အကြမ်းဖက်လမ်းစဉ်သည် အစိုးရ၏ စေတနာလားဟု မေးခွန်းထုတ်

ရန်ကုန်၊ မတ် ၁၀

မတ်လ ၁၀ ရက် လက်ပံတန်းမြို့၌ ဒီမိုကရေစီပညာရေး ပင်မသပိတ်စစ်ကြောင်းမှ အကြမ်းဖက်ဖြိုခွင်း ဖမ်းဆီးခြင်းခံခဲ့ရသော အမျိုးသမီးများအား အတင်းအဓမ္မဖမ်းဆီးခြင်း၊ ခွင့်ပြုချက်မရဘဲ ခေါ် ဆောင်ခြင်းများအပေါ် အမျိုးသမီးအဖွဲ့များက ဆက်လက်ဆောင်ရွက်ပေးမည်ဟု ကရင်အမျိုးသမီးဖွံ့ဖြိုး တိုးတက်ရေးအဖွဲ့၏ ဒါရိုက်တာ နော်စူစန်နာလှလှစိုးက ပြောသည်။

အကြမ်းဖက်ဖြိုခွင်းမှုအပေါ် ဝေဖန်ပြောကြားရာတွင် “ဒီလုပ်ရပ်ကို ရှုတ်ချတယ်။ ကျွန်မတို့နိုင်ငံဟာ ဒီမိုကရေစီကို သွားနေတဲ့ နိုင်ငံဖြစ်တယ်။ စားပွဲပေါ်မှာ ဖြေရှင်းလို့ရတဲ့ကိစ္စဖြစ်ရဲ့သားနဲ့ ဒီလိုဖြစ်ခဲ့တာ။ အစက လမ်းကြောင်းမှန်ပေါ် ရောက်နေပြီ။ ကျောင်းသားနဲ့ တာဝန်ရှိသူတွေ ဆွေးနွေးတာကို အများကြီးထောက်ခံခဲ့တယ်။ နောက်ပိုင်းမှာ ပြောင်းလဲသွားပြီး အကြမ်းဖက် ဖြိုခွင်းတဲ့လမ်းစဉ်ကို ရွေးလိုက်တဲ့ အစိုးရရဲ့စေတနာကို မေးခွန်းထုတ်ချင်တယ်။ တိုင်းပြည်ကို ပြောင်းလဲဖို့ ဆန္ဒတကယ် ရှိရဲ့လား” ဟု နော်စူစန်နာလှလှစိုးက ပဲ့တင်သံဂျာနယ်ကို ပြောသည်။

Founder of Triangle Women Support Group မှ ဒေါ်ခင်လေးက ဒီမိုကရေစီပညာရေး ပင်မသပိတ်စစ်ကြောင်း မှ ကျောင်းသား၊ ကျောင်းသူများနှင့် သံဃာတော်များ အကြမ်းဖက်ခံရမှုအတွက် စိတ်မကောင်းဖြစ်ရကြောင်း၊ ယခုကဲ့သို့ ဖြစ်ရပ်မဖြစ်စေရန် ပြည်သူက အတတ်နိုင်ဆုံး ဝန်းရံခဲ့ကြောင်း၊ ကျောင်းသားများ၏ တွေ့ဆုံညှိနှိုင်းမှု အောင်မြင်ကာနီးဟု ထင်မြင်ချိန်တွင် ယခုကဲ့သို့ အကြမ်းဖက်ဖမ်းဆီးမှုဖြင့်သာ ပြီးဆုံးသွားကြောင်း၊ ယင်းဖြစ်ရပ်မှာ တိုင်းပြည်အတွက် လုံးဝ မကောင်းနိုင်သော အလားအလာဖြစ်ကြောင်း၊ မြန်မာအစိုးရသည် မည်သည့်ပန်းတိုင်ကို မည်သည့်လမ်းကြောင်း၊ စနစ်ဖြင့် သွားနေသည်ကို ပိုမိုပီပြင်လာခြင်းဖြစ်ပြီး အစိုးရလျှောက်လှမ်းရာ လမ်းကြောင်းကို ပြည်သူအပါအဝင် အားလုံးက ပြန်လည် သုံးသပ်သင့်ပြီဖြစ်ကြောင်း ပြောသည်။

ယခင် အကြမ်းဖက် ဖြိုခွင်းမှုများနှင့် စပ်လျဉ်း၍ ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ ထုတ်ဖော်ပြောဆိုခွင့်တို့သည် ဒီမို ကရေစီနိုင်ငံတိုင်းတွင်ရှိရမည့် အခြေခံလူ့အခွင့်အရေးဖြစ်ကြောင်း၊ အင်အားသုံး အကြမ်းဖက်ဖမ်းဆီးမှုသည် မြန်မာအစိုးရ၏ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ဥပဒေပြုရေးမဏ္ဍိုင်ကြီး ၃ ရပ်လုံးမှ အမျိုးသမီးများအား ထိရောက်စွာလုံခြုံမှု မပေးနိုင်သည် ကို ထင်ထင်ရှားရှားပြသနေကြောင်း အမျိုးသမီးအဖွဲ့များကွန်ရက်၊ မြန်မာနိုင်ငံ (WON) က ရန်ကုန်မြို့ရှိ မြို့တော်ခန်းမရှေ့၌ လက်ပံတန်းကျောင်းသားသပိတ်အား ထောက်ခံကြောင်း ငြိမ်းချမ်းစွာဖြင့် ဆန္ဒထုတ်ဖော်ခဲ့သော ကျောင်းသား၊ ကျောင်းသူ များနှင့် ရွှေပြည်သာ အလုပ်သမားသပိတ်မှ အလုပ်သမအမျိုးသမီးငယ်များကို ဒေသခံအာဏာပိုင်များနှင့်အတူ လက်မောင်း တွင် တာဝန်ဟု အနီရောင် လက်ပတ်ဝတ် အရပ်ဝတ်အကြမ်းဖက်လူတစ်စုက အကြမ်းဖက်ဖြိုခွင်းမှုအပေါ် မတ်လ ၅ ရက် နေ့တွင် သဘောထားထုတ်ပြန်ခဲ့သည်။

ဝ၅၅

Leave a Reply

Your email address will not be published. Required fields are marked *