တရုတ်အကျိုးစီးပွားအခြေပြု မြန်မာပြည်မြောက်ဖျား စစ်ပွဲများ

နှစ်ဖက်စစ်သည် ၁၃၀ ကျော်အထိ သေဆုံးခဲ့ကြရပြီးဖြစ်သော မကြာခင်က စတင်ဖြစ်ပွားခဲ့သည့် ကိုးကန့်ဒေသစစ်ပွဲများနှင့် စပ်လျဉ်း၍ တရုတ်အစိုးရက ပါဝင်ပတ်သက်မှုမရှိကြောင်း တရားဝင် ထုတ်ပြန်ပြောကြားမှုများဖြင့် မြန်မာစစ်တပ်၏ စွပ်စွဲ ပြောကြားချက်များကို တုံ့ပြန်ခဲ့သော်လည်း မြန်မာနိုင်ငံမြောက်ဖျားဒေသရှိ တိုင်းရင်းသားလက်နက်ကိုင်အစုအဖွဲ့များနှင့် မြန်မာစစ်တပ်အကြား ဆယ်စုနှစ်များစွာဖြစ်ပွားခဲ့သော စစ်ပွဲတိုင်းလိုလိုပင် တရုတ်တို့၏ အကျိုးစီးပွားနှင့် တစ်နည်းတစ်ဖုံ ပတ်သက်နေသည်ချည်းပင်ဖြစ်သည်။

အထက်ပါအချက်ကို အနီးစပ်ဆုံးကာလနှင့် အထင်လင်းဆုံး ပြသနိုင်သည်က ၂၀၁၁ ခုနှစ်အတွင်း ပြန်လည် ဖြစ်ပွားခဲ့သော ကချင်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဖြစ်သည့် ကေအိုင်အေတို့နှင့် ဆင်နွှဲခဲ့ရသည့် စစ်ပွဲများပင်ဖြစ်သည်။

အဆိုပါစစ်ပွဲများကို ပြန်လည်ဖြစ်ပွားစေသည့် အကြောင်းအရင်းမှာ တရုတ်နိုင်ငံပိုင် China Datang Corporation ၏ တာပိန်ရေအားလျှပ်စစ်ရေကာတာ စီမံကိန်းကို အခြေပြုသည်။

မြန်မာတို့၏ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ ကေအိုင်အေအဖွဲ့နှင့် China Datang Corporation တို့အကြား ၂၀၁၁ ခုနှစ်အတွင်း ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်ပြီးနောက် တာပိန်စီမံကိန်းမစတင်မီ နေရာ ရွှေ့ပြောင်းပေးရန်အတွက် တရုတ် ကုမ္ပဏီက ကေအိုင်အေအဖွဲ့ကို အမေရိကန်ဒေါ်လာ ၂.၄ သန်း ပေးအပ်ခဲ့ကြောင်း ကေအိုင်အေအကြီးတန်း ခေါင်းဆောင် တစ်ဦးက ဖွင့်ဟပြောကြားခဲ့သည်။ သို့ရာတွင် ကချင်တို့က မြန်မာအာဏာပိုင်တို့နှင့် ချုပ်ဆိုထားသော ၁၉၉၄ ခုနှစ် အပစ် အခတ်ရပ်စဲရေးသဘောတူညီ ချက်အရ ယင်းတို့ပိုင်စိုးခွင့်ရရှိထားသည့် နယ်မြေဒေသများအတွက် တာပိန်ရေအားလျှပ်စစ် စီမံကိန်းမှ ထွက်ရှိမည့် လျှပ်စစ်ဓာတ်အားတစ်စိတ်တစ်ဒေသကို ခွဲဝေရယူလိုခဲ့ကြသည်။

China Datang Corporation က လျှပ်စစ်ဓာတ်အား တစ်စိတ်တစ်ဒေသကို ကချင်တို့ထံ ခွဲဝေပေးပို့ရန် သဘောတူညီ ခဲ့သော်လည်း တရားဝင်စာချုပ်စာတမ်းများ ချုပ်ဆိုရန်ကိုမူ ငြင်းဆိုခဲ့သည်။ ထို့နောက် များမကြာမီတွင် မြန်မာစစ်တပ်က တာပိန်ဒေသရှိ ကချင်စစ်စခန်းများနှင့် အရပ်သားများ နေထိုင်ရာဒေသတို့ကို ဝင်ရောက်တိုက်ခိုက်ခြင်းဖြင့် ၁၇ နှစ်ကြာ တည်တံ့ခဲ့သော အပစ်အခတ်ရပ်စဲရေးကို ကျိုးပျက်စေခဲ့သည့်အပြင် ယနေ့အထိ မြင်တွေ့နေရဆဲဖြစ်သော ကချင်ပြည်နယ် စစ်ပွဲများကို ပြန်လည်နိုးထ ရှင်သန်စေခဲ့တော့သည်။

ရှမ်းပြည်နယ်မြောက်ပိုင်းဒေသများတွင် ဆက်လက်ဖြစ်ပွားခဲ့သော စစ်ပွဲများမှာလည်း တရုတ်တို့၏ နိုင်ငံပိုင် စီးပွားရေး အဖွဲ့အစည်းတစ်ရပ်ဖြစ်သော China National Petroleum Corporation ၏ ရေနံနှင့်သဘာဝဓာတ်ငွေ့ နှစ်တန်းသွားပိုက်လိုင်းများကို ကာကွယ်စောင့်ရှောက်ရင်း ဖြစ်ပွားခဲ့ရခြင်း ဖြစ်သည်။

တရုတ်တို့၏ စီးပွားရေးစီမံကိန်းများနှင့် ယင်းတို့ကို အကာအကွယ်ပေးရန် ဆင်နွှဲရသောစစ်ပွဲများက ဒေသခံ တိုင်းရင်းသား တို့အပေါ် ကြီးစွာသော ရိုက်ခတ်မှုဖြစ်ပေါ်စေခဲ့ပြီး ကချင်၊ ရှမ်းနှင့် တအာင်းဒေသခံပြည်သူ တစ်သိန်းကျော်တို့မှာ ယင်းတို့၏ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများနှင့် အိုးအိမ်တို့ကို စွန့်ပစ်ကာ လက်လွတ်ထွက်ပြေး တိမ်းရှောင်ခဲ့ကြရသည်။ ထောင် သောင်းချီသော စစ်ဘေးရှောင်ဒုက္ခသည်တို့သည် တရုတ်နိုင်ငံအတွင်းသို့လည်း ဝင်ရောက်ခိုလှုံခဲ့ကြရသည်။

မကြာခင်က ပြန်လည်ဖြစ်ပွားခဲ့သော ကိုးကန့်စစ်ပွဲများတွင်လည်း ဒေသခံပြည်သူခြောက်သောင်းခန့်မှာ အိမ်နီးချင်း တရုတ် နိုင်ငံ ယူနန်ပြည်နယ်အတွင်းသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည်။

ကိုးကန့်စစ်ပွဲများ၏ အဓိကလက်သည်ဖြစ်သော MNDAA (Myanmar National Democratic Alliance Army) အဖွဲ့ကို ဦးဆောင်သူမှာ ၁၉၈၈ ခုနှစ်တွင် မြန်မာစစ်တပ်၏ ထိုးစစ်ကြောင့် ပြိုကွဲခဲ့ရသော ဗမာပြည်ကွန်မြူနစ်ပါတီမှ တပ်မှူး ဟောင်းတစ်ဦးဖြစ်သူ ဖုန်ကြားရှင်ဖြစ်သည်။ ဗမာပြည်ကွန်မြူနစ်ပါတီသည် တစ်ချိန်က တရုတ်အစိုးရ ကျောထောက် နောက်ခံပြုပေးထားသော ထင်ရှားသည့် လက်နက်ကိုင်အဖွဲ့အစည်းဖြစ်သည်။

ဖုန်ကြားရှင်ဦးစီးသော ကိုးကန့် MNDAA တပ်ဘက်တွင် တရုတ်ကြေးစား စစ်သားများ တရုတ်စစ်ရေး နည်းပြများ ပါဝင် ကြောင်း မြန်မာစစ်တပ်က သက်သေအထောက်အထားများဖြင့် ထုတ်ဖော်ပြောကြားလာခဲ့သော်လည်း တရုတ်အစိုးရက အိမ်နီးချင်းနိုင်ငံများအရေးတွင် ဝင်ရောက်စွက်ဖက်မှုမပြုရေး မူဝါဒကိုသာ လက်ကိုင်ထားရှိကြောင်း အတိအလင်း ထပ်မံ ပြောကြားခဲ့သည်။

ဘေဂျင်းမြို့တွင် ကျင်းပသော ပါလီမန်အစည်းအဝေးတစ်ရပ်သို့ တက်ရောက်လာသည့် ယူနန်ပြည်နယ် ကွန်မြူနစ်ပါတီ အကြီးအကဲ Li Jiheng ကလည်း မတ်လ ၇ ရက်နေ့က သတင်းထောက်များနှင့် တွေ့ဆုံရာ၌ နယ်စပ်ဒေသတည်ငြိမ်ရေး ကိုသာ ယူနန်ပြည်နယ်က လိုလားပါကြောင်း တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာကို အမြဲတစေ လေးစား ပါကြောင်း ပြောကြားခဲ့သည်။

ဖုန်ကြားရှင်နှင့် ယင်း၏အဖွဲ့သည် တရုတ်တိုင်းရင်းသားမျိုးနွယ်များပင်ဖြစ်ရာ တရုတ်လူထု၏ သနားကရုဏာသက်မှုကို ရယူထားပြီးလည်းဖြစ်သဖြင့် တရုတ်အစိုးရ (သို့မဟုတ်) ယူနန်ပြည်နယ်အစိုးရ၏ ထောက်ပံ့မှုများကို အတိုင်းအတာ တစ်ရပ်အထိ ရယူထားကြောင်း သံသယများ တိုးပွားလျက်သာရှိသည်။

သို့ရာတွင် Li Jiheng ကမူ ယူနန်နယ်စပ်ဒေသတွင် ဖြစ်ပွားသော စစ်ပွဲများကို ဆန့်ကျင်ကြောင်း ပြောကြားခဲ့ကာ ဒုက္ခသည်ခြောက်သောင်းခန့်ကို ယူနန်ပြည်နယ်အတွင်း လက်ခံထားရှိကြောင်းလည်း ပြောကြားခဲ့သည်။

မြန်မာအစိုးရကို လက်နက်စွဲကိုင်ဆန့်ကျင်ရန်အတွက် ဖုန်ကြားရှင်ကို မိမိတို့ ကူညီပံ့ပိုးခြင်းမရှိကြောင်း အခြားမည်သည့် လက်နက်ကိုင်အဖွဲ့အစည်းကိုမျှလည်း အစိုးရဆန့်ကျင်ရေးပြုလုပ်ရန် ပံ့ပိုးကူညီမှု မည်သည့်အခါကမျှ မရှိကြောင်း၊ မြန်မာအစိုးရနှင့် MNDAA အဖွဲ့တို့အကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ပြုလုပ်နိုင်မည်ဟု မျှော်လင့်ကြောင်း Li Jiheng က ပြောကြားခဲ့သည်။

မြန်မာစစ်တပ်၏ ထိုးစစ်ကြောင့် MNDAA အဖွဲ့ ပြိုကွဲခဲ့ရသော ၂၀ဝ၉ ခုနှစ်နောက်ပိုင်းကာလများတွင် ဖုန်ကြားရှင်ကို ယူနန် ပြည်နယ်အတွင်း လက်ခံ ထားခြင်းရှိ၊ မရှိ သတင်းထောက်များက မေးမြန်းခဲ့ရာတွင် Li Jiheng က အဆိုပါ စကားရပ်မှာ သင့်လျော်မှုမရှိပါကြောင်း၊ နယ်စပ်ဒေသလုံခြုံရေး နယ်မြေတည်တံ့ရေးနှင့် ဒေသခံပြည်သူတို့၏ အကျိုးစီးပွားကို အမြဲတစေ အလေးပေး ဆောင်ရွက်နေကြောင်း၊ ယူနန်ဒေသတွင်း ဖုန်ကြားရှင် နေထိုင်ခဲ့သည်ဟု မသိရှိပါကြောင်း၊ ဖုန်ကြားရှင်ကို ယူနန် ပြည်နယ်က လက်ခံထားခဲ့ခြင်းမရှိဟု မိမိတာဝန်ယူပြောကြားအပ်ပါကြောင်း ရှင်းလင်းပြောကြားသွားခဲ့သည်။

Li Jiheng က ယူနန်ဒေသတွင်း ဖုန်ကြားရှင်ကို လက်ခံထားရှိခြင်းမရှိကြောင်း အာမခံပြောကြားသွားသော်လည်း မည်သည့်နေရာဒေသတွင်း ရှိနေသည်ကိုမူ Li Jiheng က ပြောကြားခဲ့ခြင်းမရှိပေ။ ထို့အပြင် မည်သည့်တရုတ်နိုင်ငံသား ကမျှ နယ်စပ်ဒေသကို ဖြတ်ကျော်ကာ ဖုန်ကြားရှင်၏အဖွဲ့နှင့် ပူးပေါင်းခဲ့ခြင်း မတွေ့ရကြောင်းလည်း Li Jiheng က ပြောကြားခဲ့သည်။

ဖုန်ကြားရှင်၏ တပ်ဖွဲ့များကို တရုတ်ဘက်က ထောက်ပံ့ကူညီမှုမရှိကြောင်း၊ Li Jiheng ၏ အခိုင်အမာ ပြောကြားမှုများ သည် မတ်လ ၂ ရက်နေ့ထုတ် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်သတင်းစာ (PLA Daily) ပါ တရုတ်စစ်ဗိုလ် ချုပ် ၁၄ ဦးကို စစ်စည်းကမ်းချိုးဖောက်မှုများနှင့် လာဘ်ပေးလာဘ်ယူမှုများ ကြောင့် ယခုနှစ် ဇန်နဝါရီလအတွင်းက ဖမ်းဆီး ထိန်းသိမ်းထားကြောင်း ကြေညာချက် ထွက်ပေါ်လာမှုနှင့်လည်း ဆက်စပ်နေပေသည်။

PLA နေ့စဉ်သတင်းစာတွင် ဖော်ပြခဲ့သော ဖမ်းဆီးခံတရုတ်ဗိုလ်ချုပ် ၁၄ ဦးစာရင်းတွင် တရုတ် စစ်သိပ္ပံအကယ်ဒမီ သင်တန်း ကျောင်း၊ သုတေသနဌာနမှ ဗိုလ်ချုပ် Huang Xing သည်လည်း အပါအဝင်ဖြစ်သည်။

စစ်သင်တန်းကျောင်းနှင့် နီးစပ်သည့် သတင်းအသိုင်းအဝိုင်းတစ်ရပ်၏ အဆိုအရ Huang ၏ အဓိကပြစ်မှုမှာ ၂၀ဝ၉ ခုနှစ် အတွင်း မြန်မာနိုင်ငံ၊ ကိုးကန့်ဒေသတွင် တိုက်ပွဲများဖြစ်ပွားနေစဉ် နိုင်ငံတော်အဆင့်ရှိ လျှို့ဝှက်ချက်အချို့ကို ကိုးကန့် လက်နက်ကိုင်တို့ထံ ပေးအပ်ခဲ့ခြင်းဖြစ်သည်ဟု သိရှိရသည်။

Huang ၏ မိတ်ဆွေဆိုသူတစ်ဦးကမူ Huang သည် ယွမ်ငွေတစ်သန်း လိမ်လည်ရယူမှုဖြင့် စွဲချက်တင်ခံထားရသည်ဟု ဟောင်ကောင်အခြေစိုက် South China Morning Post (SCMP) သတင်းစာသို့ ပြောကြားခဲ့သည်။ အသေးစိတ် အခြေအနေကို ရှင်းလင်းစွာ မသိရှိရသော်လည်း အဆိုပါစွဲချက်မှာ Huang ကို ဖြုတ်ချရန်အတွက် အကြောင်းပြချက်မျှသာ ဖြစ်သည်ဟုလည်း ဆိုသည်။

ယွမ်ငွေတစ်သန်းဆိုသည်မှာ ဗိုလ်ချုပ်အဆင့်ရှိ အရာရှိတစ်ဦးကို စွဲချက်တင်နိုင်လောက်အောင် ခိုင်မာသော အကြောင်းပြချက် မဟုတ်ကြောင်း၊ အခြားသော စစ်ဗိုလ်ချုပ်များမှာ ထို့ထက်မက များပြားသော လာဘ်စားမှု များအတွက် စုံစမ်းစစ်ဆေးမှု ခံယူ နေကြရကြောင်းလည်း Huang ၏ မိတ်ဆွေက ပြောကြားခဲ့သည်။

PLA သတင်းစာကမူ Huang သည် ကြီးလေးသော စစ်စည်းကမ်းချိုးဖောက်မှုများအရ ဇန်နဝါရီလ ကတည်းကပင် စုံစမ်း စစ်ဆေးမှု ခံယူနေရကြောင်း ရေးသားဖော်ပြခဲ့သည်။ Huang ၏ အမှုကို စစ်ဘက်တရားစီရင်ရေး အဖွဲ့အစည်းများသို့ လွှဲပြောင်းပေးပြီးဖြစ်ကြောင်း PLA နေ့စဉ်က ဖော်ပြခဲ့သော်လည်း ကိုးကန့်တို့နှင့် ဆက်စပ်ပတ်သက်မှုကိုမူ ဖော်ပြခဲ့ခြင်း မရှိပေ။

တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော်သည် ယင်း၏အရာရှိများအား ကြိုတင်ခွင့်ပြုချက်မပါရှိဘဲ ပြည်ပလက်နက်ကိုင် အဖွဲ့အစည်းဝင်များနှင့် ဆက်သွယ်ခြင်းကို တင်းကြပ်စွာ တားမြစ်ထားသည်။ ထိုသို့ တင်းကြပ်သော စစ်စည်းကမ်းမျိုးကို ဗိုလ်ချုပ်အဆင့်ရှိ အရာရှိတစ်ဦးက မိမိသဘောဖြင့် ဆန့်ကျင်ဆောင်ရွက်ခဲ့သည် ဆိုခြင်းမှာလည်း ယုတ္တိမတန်လှပေ။

တိုင်ပေအခြေစိုက် ခေတ်မီမူဝါဒလေ့ကျင့်ရေးကောင်စီမှ PLA ရေးရာ ကျွမ်းကျင်သူ ပရော်ဖက်ဆာ Arthur Ding Shu-fan က Huang ၏ အမည်ကို လာဘ်ပေးလာဘ်ယူမှုပြုသော တရုတ်စစ်ဗိုလ်ချုပ်များစာရင်းတွင် မြင်တွေ့ရသည့်အတွက် အံ့အားသင့်ခဲ့ရကြောင်း၊ Huang သည် စစ်သေနင်္ဂဗျူဟာ သုတေသနလုပ်ငန်းများအတွက် အမည်ကျော်ကြားသူဖြစ်ကြောင်း၊ ထိုသို့သော စစ်ပညာရှင်တစ်ဦးအနေဖြင့် လာဘ်ပေးလာဘ်ယူမှုများတွင် ပါဝင်ပတ်သက်မှုရှိမည်ဟု မယုံကြည်ကြောင်း၊ Huang တွင် လာဘ်စားနိုင်လောက်သော အခွင့်အလမ်းများလည်းမရှိကြောင်း ပြောကြားခဲ့သည်။

ဗိုလ်မှူးကြီးအဆင့်ရှိ အငြိမ်းစားအရာရှိ နှစ်ဦးကလည်း Huang ကို ဖမ်းဆီးမှုမှာ အကြောင်းရင်းများစွာ ပေါင်းဆုံလျက်ရှိ ကြောင်း၊ ကိုးကန့်တို့နှင့် ဆက်စပ်ပတ်သက်ခဲ့ခြင်းမှာ Huang ၏ နိုင်ငံရေးအရ မှားယွင်းချက်တစ်ရပ်ဖြစ်ကာ PLA အတွက် အရှက်ရဖွယ်ဖြစ်စေခဲ့ ကြောင်း၊ PLA နေ့စဉ်တွင် ဖော်ပြထားခြင်းမရှိသည်မှာ ထိပ်တန်းခေါင်းဆောင်ကြီးများ အရှက်ရဖွယ် ဖြစ်သောကြောင့် မဖော်ပြခဲ့ခြင်းဖြစ်ပြီး ယင်းအစား အဆင်ပြေသော အကြောင်းပြချက်တစ်ရပ်ဖြင့် အပြစ်ပေးရန် ဆောင် ရွက်ခဲ့ခြင်းသာဖြစ်ကြောင်း South China Morning Post သတင်းစာသို့ ပြောကြားခဲ့ကြသည်။

တရုတ်အစိုးရနှင့် ယူနန်ပြည်နယ်အကြီးအကဲတို့က မည်သို့ပင် အာမခံပြောကြားမှုများ ရှိစေကာမူ တရုတ်စစ်ဗိုလ်ချုပ်တို့၏ အတိတ်က ကိုးကန့်တပ်ဖွဲ့များနှင့် ပတ်သက်မှုရှိပုံတို့မှာ ထင်ရှားစွာပေါ်လွင်နေပေသည်။ ထို့အပြင် စည်းကမ်းတင်းကြပ် လှသော တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော်၏ ဗိုလ်ချုပ်အဆင့်ရှိ အရာရှိတစ်ဦးက စစ်စည်းကမ်းများကို ချိုး ဖောက်ကာ ကိုးကန့်လက်နက်ကိုင်အဖွဲ့သို့ နိုင်ငံတော်အဆင့်ရှိ လျှို့ဝှက်ချက်များ ပေးအပ်ခဲ့သည်ဆိုသည့် အယူအဆထက် တရုတ်အစိုးရ၏ နိုင်ငံခြားရေးမူဝါဒ စောင့်ထိန်းမှုကို နိုင်ငံတကာအလယ် သက်သေပြုရန် ထိုးကျွေးလိုက်ခြင်းမျှသာ ဖြစ် သည်ဆိုသော အယူအဆကသာ အလေးသာလျက်ရှိသည်။

ကိုးကန့်တို့နှင့် ပတ်သက်ဆက်နွှယ်မှုအကြောင်းရင်းကို ရှင်းလင်းစွာ မသိရှိရသော်လည်း မြန်မာနိုင်ငံ မြောက်ဖျားဒေသ များတွင် ဖြစ်ပွားရသည့် စစ်ပွဲတိုင်းလိုလိုသည် တရုတ်တို့၏ စီးပွားရေးစီမံကိန်းများနှင့် တစ်နည်းတစ်ဖုံ ပတ်သက်လျက် ရှိနေသည်ကို သတိချပ်သင့်ပေသည်။

သို့ဖြစ်ရာ တရုတ်အစိုးရအနေဖြင့် အစဉ်တစိုက် ကြွေးကြော်ထားသကဲ့သို့ နယ်စပ်ဒေသ တည်ငြိမ်ရေးကိုလိုလားပြီး မြန်မာ နိုင်ငံ၏ အချုပ်အခြာအာဏာကို လေးစားသည်ဆိုပါက ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးသဘောတူညီမှုများ ထွက်ပေါ် လာမှု မရှိမချင်း၊ မြန်မာနိုင်ငံ၏ တိုင်းရင်းသားလက်နက်ကိုင်၊ တိုင်းရင်းသား အစုအဖွဲ့အများအပြား တည်ရှိရာ စစ်ပွဲဒေသ များတွင် ပမာဏကြီးမားသော ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်၍ စီးပွားရေးစီမံကိန်းလုပ်ငန်းကြီးများ ဆောင်ရွက်ခြင်းကို ပြန်လည်စဉ်းစား သုံးသပ်သင့်ပေသည်။

မြန်မာအစိုးရအနေဖြင့်လည်း စီးပွားရေးအကျိုးအမြတ်ကို အရင်မမျှော်ကိုးဘဲ စစ်ပွဲများရပ်တန့်ရန် ဦးစွာဆောင်ရွက်ခြင်းဖြင့် ဒေသခံပြည်သူတို့အကျိုးကို ရင်းနှီးမြှုပ်နှံသူတို့ကလည်း အလေးထားလာကာ ဒီမိုကရေစီအသွင်ကူးပြောင်းရေး လမ်းစဉ် အတွက် ကောင်းသောဆောင်ရွက်ချက်များ ဖြစ်ပေါ်စေမည်ဖြစ်သည်။

ရာပြည့်

Reference :     (1)       How China Fuels Myanmar’s Wars by Matthew Smith, New York Times, Mar 4, 2015.

(2)       Yunnan Denies Hosting Myanmar Rebel Leader South China Morning Post, Mar 7, 2015

(3)       Senior Chinese Military Strategist Leaked State Secrets, Helped Rebels in Myanmar. by Minnie Chan

South China Morning Post, Mar 7, 2015

(4)       Ousted Chinese General Aided Myanmar Rebels : Report by Shannon Tiezzi

The Diplomat, Mar 7, 2015

Leave a Reply

Your email address will not be published.