မှန်ချင်လျှင် အမှားကို ပြင်ရဲသည့် သတ္တိကို မွေးပါ

လူမှန်လျှင် မှားတတ်ပြီး အစိုးရမှန်လျှင်လည်း မှားတတ် သည်မှာ အမှန်တရားတစ်ခုပင် ဖြစ်နေပေသည်။ စင်စစ် မှားတတ် ခြင်းသည် ပြဿနာမဟုတ်ဘဲ ထိုအမှားကို သင်ခန်းစာယူကာ အမှန်ဖြစ်အောင် ပြုပြင်လိုစိတ် မရှိခြင်းသည်သာ ပြဿနာဖြစ် ပါသည်။

လတ်တလော အမျိုးသားပညာရေးဥပဒေပြင်ဆင်ရေးဆိုင်ရာ အငြင်းပွားမှုများနှင့် သပိတ်များအရေးတွင် အစိုးရဘက်က အမှားများစွာကို ပြောင်ပြောင်တင်းတင်း အကြိမ်ကြိမ် ကျူးလွန်ခဲ့သည်ကို တွေ့ရသည်။ ဒီမိုကရေစီပညာရေး လှုပ်ရှားမှု ကော်မတီနှင့် အမျိုးသားပညာရေးပြုပြင်ပြောင်းလဲရေးကွန်ရက်တို့၏ လှုပ်ရှားဆောင်ရွက်မှုများကိုကြည့်လျှင် အားလုံးသော အစုအဖွဲ့အသီးသီးက သပိတ်လမ်းကြောင်းတစ်ခုတည်းပေါ်မှာ ရပ်တည်နေခြင်းမျိုး မဟုတ်ဘဲ မြေလတ်၊ တကသနှင့် မြန်မာပြည်အောက်ပိုင်းမှ သပိတ်တပ်ကြောင်းများက လေးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးမှုများအပြီး လွှတ်တော်တွင် ကြားနာမှုများ မပြုမီကပင် ရပ်နားခဲ့ပြီးဖြစ်ကာ ပင်မဗကသတပ်ကြောင်းတစ်ခုကသာ လွှတ်တော်တွင် မလိုအပ်ဘဲ ကြန့်ကြာမှု မရှိနိုင်စေ ရန်နှင့် ရလဒ်ကောင်းများ မရနိုင်မည်ကို စိုးရိမ်သဖြင့် ဆက်လက်တည်ရှိနေခဲ့သည်။ သို့သော် အစိုးရနှင့် လွှတ်တော်ကို ကြည့် လျှင် လွှတ်တော်က ကြားနာမှုကို ဆက်လက်ဆောင်ရွက်ခဲ့ပြီး အစိုးရဟုခေါ်ရမည့် အုပ်ချုပ်ရေးကမူ နိုင်ငံပိုင်မီဒီယာကို အစိုးရ ဝါဒဖြန့် လက်နက်အဖြစ် အရိုးစွဲကျင့်သုံးကာ အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်သည့်ဥပဒေကြမ်းအား အပြစ်မြင်ထား သည့် ဆောင်းပါးများ၊ တင်ပြချက်များနှင့် အခြားသောအချက်အလက်မှားများကို ပုံဖျက်ဖော်ပြခြင်းများအား စဉ်ဆက်မပြတ် ဆောင်ရွက်ခဲ့ပါသည်။ ထို့ထက် ဆိုးသည်မှာ ရန်ကုန်မြို့၊ မြို့တော်ခန်းမရှေ့တွင် ပြင်ဆင်ရေးဥပဒေ မူကြမ်းအား ထောက်ခံ သည့်လှုပ်ရှားမှုအား ဆောင်ရွက်ကြသည့် ပြည်သူလူထုအား လူရမ်းကားများဖြင့် အကြမ်းဖက် ရိုက်နှက်ဖမ်းဆီးမှုကို ပြုလုပ်ခဲ့ ခြင်းဖြစ်သည်။ ထိုသို့ဆောင်ရွက်ခြင်းသည် နိုင်ငံရေးယဉ်ကျေးမှုသစ်ဟု သမ္မတကြီးက တဖွဖွ ရည်ညွှန်းနေသော တွေ့ဆုံ ဆွေးနွေးအဖြေရှာရေးကို ကျောခိုင်းကာ အာဏာရှင်အစိုးရ အဆက်ဆက်ကျင့်သုံးခဲ့သော အကြမ်းဖက်မှုဟူသည့် ဟောင်းနွမ်း စုတ်ပြတ်သတ်သော နိုင်ငံရေးယဉ်ကျေးမှုဆိုးကြီးကို ပြန်လည်အသက်သွင်းလိုက်ခြင်းပင်ဖြစ်သည်။ အထူးသဖြင့် ရပ်ရွာထဲမှ ပညာမဲ့ လူဆိုးလူမိုက်ခေါင်းဆောင်ထောင်ထွက်များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးအချို့ကို တာဝန်နှင့် စည်းကမ်းဟူသော လက်ပတ်များ ပတ်စေကာ ဥပဒေပြင်ဆင်ရေး ထောက်ခံဆန္ဒပြသူများအား အကြမ်းဖက်ရိုက်နှက်ဖမ်းဆီးမှုများ ပြုလုပ်လိုက် ခြင်းသည် အမှားကြီးမှားသောလုပ်ရပ်ပင် ဖြစ်သည်။

ထိုအမှားများက မှားပြီးဖြစ်သဖြင့် အစိုးရနှင့် နိုင်ငံ၏ ပုံရိပ်မှာ ညှိုးငယ်ခဲ့ရပြီးဖြစ်သည်။ ထိုအမှားထက်မှားသော အမှားမှာ ထိုသို့သာမန်အရပ်သားများအား လူစုလူဝေးကို ဖြိုခွဲရန် တာဝန်ပေးခြင်းသည် ဥပဒေနှင့်အညီဖြစ်သည်ဟု မျက်စိစုံမှိတ်ကာ ထုတ်ပြော လာခြင်းပင် ဖြစ်သည်။ သည်အမူအကျင့်မှာ ‘မှားတယ်ကွာ။ ဘာဖြစ်သေးလဲ။ ဘယ်သူမှ ဂရုမစိုက်ဘူး’ဟု လူမိုက် ဆန်ဆန် မှားခြင်းမျိုးထက်ပင် ပိုမိုဆိုးရွားသည့် အမှားဖြစ်သည်။ အမှားကို အမှားဟု ဝန်ခံကာ ထိုသို့ဆောင်ရွက်မှုနှင့် ပတ်သက်သည့် တာဝန်ရှိသူကို ဖော်ထုတ်အရေးယူပေးခြင်းအားဖြင့် ထိုအမှားအား ပြင်ဆင်ရန် အခွင့်အရေး ရပါလျက်နှင့် မမှားဟု ဇွတ်အတည်ပြုတုံ့ပြန်ခြင်းသည် မှန်လိုသော ဆန္ဒမရှိသည့်ပြင် အမှားကို ဗြောင်ဖုံးကွယ်လိုခြင်း၊ ဆင်ခြေပေး ကာကွယ်လိုခြင်းစသည့် လူကြီးလူကောင်းမဆန်သော အမှားများစွာကို ထပ်မံကျူးလွန်လိုက်ခြင်းလည်း ဖြစ်သည်။

အလားတူ မတ်လ ၁၀ ရက် လက်ပံတန်းတွင်ဖြစ်ခဲ့သော ပိတ်ဆို့မှုကို ဖောက်ထွက်ရန်ကြိုးစားသည့် သပိတ်တပ်အား အစပိုင်း မှာ ထွက်ခွါခွင့်ပြုမည်ဟု ကတိပြုခဲ့ပြီးမှ တောင်းဆိုမှုပေါင်းများစွာဖြင့် ညှိနှိုင်းမရအောင် ကြိုးပမ်းကာ အဆုံးတွင် ကျောင်းသားများနှင့် ပြည်သူများအား မလိုအပ်ဘဲ မတရား ရိုက်နှက်ဖမ်းဆီးခြင်း၊ အဖြစ်အပျက်ကို မှတ်တမ်းယူနေသော သတင်းထောက်များအား ကိုယ်ထိလက်ရောက် ရန်ပြုခြင်းဟူသည့် ရဲတပ်ဖွဲ့ဝင်များ၏ အပြုအမူမှာလည်း အမှားပေါ် အမှား ဆင့်ကာ အမှန်ပြင်ရန် သတ္တိလုံးလုံးမရှိသော အပြုအမူသာ ဖြစ်ပေသည်။ ထို့ကြောင့် အစိုးရအနေဖြင့် မည်သည့်တည်ဆဲဥပဒေ များအရ မိမိတို့လုပ်ရပ်မှာ မမှားကြောင်း ဆက်လက်ဝါဒဖြန့်နေသမျှ အမှန်ကို မလိုလားသေးဘဲ အမှားကိုပြင်ရဲသည့်သတ္တိ မရှိသော သူရဲဘောကြောင်လှသည့်အစိုးရသာ ဖြစ်နေဦးမည်ဟု အသိပေးအပ်ပါသည်။

နိုင်ငံသားတို့အသံကို လွတ်လပ်စွာ ပဲ့တင်ထပ်စေမည်။

အယ်ဒီတာ

Leave a Reply

Your email address will not be published. Required fields are marked *