ရုရှားအတိုက်အခံခေါင်းဆောင် Nemtsov လုပ်ကြံခံရမှု ရုရှားပြည်သူ ထောင်သောင်းချီ၍ မော်စကိုမြို့လယ်သို့ ချီတက်ဆန္ဒပြ

မတ် ၂

ဖေဖော်ဝါရီလ ၂၇ ရက်နေ့ညက သေနတ်သမားတစ်ဦး၏ လုပ်ကြံသတ်ဖြတ်မှုကြောင့် သေဆုံးသွားခဲ့ရသော အသက် ၅၅ နှစ် အရွယ်ရှိ ရုရှားအတိုက်အခံခေါင်းဆောင် Boris Nemtsov ကို အောက်မေ့ဂုဏ်ပြုသည့်အနေဖြင့် လူဦးရေထောင်သောင်းချီ ပါဝင်သော ရုရှားပြည်သူတို့က မော်စကိုမြို့လယ်သို့ မတ်လ ၁ ရက်နေ့က စုဝေးချီတက်ခဲ့ကြသည်။

ချီတက်သူတို့က Nemtsov ၏ ရုပ်ပုံပါသော ဆိုင်းဘုတ်များ၊ ရုရှားဘာသာစကားဖြင့် ရေးသားထားသည့် “ငါသည် ကြောက်ရွံ့ခြင်းမရှိ” ဟုအဓိပ္ပာယ်ရသော ကြွေးကြော်သံပါဆိုင်းဘုတ်များ ကိုင်ဆောင်လာခဲ့ကြသည်။ အဆိုပါ ချီတက်ပွဲမှာ အတိုက်အခံတို့ဘက်က Nemtsov လုပ်ကြံမခံရမီကပင် ဆန့်ကျင်ဆန္ဒပြပွဲအဖြစ် ပြုလုပ်ရန် စီစဉ်ထားပြီး Nemtsov ကိုယ်တိုင် ဦးဆောင်ချီတက်ရန်ဖြစ်သော်လည်း Nemtsov လုပ်ကြံခံရခြင်းကြောင့် အောက်မေ့ဘွယ် ဂုဏ်ပြု အခမ်းအနားအဖြစ် အသွင်ပြောင်းသွားရသည်။

အတိုက်အခံထောက်ခံသူများက ကရင်မလင်နန်းတော်နှင့် မလှမ်းမကမ်းရှိ နြာအျသလ လုပ်ကြံခံခဲ့ရသော Great Moskvoretsky တံတားတွင် စုဝေးကြပြီး သမ္မတပူတင်ဆန့်ကျင်ရေး ကြွေးကြော်သံများလည်း ကြွေးကြော်ခဲ့ကြသည်။

St.Petersberg မြို့တွင်လည်း အတိုက်အခံထောက်ခံသူများက စုဝေးချီတက်ခဲ့ကြကာ လူဦးရေအားဖြင့် ၁၆၀ဝ၀ မှ ၁၇၀ဝ၀ အထိ ရှိနိုင်ကြောင်း အာဏာပိုင်တို့က ပြောကြားသော်လည်း အတိုက်အခံတို့က လူဦးရေခုနှစ်သောင်းခန့်အထိ ရှိမည်ဟု ဆိုကြသည်။

Nemtsov သည် ထိုနေ့ညက အသက် ၂၃ နှစ်အရွယ်ရှိ ယူကရိန်းမော်ဒယ်လ် Anna Duritskaya နှင့်အတူ ညစာ စားသောက်ပြီးနောက် Nemtsov ၏ နေအိမ်သို့ လမ်းလျှောက်ပြန်စဉ် ဂျင်းဘောင်းဘီနှင့် ဆွယ်တာအင်္ကျီ ဝတ်ဆင်ထားသော အရပ် ၅ ပေ ၇ လက်မခန့်ရှိ သေနတ်သမားတစ်ဦးက နောက်ကျောဘက်မှ ပစ်ခတ်သွားခဲ့ခြင်းဖြစ်သည်။

Anna ၏ ထွက်ဆိုချက်အရ သေနတ်သံထွက်ပေါ်လာချိန်တွင် Nemtsov ၏ လက်ကိုတွဲ၍ လမ်းလျှောက်နေခြင်းဖြစ်ပြီး Nemtsov က သူ့ဘက်သို့ ယိုင်ကျလာခဲ့ကြောင်း၊ Nemtsov လဲကျသွားပြီးနောက် အထိတ်တလန့်ဖြစ်နေသော Anna က ရဲအဖွဲ့သို့ ဖုန်းဆက်အကြောင်း ကြားခဲ့ပြီး Nemtsov သည် သေနတ်လေးချက်ထိမှန်ကာ အခင်းဖြစ်နေရာတွင်ပင် သေဆုံး ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

Nemtsov သည် သမ္မတ Boric Yeltsin လက်ထက်က ၁၉၉၇ ခုနှစ်မှ ၁၉၉၈ ခုနှစ်ထိ ဒုတိယဝန်ကြီးချုပ် တာဝန်ထမ်း ဆောင်ခဲ့ဖူးသူ ဖြစ်သည်။ Nemtsov သည် သမ္မတ ပူတင်ကို ဆန့်ကျင်သော ပြုပြင်ပြောင်းလဲရေးသမားအဖြစ် ထင်ရှား ကျော်ကြားသူလည်းဖြစ်သည်။

ရုရှားနိုင်ငံတွင် သမ္မတ ပူတင် ဆန့်ကျင်သူအများအပြားမှာ လုပ်ကြံသတ်ဖြတ်မှုများနှင့်သာ အဆုံးသတ်ရလေ့ရှိသည်။ ၂၀ဝ၃ ခုနှစ် ဧပြီလတွင် လစ်ဘရယ်နိုင်ငံရေးသမား Sergey Yushenkov သည် သူ၏ မော်စကို နေအိမ်တွင်ပင် လုပ်ကြံ သတ်ဖြတ်ခံခဲ့ရပြီး ထိုနှစ်ဇူလိုင်လတွင် နိုင်ငံရေးမှုခင်းများကို စုံစမ်းဖော်ထုတ်ရေးသားသော မီဒီယာသမား Yuri Shchekochikhin မှာလည်း ထူးဆန်းသော ဝေဒနာတစ်ရပ်ကို ၁၆ ရက်ကြာ ခံစားရကာ ဆန်းကြယ်စွာ သေဆုံးခဲ့ရသည်။ ၂၀၁၄ ခုနှစ် ဇူလိုင်လတွင် Forbes မဂ္ဂဇင်း၏ ရုရှားအယ်ဒီတာ Paul Klebnikov မှာလည်း မော်စကို လမ်းမတစ်ခုပေါ်တွင် မောင်းနှင်သွားသော ကားတစ်စီးပေါ်မှ သေနတ်နှင့်ပစ်ခတ်မှုကြောင့် ဒဏ်ရာအပြင်းအထန် ရရှိခဲ့ပြီး ဆေးရုံပေါ်တွင် သေဆုံးခဲ့ရသည်။ တစ်ဖန် ၂၀ဝ၆ ခုနှစ်၊ အောက်တိုဘာလတွင် အမျိုးသမီးသတင်းထောက် Anna Politkovskaya မှာလည်း မော်စကိုမြို့ရှိ နေအိမ်တိုက်ခန်းပြင်ပတွင် ပစ်ခတ်လုပ်ကြံခံရပြီး သေဆုံးခဲ့ရသည်။ ကရင်မလင်ထိပ်တန်းအရာရှိအဖြစ်မှ သမ္မတပူတင်ကို ဝေဖန်သူအဖြစ် ပြောင်းလဲခဲ့သည့် Boris Berezovsky မှာလည်း ၂၀၁၃ ခုနှစ် မတ်လအတွင်း ယူကေနိုင်ငံ နေအိမ်၌ သေဆုံးနေသည်ကို တွေ့ရှိခဲ့ကြရသည်။ Nemtsov သေဆုံးမှုကိုလည်း သမ္မတပူတင်၏ လက်ချက်မကင်းဟု သူ့ကိုထောက်ခံသူများက စွပ်စွဲကြသော်လည်း ပူတင်အစိုးရက Nemtsov သေဆုံးမှု ဖော်ထုတ်နိုင်ရန် သတင်းပေးသူကို ရူဘယ်ငွေသုံးသန်းအထိ ဆုချီးမြှင့်မည်ဖြစ်ကြောင်း ကြေညာခဲ့သည်။

ကရင်မလင်လိုလားသော သူ တို့ကမူ ဂျူးဘာသာဝင်အဖြစ်မှ အော်သိုဒေါက်စ် ခရစ်ယာန်ဘာသာဝင်အဖြစ် လျှို့ဝှက် ကူးပြောင်းထားသော Nemtsov ကို Islamic State အဖွဲ့က လုပ်ကြံခြင်းဖြစ်နိုင်ကြောင်း ပြောကြားခဲ့ကြသည်။

အတိုက်အခံနိုင်ငံရေးသမားတစ်ဦးဖြစ်သူ Ilya Yashin ကမူ Nemtsov မကွယ်လွန်မီက ယူကရိန်းအရေးတွင် ရုရှား စစ်တပ် ပါဝင်ပတ်သက်ပုံကို စာရွက်စာတမ်း အထောက်အထားများဖြင့် ရေးသားဖော်ထုတ်ရန် ဆောင်ရွက်နေကြောင်း အတည်ပြုပြောကြားခဲ့ရာ အစိုးရအာဏာပိုင်တို့၏လက်ချက်ဟု ယူဆဖွယ်ရာ အချက်တစ်ရပ် ဖြစ်ခဲ့သည်။

ဝ၂၇၊ The Guardian/ BBC

Leave a Reply

Your email address will not be published.