ကျွန်တော်နှင့် ကိုရီးယားပျိုဖြူများ

ကိုရီးယားဆိုတော့ ဆတ်ကနဲ ဖြစ်သွားကြမည်လား မသိ။ ကိုရီးယားဆိုသည်နှင့် ပေါင်တံဖြူဖြူလေး တွေပေါ်အောင် ဘောင်းဘီတိုတိုလေးတွေဝတ်ပြီး လှုပ်ရှား၊ သွက်လက် တက်ကြွနေသော ကိုရီးယား မင်းသမီးချောချောလေးတွေကိုသာ ပြေးမြင်ကြမည်ဟုထင်သည်။ ရေခံမြေခံကောင်းလွန်းလို့ပဲ ကိုရီးယားသူ အများစု ချောမောလှပနေတာလား။ အလှပြင် ပစ္စည်းတွေကပဲ အစွမ်းထက်လွန်းလို့လား ဆိုသည်ကိုတော့ ကိုရီးယားသားတွေသာလျှင် သိပေလိမ့်မည်။

ကိုရီးယားမင်းသား၊ မင်းသမီးတွေ မြန်မာပြည်သို့ ဈေးကွက်မြှင့်တင်ရင်း အလည်လာကြသည်မှာ သိပ်ပြီး မကြာလှသေး သော်လည်း ကိုရီးယားဇာတ်ကားတွေ ခေတ်စားလာသည်မှာတော့ ဆယ်စုနှစ်တစ်ခုတောင် ကျော်ပြီလားမသိ။ ကိုရီးယားထက် အရင်ဆုံးလက်ဦးသည်က တရုတ်ဇာတ်ကားတွေ။ မြန်မာဇာတ်ကားတွေကို အီနေသည့်အချိန်မှာ တရုတ်ဇာတ်လမ်းတွဲတွေကို မြန်မာ့ရုပ်မြင်သံကြားနှင့် မြဝတီရုပ်သံလိုင်းတွေမှာ မိတ်ဆက်ပေးလိုက်တော့ မြန်မာရုပ်ရှင်ကြည့် ပရိသတ်တွေခမျာ ရေငတ်တုန်း ရေတွင်းထဲကျ။

မြန်မာနိုင်ငံသို့ အလည်လာသွားသော ဝူခုန်းမင်းသား၏ ပစ္ဆိမခရီးစဉ် (Journey to the West) မှအစ ပေါင်ချိန်နှင့် ကျန်ကျောင်းအလယ် နဂါးနိုင်ဓားအဆုံး တရုတ်ဇာတ်ကားတွေ လွှမ်းမိုးခဲ့သည်။ ဇာတ်လမ်းနည်းနည်းကြည့်လိုက်၊ ကြော်ငြာ များများကြည့်လိုက် အဆင်ကိုပြေလို့။ အားလပ်သည့်အချိန်လေးမှာ ကြည့်ချင်တာ နည်းနည်းလေး ကြည့်ရဖို့အတွက် မကြည့်ချင်တာတွေကို သည်းခံပြီး ကြည့်ရသည့်အလုပ်ကို ကျွန်တော်တို့ ကောင်းကောင်းကျင့်သားရနေပြီ ဖြစ်သည်။

တရုတ်ဇာတ်လမ်းတွဲတွေ အီလာတော့ ကိုရီးယားဇာတ်လမ်းတွဲတွေက အဆင်သင့်ရောက်လာကြ၏။ လူမှုရေး နောက်ခံ ဇာတ်လမ်းတွေမှာ ဆန်းသစ်သော အစားအသောက်များနှင့် ကြွကြွရွရွကိုရီးယားမလေးတွေ ပေါင်းစပ်လိုက်တော့ ပရိသတ်က ကိုရီးယားမှ ကိုရီးယားဖြစ်သွားပြန်သည်။ ကိုရီးယားဇာတ်လမ်းတွဲမှမဟုတ်၊ ကိုရီးယားအစားအစာနှင့် အသုံးအဆောင် များပင် လူထုအကြား ရေပန်းစားလာခဲ့သည်။ ရေညှိထမင်းလိပ်၊ ချန်ဂင်အင်္ကျီ။ ကိုရီးယားတို့ အောင်မြင်လိုက်ပုံများ။

တရုတ်နှင့် ကိုရီးယားသာကွာသည်။ ဇာတ်လမ်းဇာတ်ကွက်ချင်းကတော့ သိပ်မကွာလှ။ တရုတ်က အမုန်းထားသလို ကိုရီးယားက အငြိုးကြီးသည်။ လက်စားချေခိုင်းသူက ခိုင်းသလို ကတိပေးသူကလည်း အလွယ်တကူပေးသည်။ ခိုင်းလျှင် ခိုင်းသလိုသာ လုပ်၏။ ဦးနှောက်နှင့် ဆင်ခြင်ဉာဏ်ကို ဘယ်နားသွားထားသလဲ မသိ။ အငြိုးတွေ၊ အမုန်းတွေ၊ လက်စားချေ တာတွေနှင့် ကြည့်ရသည်မှာ ပူလောင်လွန်းလှသည်။ ဓားကို ဓားချင်း၊ လှံကို လှံချင်း တုံ့ပြန်ချင်သည့် အရိုင်းစိတ်တွေသာ လွှမ်းမိုးနေပြီး သည်းခံတတ်၊ ခွင့်လွှတ်တတ်သည့် လူ့ယဉ်ကျေးမှုသည် တိုင်းပြည်တွေမှာ မထွန်းကားသေးဘူးလား၊ မေးစမ်း ကြည့်ချင်သည်။

ဇာတ်လမ်းကို ဆုံးသင့်သည့်နေရာမှာ အဆုံးမသတ်ဘဲ ဇာတ်ကြောဆွဲနေတာကလည်း တရုတ်နှင့် ကိုရီးယား ထူးမခြားနား ပါဘဲ။ ကိုရီးယားတို့သာသည်က မိန်းကလေးတွေ ဆိုဂျူးသောက်တာနှင့် ဟိုလိုလို သည်လိုလို လှေနံနှစ်ဖက် နင်းခြင်း၊ ဘောင်းဘီတိုနံ့နံ့လေးတွေ ဝတ်တာကတော့ မျက်စိထဲ ရိုး၍ပင်နေချေပြီ။ မိန်းကလေးတန်မဲ့ အရက်သောက်ပြီး ယောကျာ်းလေးတွေကို ရည်းစားစကား စပြောသည့်ရောဂါ မြန်မာပြည်ကို ကူးစက်နေပြီလား၊ နည်းနည်းတော့ တွေးပူမိ သည်။

ကိုရီးယားတို့ ဖမ်းစားနိုင်ပုံကတော့ တဆိတ်လွန်လွန်းသည်။ ကျောင်းသူ ကျောင်းသားတွေကအစ လူလတ်ပိုင်းတွေအလယ် အသက်ကြီးပိုင်းတွေအထိ ကိုရီးယားဇာတ်လမ်းတွဲတွေကို စိတ်ရှည်လက်ရှည် ဇွဲကောင်းကောင်းဖြင့် စောင့်ကြည့်ကြသည်။ အမျိုးသမီးတွေက သာပြီးတော့ အကဲပိုလေသလား မသိ။ တခြားနေရာသာ စိတ်မရှည်လျှင်နေမည်။ ကိုရီးယားဇာတ်လမ်းတွဲ စောင့်ကြည့်ဖို့ ကတော့ လုံးဝ အချိန်မလွဲစေရ။ ကျန်သည့်အလုပ်တွေကို ခဏဘေးဖယ်ထား၊ သည်အချိန်မှာ ကိုရီးယားသည် သာ ပထမ၊ ကိုရီးယားသည်သာ ဒုတိယ၊ ကိုရီးယားသည်သာ တတိယ။ “စိတ်ရှည်သည်းခံ အချိန်မှန်ကြည့်ရန် ကိုရီးယား ကား”ဟူ၍များ မှတ်ထားလေရော့သလား မသိ။

အိမ်မှာလည်း ကိုရီးယားနတ် ဖမ်းစားထားတာပါပဲ။ အမေက ကိုရီးယားဆိုလျှင် လက်လွတ်မခံ၊ သမီးကလည်း အမေ့ခြေရာ နင်းပြီး ကိုရီးယားဇာတ်လမ်းတွဲမှန်သမျှ ကြည့်ချင်ဆိုတော့ ကျွန်တော် ဘောလုံးပွဲကြည့်ဖို့ပင်လျှင် ခပ်ခက်ခက်။ အငယ် ကောင်ကတော့ ငယ်သေးလို့လားမသိ။ ကာတွန်းကားလောက်သာ စိတ်ဝင်စားသည်။ သမီးက အတန်းကြီးလာပြီဆိုတော့ တစ်ညမှာ ဇာတ်လမ်းတွဲတစ်ခု သာ ကြည့်ဖို့ မနည်းပြောထားရ၏။ ကိုရီးယားကျေးဇူးကြောင့်လားတော့ မသိ၊ သမီးက ငယ်ငယ်ရွယ်ရွယ်နှင့်ပင် မျက်မှန်တပ်နေရပြီ။

ဆေးရုံမှာရော။ သူတို့တတွေလည်း ခေတ်မီစွာပင် ကိုရီးယားလှိုင်းကို မက်မက်မောမော စီးနေကြသည်။ ကျွန်တော်က မနက် မနက်မှာ သူနာပြုဆရာမများ၊ သူနာပြုသင်တန်းသူများနှင့်အတူ အတွင်းလူနာတွေကို လှည့်ကြည့်ရင်း စပ်မိစပ်ရာ ပြောလေ့ရှိသည်။ သည်လိုပြောရင်းကနေ သူတို့တတွေ စာဖတ်အား အတော်ကလေး နည်းကြသည်ကို သတိထားမိ၏။ ဘာစာ တွေဖတ်လဲမေးတော့ မည်မည်ရရ မပြောနိုင်။ ဂျာနယ်တွေ သည်လောက်ခေတ်စားနေသည့် ကာလကြီးမှာ ဂျာနယ်တစ်စောင် တလေမျှကိုပင် ယောင်တောင်ပေါင်တောင်ဖြစ်ဖြစ် နာမည်လေး ရွတ်မပြခဲ့ကြ။ ဘာကြောင့်လဲမေးတော့ မဝယ်နိုင်လို့တဲ့။ တစ်ကယ်ပဲ မဝယ်နိုင်တာလား၊ ထမင်းရည်ပူလာ လျှာလွှဲတာလားတော့ မသိ။

တစ်နေ့ စကားကြုံရာမှ အတ္တကြီးသူတွေအကြောင်း၊ ကိုယ့်အတွက် မျက်စိ တစ်ဖက်သာမက သူများအတွက်ပါ မျက်စိ တစ်ဖက်ထားဖို့၊ အတ္တ၊ ပရမျှဖို့ဆိုလျှင် လူတစ်ဦး၌ မျက်စိနှစ်ဖက်ရှိဖို့လိုကြောင်း ပြောရင်းကနေ ငရမန်ကန်းအကြောင်း ရောက်သွားသည်။ ငရမန်ကန်းကို သိလားဆိုတော့ မသိကြ။ စောလူးမင်းကိုမေးတော့ ခေါင်းခါသည်။ ကျန်စစ်သားဆိုတော့ အသံနည်းနည်း ထွက်လာ၏။ ဗိုလ်ချုပ်အောင်ဆန်းကိုရော သိလားဆိုတော့မှ အသံကျယ်ကျယ် ထွက်လာသည်။ တော်ပါသေးရဲ့။

သို့နှင့် စာဖတ်အားနည်းသောသူတို့ကို စာဖတ်လာစေရန် တစ်မျိုးကြံရသည်။ သောကြာလိုနေ့မျိုးမှာ အိမ်ကနေ ကျောင်းစာက လွဲပြီး အပြင်စာတစ်ခုခု ဖတ်လာ ဖို့ ပြောလိုက်သည်။ ကျောင်းစာထဲမှာပဲ နစ်နေပြီး အခွံကျဉ်းကျဉ်းလေးထဲအောင်းကာ တံခါးပေါက်တွေ အကုန်ပိတ်ထားတာမျိုး မဖြစ်စေချင်။ ပြတင်းတစ်ချပ် လောက်ဖြစ်ဖြစ် ခဏကလေးလှစ်ဟကာ အပြင်လောကကြီးကို မျှော်ကြည့်စေချင်သည်။ ကျောင်းပရဝဏ်အတွင်းမှ အပြင်သို့ ခြေတစ်လှမ်းလောက် လှမ်းထွက်ကာ သဘာဝအလှတရားတွေကို ငေးမောခံစားကြည့်စေချင်သည်။ မငြိမ်းချမ်းမှုတွေကြောင့် ဖိစီးနေသည့် သောကပရိဒေဝတွေ၊ ဆင်းရဲမှုကြောင့် ခံစားနေရသည့် ဒုက္ခတရားတွေကို ကိုယ်ချင်းစာကြည့်စေချင်သည်။

တနင်္လာနေ့ရောက်တော့ စာမေး၏။ ဖတ်ထားသမျှ ပြောပြပါဆိုတော့ ပထမ တစ်ယောက်က တုဏှိဘာဝေ၊ ဒုတိယ တစ်ယောက်က မတုန်မလှုပ် ကျောက်ရုပ်၊ တတိယတစ်ယောက်က ရှက်ရွံ့ရွံ့၊ စတုတ္ထတစ်ယောက်က အင်တင်တင်။ နောက် ဆုံးသင်တန်းသူကတော့ သမ္မာကျမ်းစာ ဖတ်လာသည်တဲ့။ မှတ်မိသလောက် ပြောပြပါဆိုတော့ တစ်လုံးတစ်ပါဒမျှ ထွက်မလာခဲ့။ နည်းနည်းတော့ စိတ်ပျက်သွားသည်။ အတွင်းလူနာတွေကြည့်ပြီးလို့ နေ့လယ် ထမင်းစားပြန်သည့်အချိန် ဆင်ဝင်အောက်မှာ အဆိုပါသင်တန်းသူတစ်သိုက်ကို တွေ့လိုက်ရသည်။ ပြောနေကြသည်က ကိုရီးယားဇာတ်လမ်းတွဲများ အကြောင်း။

ကျွန်တော် ဇွဲမလျှော့။ နောက်ရက်တွေမှာ အပတ်စဉ်မှန်မှန်ယူသည့် အိမ်ကဂျာနယ်တွေကို ဆေးရုံယူလာသည်။ ဂျာနယ် တွေထဲက ကောင်းနိုးရာရာ ဆောင်းပါးတွေကို သင်တန်းသူတွေအပြင် သူနာပြုဆရာမတွေပါ ဖတ်ခိုင်းပြီး နောက်တစ်ပတ် ရောက်တော့ ပြန်ပြောခိုင်း၏။ သည်နည်းက အတန်အသင့် အောင်မြင်သည်ဟု ဆိုရမည်။ သူတို့ဆရာ မျက်နှာညိုမှာ စိုးသော ကြောင့်လား၊ ဂျာနယ်အလကား ရသောကြောင့်လားမသိ။ အနည်းနှင့် အများတော့ ဖတ်လာကြသည်။ ဆောင်းပါး၏ အာဘော်၊ သူတို့အမြင်နှင့် ကျွန်တော့်အမြင် အမြင်ချင်းဖလှယ်ကြသည်။ သည်နည်းက သူတို့ကို စာပိုပြီး ဖတ်ဖြစ်စေသလို သူတို့နှင့် ကျွန်တော်အကြား ပိုပြီး နီးကပ်လာစေသည်ဟု ခံစားရသည်။

အိမ်က သမီးနှင့် ဆေးရုံက သူနာပြုဆရာမတွေ စာဖတ်ဖြစ်အောင် ကိုယ့် နည်းကိုယ့်ဟန်ဖြင့် စွမ်းဆောင်နိုင်သော်လည်း တစ်မြို့လုံးက လူငယ်တွေ၊ ထို့ထက်တစ်ဆင့်တက်၍ တစ်နိုင်ငံလုံးက လူငယ်တွေ စာဖတ်လာအောင် လုပ်ဆောင်နိုင်ဖို့တော့ အလှမ်းဝေးနေဆဲဟု ထင်သည်။ နည်းပညာတွေ တစ်ဟုန်ထိုးတိုးတက်နေပြီး ဖျော်ဖြေရေးကိရိယာတွေ သည်လောက်စုံလင် များပြားနေသည့်ခေတ်ကြီးမှာ စာအုပ်အငှားဆိုင်တွေက ခြောက်သွေ့လွန်းလှသည်။

ပြည်နယ်မြို့တော်ကြီး၏ စာအုပ်ဆိုင်အချို့မှာ စာအုပ်အမျိုးအစား စုံစုံလင် လင်ရှိသော်လည်း အငှားဆိုင်တွေမှာတော့ စာအုပ် နည်းပါးလှသလို စာအုပ်ကောင်းတွေလည်း ရှားပါးနိုင်လွန်းသည်။ စာအုပ်အငှားဆိုင်တွေကို အပြစ်တော့ မဆိုသာ။ အငှားဆိုင် ရှိ စာအုပ်အမျိုးအစားနှင့် အနည်းအများမှာ စာဖတ် ပရိသတ်အပေါ် တည်မှီနေသည်ဆိုတော့ တစ်ဂိမ်းထဲဂိမ်းပြီး တစ်မှိန်းထဲ မှိန်း နေကြသည့်လူငယ်ထုအကြား ရေပန်းမစားနိုင်သည့် စာအုပ်အငှားဆိုင်များ၏ ကျန်းမာရေးကို အလွယ်တကူပင် မျှော်တွေးကြည့်နိုင်ပါသည်။

ရုပ်ရှင်ကို ရင်ရှုပ်ဟု အချို့က နာမည်ပေးကြသည်။ ဒါဆို ဂိမ်းကိုရော ဘိန်းဟု ခေါ်နိုင်မလား။ ရုပ်ရှင်ကို ရင်ရှုပ်ဟုခေါ်တော့ ရုပ်ရှင်လောကသားတွေက ကြိုက်မည်မထင်။ “ရွှေခြည် ငွေခြည်တန်းပါလို့၊ တစ်ဦးကမေတ္တာ တစ်ဦးက စေတနာ၊ သင်္ကြန်မိုး” စသည်ဖြင့် သိင်္ဂါရ ရသမြောက်သည့် ရုပ်ရှင်ကားတွေ နည်းလာပြီး လျှပ်ပေါ်လော်လည်မှု၊ သောက်စားမူးယစ်မှု၊ အငြိုးကြီး မုန်းတီးမှုတို့ဖြင့် ပြည့်နေသော ကိုရီးယားဇာတ်ကားများ ကြီးစိုးလျက် အစွမ်းကုန် စွဲလမ်းစေတတ်သည့်ဂိမ်းတွေ ခေတ်စားနေသည့်ကာလကြီးမှာ ရွှေပြည်တော်ကတော့ မျှော်တိုင်းဝေးနေဦးမည်ဟု ထင်သည်။

ကမ္ဘာပြားလာသည့် ယနေ့ခေတ်မှာ ကိုရီးယားဇာတ်ကားတွေ တံခွန်ထူနေဦးမည်ဖြစ်သလို ဂိမ်းတွေလည်း အောင်ပွဲခံနေ ဦးမည်သာ။ ကျွန်တော် ကိုရီးယားတွေကို မမုန်းသလို ဂိမ်းတွေကိုလည်း မပစ်ပယ်ပါ။ ခေတ်ရေစီးကြောင်းဟူသည် ဆန့်ကျင်၍ မရနိုင်ကြောင်း ကောင်းကောင်းသိပါသည်။ သို့တစေ ကျွန်တော်တို့၏ အချိန်တွေကို လှိုက်စားပြီး နှလုံးသားကို နောက်ကျူ စေသည့် ဒိုက်သရောတွေကိုတော့ သတိထားဖို့လိုမည်ဟု ထင်ပါသည်။ ခေတ်ရေစီးကြောင်းမှာ အလိုက်သင့် မျောပါရင်း ကျွန်တော်တို့၏ နှလုံးသားတွေကို လှပနူးညံ့စေဖို့၊ ဦးနှောက်တွေကို သန်စွမ်းစေဖို့ ကိုရီးယားမလေးတွေကို သံယောဇဉ် လျှော့ကာ စာအုပ်တွေဘက် အချိန်နည်းနည်းဖဲ့ပေးလိုက်လျှင် အနာဂတ် ပိုမိုလင်းလက်လာမည်လား၊ ကျွန်တော် တွေးနေ မိသည်။

မျိုးကို

Leave a Reply

Your email address will not be published.