်ဖြစ်ပေါ်လာသော ဆန္ဒထုတ်ဖော်မှု

၂၀၁၄ နှစ်ကုန်ပိုင်းမှစတင်ပြီး အမျိုးသားပညာရေးဥပဒေကို ကျောင်းသားများက ဆန့်ကျင်ဆန္ဒပြခဲ့ကြသည်။ ထို့နောက် အစိုးရအား ဥပဒေပြင်ဆင်ပေးရန် ရက်ပေါင်း ၆၀ အချိန်ပေးခဲ့သည်။ သို့သော် အစိုးရ တာဝန်ရှိသူများက တုံ့ပြန်မှုမပြုခဲ့သဖြင့် ကျောင်းသားသပိတ်များကို ပြန်လည်စတင်ခဲ့သည်။

ကျောင်းသားသပိတ်များ အရှိန်မြင့်လာမှ လေးပွင့်ဆိုင်ဆွေးနွေးရေးကို ပညာရေးဝန်ကြီးဌာနက သဘောတူ ညီခဲ့သည့်အပေါ် ဒေါက်တာစိုင်းခိုင်မျိုးထွန်းက “အစကနေ ပြန်ပြောရမယ်ဆိုရင် ကျောင်းသားတွေက ရက် ၆၀ အချိန်ပေးခဲ့တယ်။ အဲဒီအချိန် တည်းကနေစပြီး ဆွေးနွေးရေးမလုပ်ခဲ့တာက တစ်အချက်ပေါ့ နော်။ ရက်ပေါင်း ၆၀ ကျော်ပြီးတော့မှ ဆွေးနွေးပွဲတွေလုပ်တယ်၊ သဘောတူညီချက်တွေရလာပေမယ့် သေချာအပြန်အလှန်ဆွေးနွေးတာ မဟုတ်ဘဲနဲ့ အလွယ်သဘောနဲ့ ကျောင်းသားတွေ တင်သမျှ လက်ခံလိုက်တဲ့ပုံစံက သံသယရှိစရာ ဖြစ်နေတယ်။ ထပ်ပြီးတော့ နိုင်ငံပိုင်သတင်းဌာနတွေကနေ တန်ပြန်သတင်း တွေ လုပ်နေတာက ကျောင်းသားတွေကို တမင်လမ်းပေါ်ရောက်အောင်လုပ်နေတာလားလို့ တစ်ဖက်ကတွေးတဲ့ လူတွေ လည်းရှိပါတယ်” ဟု သုံးသပ်ခဲ့သည်။

ကျောင်းသားသပိတ်နှင့် တစ်ပြိုင်တည်းလိုလိုတွင် ရွှေပြည်သာစက်မှုဇုန်ရှိ အထည်ချုပ်စက်ရုံ သုံးရုံမှ အလုပ်သမားများက လုပ်ခလစာ ပိုမိုရရှိလာစေရန် အတွက် တောင်းဆိုဆန္ဒပြခဲ့ကြသည်။ ထိုစက်ရုံရှိ အလုပ်သမားများ ဆန္ဒဖော်ထုတ်ရာတွင် စက်ရုံဝင်ပေါက်အား ပိတ်ဆို့ထားသဖြင့် ဥပဒေနှင့်မညီကြောင်းကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ဖေဖော်ဝါရီ ၂၀ မွန်းလွဲ ၂ နာရီမှစတင်ကာ အင်းစိန်စုပေါင်းရုံးတွင် သတင်းစာရှင်းလင်းပွဲ ကျင်းပခဲ့သည်။ ထိုနေ့ ညနေ ၆ နာရီပတ်ဝန်း ကျင်တွင် ဆန္ဒပြအလုပ်သမားများအား ရဲတပ်ဖွဲ့ဝင်များ၊ အမည်မသိ လူအုပ်စုများက ရိုက်နှက်ဖမ်းဆီးမှုများကို ပြုလုပ်ခဲ့ သည်။

ထိုသို့ ပြုလုပ်ခဲ့သည့်အပေါ် မြန်မာနိုင်ငံအလုပ်သမားသမဂ္ဂမှ ဦးအောင်လင်းက “ဘယ်သူမှန်းမသိတဲ့ ဆံပင်နီကြောင်ကြောင် တက်တူးရောင်စုံထိုးထားတဲ့၊ ဘယ်လိုလူစားမျိုးတွေမှန်းမသိတဲ့ လူတွေက ဝင်ရောက်ရိုက်နှက်ဖမ်းဆီးတာတွေက ပြည်သူ့ဘဝ လုံခြုံရေးကို ထိခိုက်တယ်။ သူတို့ကို အသုံးပြုမယ်ဆိုရင် တာဝန်ယူမှု၊ တာဝန်ခံမှုနဲ့ တရားဝင်ထုတ်ဖော်ကြေညာပေးရမယ်။ သူတို့အသုံးပြုတဲ့လူတွေဟာ ဘယ်အရပ်၊ ဘယ်ဒေသကလူတွေပါ၊ ဘယ်သူတွေပါ၊ လူကောင်းပါ၊ လူဆိုးပါဆိုတာကို ကြေညာ ပေးရပါမယ်” ဟု တောင်းဆိုလိုက်သည်။

ထို့နောက် မတ်လ ၂ ရက်နေ့ ညနေ ၃ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ဖွဲ့စည်းဆောင်ရွက်နေသည့် အလုပ်ရှင် အလုပ်သမားအငြင်းပွားမှု ညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့က သတင်းစာရှင်းလင်းပွဲ ထပ်မံကျင်းပခဲ့ပြီး စက်ရုံအတွင်းသို့ ပြန်လည် ဝင်ရောက်ခဲ့သည့် အလုပ်သမားအရေအတွက်ကိုလည်း ကြေညာသွားခဲ့သည်။

ထိုကြေညာချက်အပေါ် Ford Glory စက်ရုံမှ အလုပ်သမတစ်ဦးဖြစ်သည့် မဝင်းသန်းက “ကျွန်မတို့စက်ရုံက အလုပ်သမား တွေက ဆန္ဒပြနေကြတုန်းပဲ။ သူတို့ပြောတဲ့ အရေအတွက် ပြန်အလုပ်လုပ်နေပြီဆိုတာ မဟုတ်ပါဘူး” ဟု ပြောကြားသည်။

ထို့နောက် ၄ ရက်နေ့တွင် စိတ်မရှည်တော့သည့် ဆန္ဒပြအလုပ်သမားများက မြို့တော်ခန်းမရှေ့သို့ ချီတက်ဆန္ဒပြစဉ် အင်းစိန် မြို့နယ်၊ ဒညင်းကုန်းရပ်ကွက်အတွင်း၌ ညနေ ၄ နာရီခန့်တွင် ရိုက်နှက်ဖမ်းဆီးခဲ့သည်။ ထိုသို့ဖမ်းဆီးရာတွင် သတင်းထောက် နှစ်ဦးကိုပါ ဖမ်းဆီးသွားခဲ့ပြီး နောက်မှပြန်လွှတ်ပေးခဲ့သည်။

ကျောင်းသားသပိတ်နှင့် အလုပ်သမားသပိတ်တို့ကို အကြမ်းဖက်နှိမ်နင်းခဲ့သည့်အပေါ်တွင် ဒေါက်တာ အာကာမိုးသူက “အခုလိုလုပ်တာက အရမ်းဆိုးတဲ့ လူအုပ်နဲ့ အကြမ်းဖက်မှုပါပဲ။ ဒါမျိုးကို ကျွန်တော်တို့ လက်သင့်မခံဘူး။ နည်းမျိုးစုံနဲ့ ဖော်ထုတ်မယ်။ ဒီလိုလုပ်တယ်ဆိုတာ ဂုဏ်သိက္ခာရှိတဲ့ အစိုးရတစ်ရပ်ရဲ့ လုပ်ရပ်မဟုတ်ဘူး” ဟု ဆန်းစစ်ဝေဖန်လိုက်သည်။

၂၀၁၂ ခုနှစ်မှ စတင်သည့် အငြင်းပွားဖွယ်ရာ ပြဿနာဖြေရှင်းမှုများ

၂၀၁၂ ခုနှစ် ဧပြီလတွင်ပြုလုပ်သည့် ကြားဖြတ်ရွေးကောက်ပွဲတွင် NLD ပါတီက အပြတ်အသတ် အနိုင်ရခဲ့ပြီးနောက်တွင် ဘာသာရေး၊ လူမျိုးရေးအသွင်ယူထားသည့် ရခိုင်ပဋိပက္ခ စတင်ဖြစ်ပွားခဲ့သည်။ ထိုပဋိပက္ခအတွင်း အမည်မသိ လူအုပ်စုကြီး ရောက်လာကာ ဘာသာရေးပွဲတော်မှပြန်လာသည့် မူဆလင် ဘာသာရေးခေါင်းဆောင် ၁၀ ဦးကို သတ်ဖြတ်ပစ်ခဲ့သည်။ ထို့နောက် စစ် အုပ်ချုပ်ရေး ကြေညာထားသည့်ကြားမှ တစ်ဖက်နှင့်တစ်ဖက် မီးရှို့သတ်ဖြတ်မှုများ၊ ကောလာဟလများ ကလည်း ပြည်သူလူထုကို ထိတ်လန့်စေခဲ့သည်။ ထိုပဋိပက္ခအတွင်း လူမှုကွန်ရက်များမှ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ပြည်သူလူထု လေးစားသည့် ခေါင်းဆောင်များကို ထိခိုက်စေရန် ရည်ရွယ်ရေးသားသည့် ရေးသားချက်များလည်း ထွက်ပေါ် လာခဲ့သည်။

၂၀၁၃ ခုနှစ် မတ်လတွင် မိတ္ထီလာမြို့မှစတင်သည့် ဘာသာရေးအကြောင်းပြုသည့် လှုပ်ရှားမှုများ ဆက်တိုက်လိုလို ဖြစ်ပေါ် လာသည်။ လှုပ်ရှားမှုများအတွင်း မည်သည့်နေရာက ရောက်လာမှန်းမသိသည့် လူအုပ်ကြီး၏ လှုပ်ရှားမှုက ပိုမိုထင်ရှားလာခဲ့သည်။ ထိုလူအုပ်ကြီးအား ထိန်းသိမ်းရန်အတွက် ရောက်ရှိလာသည့် ရဲတပ်ဖွဲ့ဝင် အရေအတွက်က နည်းပါးလွန်းနေ သည်။ ထိုအချိန်မှစတင်ပြီး အမည်၊ နေရပ် မသိရသည့် လူအုပ်ကြီး၏ လှုပ်ရှားမှုက နေရာစိပ်လာခဲ့သည်။ ထိုလူအုပ်ကြီးနှင့် ပတ်သက်ပြီး ဒေါက်တာအာကာမိုးသူက “ဒီလူအုပ်ကြီးကို ဘာသာရေးလှုံ့ဆော်မှုတွေကနေ စပြီးသိခဲ့ရတယ်။ အဲဒီအုပ်စုကြီး တွေက အခိုင်အမာရှိနေတယ်။ ၂၀၁၅ ရွေးကောက်ပွဲမှာလည်း သူတို့ကို ထုတ်သုံးလာပါလိမ့်မယ်” ဟုပြောသည်။

၂၀၁၄ ခုနှစ်သည် ၂၀၁၃ ခုနှစ်ထက်စာလျှင် နိုင်ငံရေးအခြေအနေ ပိုမိုတင်းမာလာခဲ့သည်။ ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလ ၄ ရက် တွင် လှည်းကူးမြို့နယ် ရှိ သမီးလေးကျေးရွာနှင့် အင်းမတီးကျေးရွာရှိ အိမ်ခြေ ၄၀ဝ ခန့်ကို စစ်တပ်၊ ရဲတပ်နှင့် စည်ပင်သာယာ ကော်မတီဝင်များက နံနက်အရုဏ်တက် ၄ နာရီအချိန်လောက်တွင် ဘူဒိုဇာများဖြင့် ဝင်ရောက်ဖျက်ဆီးခဲ့သည်။ တပ်မတော် ပိုင်မြေနှင့် မလွတ်ကင်းဟုဆိုကာ ဖျက်ဆီးခံခဲ့ရပြီး အိမ်ယာပျက်စီးသွားသူတို့အား လျော်ကြေးငွေ ပေးအပ်ခြင်းလည်း မရှိခဲ့ပါ။

လှည်းကူးမြို့နယ်ရှိ သမီးလေးကျေးရွာတစ်ဝိုက်ရှိ မြေများကို စီးပွားရေး လုပ်ငန်းရှင်များအား ရောင်းချ လိုက်ခြင်းဖြစ်သဖြင့် ရွာလုံးကျွတ် ပြောင်းရွှေ့ခဲ့ရခြင်းဖြစ်သည်ဟုလည်း လှည်းကူးမြို့နယ်အမတ် ဦးဖြိုးမင်း သိန်းက ပြောကြားခဲ့သည်။ ကျေးရွာသားအများစုမှာ နေစရာနေအိမ် မရှိကြတော့ဘဲ ဘုန်းကြီးကျောင်းများတွင် ခိုကပ်နေစဉ်မှာပင် ထိုကျောင်းများမှ ဖယ်ပေးရန်အတွက် ထပ်မံသတိပေးခံရပြန်သည်။

ထို့နောက် ဦးသိန်းစိန်အစိုးရလက်ထက်တွင် ဖြစ်ပွားခဲ့သည့် သတင်းထောက်တစ်ဦး သတ်ဖြတ်ခံရမှုမှာလည်း ၆ လကြာမြင့် သည့် အချိန်အထိ တရားခံမည်သူဆိုတာကို မဖော်ထုတ်နိုင်သေးပေ။ စက်တင်ဘာလ ၂၉ ရက်တွင် DKBA မှ ခွဲထွက်သွားသည့် ဗိုလ်မှူးစောဆန်းအောင်နှင့် အစိုးရတပ်များ တိုက်ပွဲဖြစ်ပွားစဉ် သွားရောက် သတင်းရယူသည့် အလွတ်တန်းသတင်းထောက် ကိုပါကြီး ခေါ် ကိုအောင်ကျော်နိုင်အား ခလရ (၂၀၈) က ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။

ကိုပါကြီးကို ဖမ်းဆီးမိခဲ့ကြောင်းလည်း သတင်းမထုတ်ပြန်ခဲ့ပေ။ ထို့နောက် ကိုပါကြီး၏ ဇနီးဖြစ်သူ မသန္တာက ကိုပါကြီး ပျောက်ဆုံးနေကြောင်း သတင်းထုတ်ပြန်လိုက်သည့်အခါ အောက်တိုဘာလ ၂၃ ရက်ရောက်မှ ကိုပါကြီးသေဆုံးကြောင်း တပ်မတော်က သတင်းထုတ်ပြန်ခဲ့သည်။

ကိုပါကြီးဖြစ်စဉ်တွင် တပ်မတော်၏ လုပ်ဆောင်မှုများသည် ၂၀ဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေပါ နိုင်ငံသားအခွင့်အရေးကို ချိုးဖောက်ခဲ့ခြင်းဖြစ်ကြောင်းကို ရှေ့နေများက ထောက်ပြပြောဆိုနေကြသည်။ မြန်မာနိုင်ငံ ရှေ့နေများကွန်ရက်မှ ဦးအေးမြင့် က “တရားရုံးခွင့်ပြုချက်မပါရင် ဘယ်သူ့ကိုမှ ၂၄ နာရီထက်ကျော်ပြီး ချုပ်နှောင်ထားခွင့်မရှိဘူး” ဟု ပြောကြားခဲ့သည်။

၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ဦးကိုကိုကြီးက အမျိုးသားပြန်လည် သင့်မြတ်ရေးအတွက် အကျဉ်းထောင်များအတွင်း ကျဆုံးခဲ့သည့် နိုင်ငံရေးအကျဉ်းသားများအရေး၊ နယ်စပ်ဒေသတွင် ကျဆုံးခဲ့သည့် တော်လှန်ရေး ရဲဘော်များအရေးကို အမှန်တကယ် ဖြစ်ပေါ်ပြောင်းလဲမှုရှိပါက “တစ်ဦးချင်းအနေနဲ့ မှိန်ဖျော့ထားနိုင်ပါတယ်” ဟု အောက်တို ဘာလ ၂၆ ရက်နေ့က မြို့တော်ခန်းမရှေ့တွင် ပြုလုပ်ခဲ့သည့် ဆန္ဒဖော်ထုတ်ပွဲတွင် ပြောပြခဲ့သည်။ ထို့နောက် ကိုပါကြီး၏ အမှု ကိစ္စအား မျှတမှုရရှိစေ ရေးအတွက် တရားခံကို ဖော်ထုတ်ပေးရန်လည်း တောင်းဆိုခဲ့သည်။ ဦးမင်းကိုနိုင်ကတော့ ကိုပါကြီး သေဆုံးခဲ့သည့်အတွက် အစိုးရအဖွဲ့၊ သမ္မတနှင့် တပ်ချုပ်တို့အတွက် တာဝန်ရှိကြောင်းလည်းပြောသည်။

၂၀၁၄ ခုနှစ် နှစ်ကုန်ပိုင်းတွင် နောက်ထပ် သတ်ဖြတ်ခံခဲ့ရသူကတော့ လက်ပံတောင်းတောင် ဒေသခံတစ်ဦးဖြစ်သည့် ဒေါ်ခင်ဝင်းဖြစ်သည်။ လျော်ကြေး မယူထားသည့် ယာမြေများကို ခြံစည်းရိုး ဝင်ရောက်ခတ်ရာမှ ပဋိပက္ခ စတင်ခဲ့ပြီး ရဲတပ်ဖွဲ့ ၏ ပစ်ခတ်မှုကြောင့် ဒေါ်ခင်ဝင်း သေဆုံးခဲ့ရသည်။

မြန်မာပြည်တွင် ဘာသာရေးအရေခြုံထားသည့် နိုင်ငံရေးပဋိပက္ခများ စတင်ခဲ့သည့် ၂၀၁၃ ခုနှစ်ကတည်းကပင် ဥရောပ သမဂ္ဂက မြန်မာနိုင်ငံရဲတပ်ဖွဲ့အား လူအုပ်စုဖြိုခွဲရာတွင် စနစ်ကျစေရန် သင်တန်းများပေးခဲ့သော်လည်း လက်တွေ့တွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ကိုင်တွယ်ပုံက မေးခွန်းထုတ်စရာ ဖြစ်နေသည်။

၂၀၁၄ နှစ်ကုန်တွင် ဝါဝါဝင်းကုမ္ပဏီပိုင် လှိုင်သာယာမြို့နယ်၊ အနော်ရထာ စက်မှုဇုန်၊ မြစိမ်းရောင် အိမ်ရာစီမံကိန်းဝင်းအတွင်း ကျူးကျော်ဝင်ရောက်နေထိုင်သည့် အိမ်ခြေ ၂၀ဝ၀ ကျော်ကို ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူးများနှင့် အမည်မသိ လူအုပ်စုများက ဝင်ရောက်ဖျက်ဆီးခဲ့သည်။ ဖျက်ဆီးသူများနှင့် ဖျက်ဆီးခံရသူများအကြား အကြမ်းဖက်ရိုက်နှက်မှုများအထိ ဖြစ်ပွားခဲ့သည်။

ထိုမြေကို အိုးအိမ်က သိမ်းယူထားခဲ့ခြင်းဖြစ်ပြီး ဝါဝါဝင်းကုမ္ပဏီကို လွှဲပြောင်းပေးအပ်ထားခဲ့ကြောင်းလည်း သိရှိရသည်။

ဘယ်သူတွေက ဘာကြောင့်

အမည်မသိ လူအုပ်စုကြီးတွင် မည်သူ၊ မည်ဝါတွေ ပါဝင်ကြောင်းကို မသိရှိရပေ။ သို့သော်လည်း ပြဿနာဖြစ်သည့် နေရာတိုင်းသို့ ထိုလူအုပ်စုကြီးက ရောက်နေတတ်သည်။ ရခိုင်အမျိုးသားပါတီ၏ ပထမခေါင်းဆောင် ဦးအေးသာအောင်က ဒေသခံ မဟုတ်ဘဲ ရောက်လာတတ်သည့် လူအုပ်ကြီးမှာ စွမ်းအားရှင်များဖြစ်သည်ဟု ဆိုသည်။ ဦးအေးသာအောင်က “နေရာတိုင်းမှာ စွမ်းအားရှင်တွေရှိတယ်။ အရေးအခင်းဖြစ်ပြီဆိုရင် သူတို့ရောက်လာတယ်။ တုတ်တွေ၊ ဓားတွေကိုင်လာတယ်။ သူတို့တွေက ဘယ်သူတွေလဲ၊ ဘာတာဝန်ယူ ထားတာလဲ ဆိုတာကို အစိုးရက ဖော်ထုတ်ဖို့၊ ရှင်းပြဖို့လိုပြီလို့ ထင်ပါတယ်”ဟု တောင်းဆို သည်။

၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ဦးမြအေးကတော့ တရားဥပဒေကို အကာအကွယ်ပြုပြီး ရမ်းကားလို့ မရဟုဆိုသည်။ “လက်ပတ် အဖြူ၊ အနီ၊ အဝါ ဘာရောင်ကိုပတ်ပတ် ရမ်းကားချင်တိုင်း ရမ်းကား လို့မရဘူး။ ကျွန်တော်တို့ ဖြစ်စေချင်တာက တရားဥပဒေစိုးမိုးရေးလို့ခေါ်ရာမှာ တရားဥပဒေကို လက်တွေ့ ကိုင်တွယ်ကျင့်သုံးနေတဲ့ သူတွေကိုယ်တိုင်က တရားဥပဒေကို လေးစားလိုက်နာဖို့လိုပါတယ်။ ဥပဒေကို လိုသလို ရှုံ့ချည်နှပ်ချည် ကျင့်သုံးနေမယ်ဆိုရင်တော့ မြန်မာနိုင်ငံမှာ တည်ငြိမ်အေးချမ်းမှု ဘယ်တော့မှ ရှိမှာမဟုတ်ဘူး” ဟု ဆိုသည်။ ယခုဖြစ်စဉ်အပေါ် စောင့်ကြည့်ရင်း လာမည့် ၂၀၁၅ ရွေးကောက်ပွဲသည်လည်း စိုးရိမ်ဖွယ်ရာကောင်းသည်ဟုဆိုသည်။

ထို့နောက် ဦးမြအေးက ဆက်လက်ပြီး “ပြည်သူလူထုက အကာအကွယ်မဲ့တဲ့ အခြေအနေကို ရောက်သွားတယ်။ ဘာကြောင့်လဲ ဆိုတော့ ဒီနိုင်ငံမှာ ဘယ်လောက်ပဲ အငြင်းပွားနေပေမယ့် လူထုကိုကာကွယ်တဲ့ ဥပဒေတွေက ရှိပြီးသားဖြစ်တယ်။ ရှိပြီးသား ဥပဒေကို လက်တွေ့ကျင့်သုံးတဲ့လူတွေက လိုရာစွဲသုံးနေတဲ့ အပေါ်မှာ ကျွန်တော်တို့ ပြည်သူလူထုတွေက ဥပဒေရဲ့ အကာ အကွယ်မဲ့လာတာ ဖြစ်တယ်။ အဓိကပြောရရင် Rule Of Law တကယ်ရှိဖို့လိုပါတယ်။ Rule Of Law အတိုင်း အကုန်လုံး ကို စီရင်နိုင်ဖို့တော့လိုမယ်” ဟု သုံးသပ်သည်။

ထိုဖြစ်ရပ်များနှင့်ပတ်သက်ပြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်က “လုံခြုံရေးနဲ့ဆိုင်တဲ့ ကိစ္စတွေကို ပြည်ထဲရေးကရှင်းတာကို လက်ရှိဖွဲ့စည်းပုံအရ လုံခြုံရေးနဲ့ဆိုင်တာတွေကို ကာ/လုံက ဆုံးဖြတ်တာ ကိုး”ဟု ပြောသည်။ ထို့အပြင် ၂၀ဝ၈ အခြေခံဥပဒေအရ အရပ်သားအစိုးရအသစ် တက်လာလျှင်တောင် လုံခြုံရေးနှင့်သက်ဆိုင်သည့် ကိစ္စရပ် များကို ကာ/လုံကသာလျှင် ဆုံးဖြတ်ဆောင်ရွက်ရမည်ဖြစ်ကြောင်း လည်းပြောကြားသည်။

ခင်ငြိမ်းသစ်

Leave a Reply

Your email address will not be published.