Blade Runners နောက်ဆက်တွဲတွင် Harrison Ford ပါဝင်သရုပ်ဆောင်ရန် သေချာ

ဖေဖော်ဝါရီ ၂၈

အသက် ၇၂ နှစ်အရွယ်ရှိ မင်းသားကြီး Harrison Ford သည် မကြာမီ ရိုက်ကူးထုတ်လုပ်မည့် Blade Runners နောက်ဆက်တွဲ ဇာတ်ကားတွင် သူ၏မူလဇာတ်ရုပ်ဖြစ်သော ရဲအရာရှိ Rick Deckard အဖြစ် ပါဝင်သရုပ်ဆောင်ပေးရန် သေချာသွားပြီဖြစ်သည်။

မင်းသား Hugh Jackman နှင့် Jake Gyllenhaal တို့ ပါဝင်သရုပ်ဆောင်သော Prisoners အမည်ရ ပြန်ပေး ဇာတ်ကားရိုက်ကူးသူ Denis Villeneuve ကို ဒါရိုက်တာအဖြစ် တာဝန်ယူရိုက်ကူးပေးရန် ဆွေးနွေးနေပြီဖြစ်သည်။

စာရေးဆရာ Philip K Dick ၏ Do Androids Dream of Electric Sheep? အမည်ရဝတ္ထုကို ဒါရိုက်တာ Sir Ridley Scott ၁၉၈၂ ခုနှစ်တွင် Blade Runner ဇာတ်ကားအဖြစ် စတင်ဖန်တီးခဲ့ခြင်းဖြစ်ကာ ဆယ်စုနှစ်များစွာ ကြာမြင့်ပြီးကာမှ နောက်ဆက်တွဲ ဇာတ်ကားသစ် ရိုက်ကူးလာခြင်းဖြစ်သည်။

မူရင်းဇာတ်ကားမှာ ၂၀၁၉ ခု နှစ် လော့စ်အိန်ဂျလိစ်မြို့ နောက်ခံဇာတ်ကားဖြစ်ပြီး Replicants ခေါ် လူတစ်ယောက် အရပ်အမောင်းမျိုးရှိသည့် မျိုးရိုးဗီဇနည်းပညာဖြင့် ထုတ်လုပ်ထားသော စက်ရုပ်များကို Deckard က လိုက်လံဖော်ထုတ် ဖမ်းဆီးရပုံကို ဇာတ်လမ်းရေးဖွဲ့ထားခြင်းဖြစ်သည်။

ဒုတိယတွဲအဖြစ် ရိုက်ကူးမည့် Blade Runner မှာလည်း Ridley Scott ၏ မူရင်းစိတ်ကူးကိုပင် အခြေပြုထားကာ Hampton Fancher က ဇာတ်ညွှန်းရေးသားပေးမည်ဖြစ်သည်။

ပရိသတ်နှင့် ကာလကြာမြင့်စွာ အဆက်ပြတ်နေသော နာမည်ကျော်ဇာတ်ရုပ်များကို Harrison Ford ပြန်လည် သရုပ်ဆောင်ပေးခြင်းမှာ Blade Runner နှင့်ဆိုပါက တတိယမြောက်ဇာတ်ကားဖြစ်သည်။ Harrison Ford သည် ၁၉၈၉ ခုနှစ် နောက်ပိုင်း ပရိသတ်နှင့် အဆက်ပြတ်နေခဲ့သော Indiana Jones ဇာတ်ရုပ်ကို ၂၀ဝ၈ ခုနှစ်တွင် ပြန်လည်သရုပ်ဆောင်ပေးခဲ့ပြီး ၂၀၁၄ ခုနှစ်ကလည်း ပရိသတ်နှင့် ကာလကြာရှည်အဆက်ပြတ်နေသော Star Wars ဇာတ်ကား၏ နောက်ဆက်တွဲ ဇာတ်ကားဖြစ်သည့် Star Wars: The Force Awakens အမည်ရဇာတ်ကားတွင် Han Solo အဖြစ် ပါဝင်သရုပ်ဆောင်ပေးခဲ့သည်။

ဝ၂၇၊ BBC New

Leave a Reply

Your email address will not be published.