အမေရိကန်သမ္မတ မည်သည့်အခါမျှ ဖြစ်မည်မဟုတ်သည့် ဂျော့ချ်ကလူနီ

ဂျော့ချ်ကလူနီဆိုသည်မှာ ဟောလိဝုဒ်၏နာမည်ကြီးမင်းသားတစ်ဦးဖြစ်သည့်အပြင် ယခုအိမ်ထောင်အတည်တကျ ပြုလိုက်သောအခါဇနီးသည်မှာ ဥပဒေပညာရှင်တစ်ဦးဖြစ်သဖြင့် နိုင်ငံရေးလောကသို့ဝင်ရောက်ကာ သမ္မတတစ်ဦးအဖြစ် ဝင်ရောက်အရွေးချယ်ခံမည်လားဟု စဉ်းစားဖွယ်ရာ ရှိလာခဲ့သည်။ သို့သော် အတွင်းသိများ အဆိုအရ ဂျော့ချ်သည် မည်သည့်အခါမျှ အိမ်ဖြူတော်တွင် နေရသည့် အမေရိကန်သမ္မတဖြစ်လာလိမ့်မည် မဟုတ်ဟု ဆိုသည်။

အသက် ၅၃ နှစ်အရွယ်ရှိ မင်းသားသည် လူသားချင်းစာနာထောက်ထားမှုအရေးကိစ္စများတွင် ပါဝင်လှုပ်ရှားသူဖြစ်ပြီး ဒီမိုကရက်တစ်ပါတီကိုလည်းထောက်ခံသူ ဖြစ်သည်။ ထို့ကြောင့် လူပျိုကြီးဘဝကို စွန့်လွှတ်ကာ အိမ်ထောင်ပြုရာ၌လည်း လူ့အခွင့်အရေးလှုပ်ရှားသူတစ်ဦးဖြစ်သည့် ဥပဒေပညာရှင် အမားလ်အလာမွတ်ဒင်နှင့် လက်ထပ်ခဲ့ခြင်းဖြစ်သည်။

“ဂျော့ချ်ဟာ ရည်မှန်းချက်ကြီးမားသူတစ်ဦးဖြစ်တယ်။ အထူးသဖြင့် နိုင်ငံရေးမှာ သူရည်မှန်းချက်ရှိတယ်” ဟု သတင်း ရင်းမြစ်တစ်ဦးက ဆိုသည်။ “၂၀၁၆ ခုနှစ် ရွေးကောက်ပွဲမှာ ဒီမိုကရက်ပါတီကို ပိုပြီးမျှော်လင့်ထားတဲ့အတွက် လူသားချင်း စာနာထောက်ထားရေးလုပ်ငန်းတွေကို သူ ပိုပြီးလုပ်ချင်နေတယ်”ဟုလည်း ဆိုသည်။

သို့ရာတွင် အော်စကာဆုရ မင်းသား၏အိမ်ဖြူတော်ရောက်ရေးမျှော်လင့်ချက်တို့သည် သူ၏မူးယစ်ဆေးစွဲမှု၊ အရက်သေစာ အလွန်အမင်းသောက်စားမှု၊ မိန်းမလိုက်စားမှု၊ ရာဇဝတ်မှုမကင်းသည့်ကိစ္စများနှင့်ပတ်သက်မှုများက အိမ်ဖြူတော်ရောက်ရေး မျှော်လင့်ချက်ကို တော်ပီဒိုနှင့် ဖြိုခွင်းလိုက်သကဲ့သို့ ရှိလိမ့်မည်ဟု အခြားသတင်းရင်းမြစ်တစ်ဦးက ဆိုသည်။

ဂျော့ချ်နှင့်ပတ်သက်ခဲ့ဖူးသည့် မိန်းမချောတစ်ဦးက “ဂျော့ချ်ဟာ တစ်ညလုံး အရက်သောက်နေရမယ်ဆိုရင် ဘယ်မိန်းမကိုမှ စိတ်မဝင်စားပါဘူး။ ဘီယာ၊ Jagermeister နဲ့ Vodka ကိုသာ ရောသောက်နေရမယ်ဆိုရင် သူ့ဘဝဟာ ပြည့်စုံနေ သလိုပဲ”ဟု ဆို သည်။ ယင်းစကားကို ပြောကြားခဲ့သည်မှာ မော်ဒယ်လ် ကင်မ်ဝိန့်ဖြစ်ပြီး အင်တာဗျူးတစ်ခုတွင် ထည့်သွင်း ပြောကြားသွားခြင်းဖြစ်သည်။

သူ့အင်တာဗျူးတွင် ကင်မ်က ဆက်လက်ပြောကြားသည်မှာ “ဂျော့ချ်က အဲဒီလိုသောက်နေရမယ်ဆိုရင် ကျွန်မနဲ့ ချစ်တင်း နှီးနှောဖို့ကိုတောင် သတိမရတော့တဲ့သူပါ”ဟုလည်း ဆိုသည်။

The Gravity ဇာတ်ကားဖြင့် နာမည်ကျော်ခဲ့သည့် ဂျော့ချ်က အရက်နှင့် မူးယစ်ဆေးဝါးကို သူသုံးစွဲခဲ့သည်မှာ ကြာပြီ ဖြစ်ကြောင်း၊ တက္ကသိုလ်ကျောင်းသားဘဝက ခင်မင်ခဲ့သူတစ်ဦးကို ဝန်ခံခဲ့သည်။ ဂျော့ချ်သည် မြောက်ပိုင်း ကင်တာကီ ပြည်နယ်တက္ကသိုလ်တွင် တက်ရောက်ပညာသင်ကြားခဲ့ဖူးသည်။

“ကျွန်တော်က ကျောင်းတက်တယ်ဆိုပေမယ့် ကိုယ့်အတန်းမှာသာ ကိုယ်နေတာမဟုတ်ပါဘူး။ အတန်းတိုင်းကို လျှောက် သွားပြီး သူငယ်ချင်းတွေကို သွားနှုတ်ဆက်စကားပြောနေတာက များတယ်။ ကျွန်တော် တက္ကသိုလ် ၃ နှစ်တက်ခဲ့ပေမယ့် ထွက်တဲ့အချိန်မှာလည်း ပထမနှစ်ပါပဲ။ အဲဒီမှာကတည်းက ပါတီပွဲတွေ အများကြီးနွှဲခဲ့ပြီး အရက်ကို နှစ်နှစ်ခြိုက်ခြိုက် သောက်ခဲ့တာပဲ။ မူးယစ်ဆေးဝါးလည်း သုံးစွဲတတ်ခဲ့ပြီ”ဟု ဂျော့ချ်ကိုယ်တိုင်က အင်တာဗျူးတစ်ခုတွင် ဖြေကြားခဲ့ဖူးသည်။

အရက်သေစာသောက်စားခြင်းမှာ သူ့ဘဝတွင်အရေးအကြီးဆုံးအချက်တစ်ချက်ဖြစ်လာခဲ့၏။ ထို့ကြောင့် ဂျော့ချ်က “လူ့ဘဝမှာ ဘယ်လိုပျော် ပျော်နေရမယ်ဆိုတာ ကျွန်တော်သိတယ်”ဟု ဆိုခဲ့သည်။ ” ကျွန်တော့် အသက်အရွယ်၊ ကျွန်တော့်အောင်မြင်မှုကြောင့် ကျွန်တော် ဒီလိုဖြစ်တာ မဟုတ်ပါဘူး”ဟုလည်း ဆိုသည်။

အော်စကာဆုပေးပွဲတစ်ခုသို့ တက်ရောက်လာရာတွင် ဂျော့ချ်က အနုပညာရှင်အားလုံးကို အံ့အားသင့်သွားစေခဲ့သည်။ ကောင်းမွန်သေသပ်စွာ ဝတ်စားထားသည့် ဂျော့ချ်၏လက်ထဲတွင် ငွေသားဖြင့် ပြုလုပ်ထားသော အရက်ဘူးတစ်ဘူး ကိုင်လျက်သား တက်လာခြင်းကြောင့် ဖြစ်သည်။ အော်စကာဆုပေးပွဲ ကျင်းပနေစဉ် တစ်လျှောက်လုံး ဂျော့ချ်သည် သူ့ ဘူး ထဲက အရက်များကို တစ်ချိန်လုံး သောက်သုံးနေခဲ့၏။

ဂျော့ချ်နှင့်အတူ သောက်ဖော် သောက်ဖက်မှာ ဘရက်ပစ် ဖြစ်သည်။ ရုပ်ရှင်သရုပ်ဆောင် ဒဲနီဒီဗီတိုက The View စာစောင် တွင် ၂၀ဝ၆ ခုနှစ်က အော်စကာဆုပေးပွဲသို့ အရက်ဘူးကိုင်ဆောင်ပြီး ပွဲတက်လာသည့် ဂျော့ချ်ကို ဝေဖန်ခဲ့ဖူးသည်။ ထိုညက ဂျော့ချ်မူးလိုက်သည်မှာ အိမ်ကိုပင် ပြန်မရောက်တော့ဘဲ ရန်ဒီဂါဗာ၏ဧည့်ခန်းတွင် အိပ်ခဲ့ရသည်အထိ ဖြစ်၏။ ထိုဖြစ်ရပ် နှင့်ပတ်သက်၍ “ကျွန်တော်ကတော့ ဘဝမှာ အကောင်းဆုံးနေထိုင်သွားချင်တဲ့အတွက် အကောင်းဆုံးအရက်တွေကို သောက်မှာပဲ”ဟု အတိအလင်း ပြောကြားခဲ့သည်။

ဟောလိဝုဒ်၏နာမည်ကြီးမင်းသားဖြစ်သကဲ့သို့ နာမည်ကြီးမင်းသမီးများနှင့်လည်း ချစ်ကျွမ်းဝင်ခဲ့သူ ဖြစ် သည်။ အသက် ၃၇ နှစ်အရွယ်ရှိ ဥပဒေပညာရှင် အမားလ်နှင့် လက်မထပ်မီက ဂျော့ချ်၌ နာမည်ကြီးချစ်သူများစွာရှိခဲ့ဖူးသည်။ “ကျွန်တော့်မှာ ချစ်သူလို့ပြောရမယ့်သူတွေ အများကြီး ရှိခဲ့ဖူးတာမှန်ပါတယ်။ ဒါပေမဲ့ သူတို့အားလုံးက ကျွန်တော်နဲ့ တစ်သက်တာ လက်တွဲ သွားမယ့်သူတွေ မဟုတ်ခဲ့ပါဘူး။ တစ်ယောက်တည်း အထီးကျန်နေရတာ ငြီးငွေ့လာလို့ နောက်ဆုံးမှာတော့ အမားလ်ကို လက်တွဲဖော်ဖြစ် ရွေးခဲ့တာပါ”ဟု ဆိုခဲ့သည်။ သူ့စကားသည် ဇနီးသည်ဖြစ်သူအပေါ်တွင် လိမ်ညာလှည့်စားခြင်းသက်သက် သာဖြစ်သည်ဆိုသည်ကို ရည်းစားဟောင်းများက သက်သေပြနိုင်သည်။

ဝတ်လစ်စားလစ်ကချေသည်ဟောင်းတစ်ဦးဖြစ်သည့် ဂျင်ဂျာလင်း အယ်လင်က The Enquirer စာစောင်သို့ ပြောကြား ရာတွင် သူနှင့်ဂျော့ချ်တို့ ၆ လ ကြာမျှ ချစ်ကျွမ်းဝင်ခဲ့ကြဖူးသည်ဟု ဆိုသည်။ “အဲဒီတုန်းက ဂျော့ချ်က အသက် ၅၂ နှစ်အရွယ် ဖြစ်ပြီး ကျွန်မကို သူ ဘယ်သူနဲ့မှပတ်သက်မှု မရှိဘူး။ လူပျိုသက်သက်ပါလို့ ပြောခဲ့ဖူးတယ်။ ကျွန်မကတော့ သူ မလိမ်လောက် ပေဘူးလို့ထင်ထားခဲ့တာ”ဟု အင်တာဗျူးတစ်ခုတွင် ထုတ်ဖော်ပြောကြားခဲ့သည်။ ထိုစဉ်က ဂျော့ချ်မှာ ရုပ်ရှင်မင်းသမီး တာလီယာဘာလ်ဆမ် နှင့်လက်ထပ်ထားခဲ့သူဖြစ်သည်။ ယင်းသို့မိန်းမများနှင့် ပတ်သက်မှုများက ဂျော့ချ်ကို တရားရုံးတော်သို့ နှစ်ကြိမ်မျှ ရောက်ရှိစေခဲ့သည်။ ၂၀ဝ၅ ခုနှစ်ကလည်း FBI မှ ဂျော့ချ်အား လူဆိုးဂိုဏ်းခေါင်းဆောင်များဖြစ်သည့် ရစ်ခ်ရီဇိုးလို တို့အုပ်စုနှင့်ရင်းနှီးပတ်သက်မှုအတွက် စုံစမ်းမေးမြန်းခြင်းခံခဲ့ရဖူးသည်။ ရစ်ခ်တို့အုပ်စုမှာ ဆိုးသွမ်းသူများဖြစ်ကြပြီး Crazy Horse Too အမည်ရှိ ဝတ်လစ်စားလစ်ကလပ်တစ်ခုတည်ထောင်ထားကြသူများ ဖြစ်သည်။

ရီဇိုးလိုက ဂျော့ချ်အား Ocean’s Eleven ရုပ်ရှင်ဇာတ်ကားရိုက်ကူးစဉ်က သူ့ကလပ်ကို အခမဲ့အသုံးပြုခွင့်ပေးခဲ့သည်။ ၂၀၁၁ ခုနှစ်တွင် ဂျော့ချ်သည် အီတလီဝန်ကြီးချုပ် ဆီလ်ဗီယိုဘာလူ စကိုနီ(အသက် ၇၈ နှစ်)အမှု၌ သက်သေအဖြစ် ထည့်သွင်းခြင်းခံထားရသည်ကိုသိလိုက်ရသည်။ အီတလီဝန်ကြီးချုပ်က အသက်မပြည့်သေးသည့် မိန်းကလေးများဖြင့် မိမိဧည့်သည်များအား ဖျော်ဖြေစေခဲ့သည်ဆိုသည့် စွပ်စွဲချက်ကိုဖြေရှင်းရာ၌ ဂျော့ချ်အား သက်သေအဖြစ် ထည့်သွင်းခဲ့ခြင်း ဖြစ်သည်။

သူ့ဘဝခရီးလမ်းသည် ဖြောင့်ဖြူးအောင်မြင်နေသော်လည်း ၂၀၁၁ ခုနှစ် ၌ ဂျော့ချ်သည် မိမိကိုယ်မိမိ ဒဏ်ရာရစေရန် ဖန်တီးပြီး သတ်သေရန် ကြိုးစားခဲ့ဖူးကြောင်း ဝန်ခံခဲ့သည်။ ၂၀ဝ၅ ခုနှစ်က ရိုက်ကူးခဲ့သော Syriana ဇာတ်ကား ရိုက်ကူးစဉ်က ဖြစ်သည်ဟု ဆို သည်။ အင်တာဗျူးတစ်ခုတွင် ဖြေကြားရာ၌ “အဲဒီတုန်းက စိတ်ထဲမှာ ဒီလိုချည်း နေမသွားချင်တော့ဘူး။ မယုံသင်္ကာစိတ်နဲ့ အကြည့်ခံနေရတာကို ကျွန်တော် မကြိုက်ဘူး။ အဲဒါကြောင့် ရက်သတ္တပတ် ၃ ပတ်လောက် စဉ်းစားပြီး သတ်သေတော့မယ်လို့ ဆုံးဖြတ်ခဲ့တာပါ”ဟု ဖြေကြားခဲ့သည်။

ဂျော့ချ်မှာ ကျောရိုးမကောင်းသဖြင့် ခွဲစိတ်ကုသမှု ခံယူထားရသူ ဖြစ်သည်။ ထိုဖြစ်ရပ်များနှင့်ပတ်သက်ခြင်းကြောင့် အတွင်းသိတစ်ဦးက “ကမ္ဘာက မြင်နေကြတဲ့ ဂျော့ချ်ကလူနီဟာ တကယ့်ပုံမှန်မဟုတ်ပါဘူး။ သူ့ပုံရိပ်အစစ်အမှန်ကို ဖုံးကွယ် ထားတဲ့သူပါ။ သူဟာ ဘဝနှစ်ခုထဲမှာ ကျင်လည်နေတဲ့သူလို့ ဆိုရင် မမှားပါဘူး”ဟု ဆိုခဲ့သည်။

ဇာနည်ညိမ်း

Ref:National Enquirer,

March, 9, 2015.

Leave a Reply

Your email address will not be published. Required fields are marked *