အမြင်နိမိတ်၊ အတိတ်လက်ဆောင်၊ အသံတဘောင်မှလာသော မြန်မာ့နိုင်ငံရေးပဲ့တင်သံများ

၂၀၁၅ ခုနှစ် မတ်လအတွင်း အာကာသမြင်ကွင်းအနေဖြင့် မြန်မာ့နိုင်ငံရေးလောက၏ အဓိကဇာတ်ဆောင် အင်္ဂါဂြိုဟ်သည် လွတ်လပ်ရေးဇာတာရှိ ကန်စန်းအပေါ် အထူးအားပေးထားသည့်ကာလဖြစ်သည်။ ထိုဖြစ်စဉ်ကြောင့် အမျိုးသားပညာရေး ဥပဒေပြင်ဆင်ရေးဆန္ဒပြတောင်းဆိုနေသော ကျောင်းသားများ၏ ဆန္ဒထုတ်ဖော်မှုများတွင် အန္တရာယ်ရှိနေနိုင်သည့်ကာလ ဖြစ်နေပြီး အထူးသဖြင့် မတ်လ ၇ ရက်ဝန်းကျင် ကောင်းကင်ရှိ အင်္ဂါနှင့် ရာဟုဂြိုဟ်တို့ ၁၈၀ ဒီဂရီအမြင်ရှိသော ကာလတွင် မထင်မှတ်သော ပဋိပက္ခများအားကောင်းလာနိုင်ကြောင်း တွေ့ရှိရသည်။ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန် ဦးတည်ရာ ရောက်လာပါက အစိုးရနှင့်ထိပ်တိုက် ရင်ဆိုင်မှုများကို မတ်လ ၇ ရက်ဝန်းကျင်တွင် ဖြစ်ပေါ်နိုင်သည်။ မည်သို့ပင် ပဋိပက္ခများဖြစ်စေကာမူ အစိုးရအနေဖြင့် ကောင်းကင်ရှိ ကြာသပတေးဥစ်ဂြိုဟ်၏ အင်အားကေင်းမွန်မှုကြောင့် မီးကို ရေနှင့်ငြှိမ်းသတ်နိုင်သကဲ့သို့ လျင်မြန်ပိုင်နိုင်စွာဖြင့် ဖြေရှင်းနိုင်လိမ့် မည်။

အင်္ဂါဂြိုဟ် လွှမ်းမိုးမှုများသည့် နိုင်ငံတော်ကံကြမ္မာ

စစ်ရေးနှင့် ပဋိပက္ခကို စိုးမိုးသော အင်္ဂါဂြိုဟ်အုပ်စိုးသည့် နိုင်ငံတော်ကံကြမ္မာသည် မတ်လတွင် ထိလွယ်ရှလွယ်သည့် နိုင်ငံရေးဖြစ်စဉ်များနှင့် ကြုံတွေ့နိုင်သော်လည်း အစိုးရအနေဖြင့် အမြော်အမြင်တရားရှိစွာဖြင့် ဖြေရှင်းနေလိမ့်မည်။

ဖေဖော်ဝါရီလ ၉ ရက်နေ့မှစ၍ တပ်မတော်နှင့် ကိုးကန့်တိမ်းရှောင်လက်နက်ကိုင်အဖွဲ့တို့အကြား ရက်ပေါင်း ၂၀ ကျော်ကြာ တိုက်ပွဲများဖြစ်နေသည့်အပြင် အစိုးရတပ်မတော်၊ ကရင်ပြည်နယ် နယ်ခြားစောင့်တပ်ဖွဲ့နှင့် ဒီကေဘီအေက ထုတ်ပယ်ထား သည့် စောဆန်းအောင်လက်နက်ကိုင်တပ်ဖွဲ့တို့ ဖေဖော်ဝါရီလ ၂၇ ရက်မှစ၍ ကရင်ပြည်နယ်တွင် တိုက်ပွဲများဖြစ်ပွားလျက် ရှိသည်။ နိုင်ငံတော်ဇာတာဗြိစ္ဆာလဂ်၊ ကန်စန်းအရ မတ်လ ၂၃ ရက်အထိ ကောင်းကင်ရှိအင်္ဂါဂြိုဟ် လွှမ်းမိုးမှုများအရ နယ်စပ် ဒေသများအတွင်း ပဋိပက္ခများဖြစ်ပေါ်လျက်ရှိနေဦးမည်ဖြစ်သည်။ မတ် ၇ ရက်ဝန်းကျင်တွင် အထူးသတိပြုရန် လိုအပ်သော ကာလဖြစ်သော်လည်း မတ် ၁၅ ရက်အတွင်း နိုင်ငံတော်အစိုးရက ဆင်ခြင်တုံတရားရှိရှိနှင့် ဖြေရှင်းကာ အခက်အခဲ အကျပ်အတည်းများကြားမှ လွန်မြောက်နိုင်မည်ဖြစ်ကြောင်း အာကာသကောင်းကင်ရှိ အတိသောမ ကြာသပတေးဂြိုဟ်က အဖြေထုတ်ပေးထားပြီးဖြစ်သည်။

အမြင်နိမိတ်၊ အတိတ်လက်ဆောင် အသံတဘောင်

ရှေးခေတ်မြန်မာ့သမိုင်းတွင် ဘုရင်အဆက်ဆက်ကစပြီး လောကုတ္တရာဆိုင်ရာဆောင်ရွက်ချက်များ၌ အတိတ်၊ နိမိတ်၊ စနည်း၊ တဘောင်များကို မူတည်၍ ကြိုတင်ဖြစ်စဉ်များကို နိမိတ်ဖတ်ခဲ့ကြသည်။ ၂၀၁၅ ခုနှစ်အတွင်း အမျိုးသားပညာရေးဥပဒေကို ဆန္ဒပြချီတက်နေသော ကျောင်းသားသပိတ်စစ်ကြောင်းများ ရန်ကုန်တိုင်းဒေသကြီးအတွင်း မဝင်ရောက်နိုင်ရန်အတွက် နယ်နိမိတ်ထိပ်ရှိ လမ်းအလယ်ကျွန်းပေါ်တွင် သံဃာတော်သုံးယပ်တောင်နှင့် ကော်ယပ်တောင်နှစ်ချောင်းကို သစ်သားတိုင် နှစ်ခုတွင် အတူပူးချည်ကာ ဖေဖော်ဝါရီ ၁၄ ရက်နေ့က ယတြာဖြစ်စဉ်တစ်ခု ပြုလုပ်ခဲ့ပြီး တိုက်ဆိုင်မှုကြောင့်ဖြစ်လေမလား သပိတ်စစ်ကြောင်းများ ခေတ္တရပ်တန့်ခဲ့သည်။

တရုတ်အရေးနှင့် အယူတော်မင်္ဂလာ ဦးနိုး၏ တရုတ်စကားရွက် ယတြာ

၂၀၁၅ ခု ဖေဖော်ဝါရီလ ၉ ရက်နေ့မှစ၍ ကိုးကန့်တိမ်းရှောင်လက်နက်ကိုင်တပ်ဖွဲ့နှင့် မြန်မာ့တပ်မတော်ကြား ရှမ်းပြည် နယ်မြောက်ပိုင်း လောက်ကိုင်ဒေသတွင် တိုက်ပွဲများဖြစ်ပွားလျက်ရှိသည်။ နောက်ကွယ်မှ တရုတ်အစိုးရ အားပေးအားမြှောက် ပြုလုပ်နေသည်ဟု စစ်ရေးလေ့လာသူများက ထင်မြင်မှု ပေးထားသည်။

ခရစ်နှစ် ၁၈၁၀ ပြည့်နှစ် မတ်လတွင် ဖြစ်ပွားခဲ့သော ဘဝရှင်မင်းတရားကြီးလက်ထက် တရုတ်မြန်မာပဋိပက္ခအရေးကို အယူတော်မင်္ဂလာဦးနိုးသုံးခဲ့သော စနည်းယတြာကို ကဝိသာရ မဉ္ဇူသာကျမ်းမှ ထုတ်နုတ်ဖော်ပြအပ်ပါသည်။ ခရစ်နှစ် ၁၈၁၀ ပြည့်နှစ် မတ် ၁၃ ရက် အင်္ဂါနေ့တွင် အမရပူရ နေပြည်တော်အတွင်း တရုတ်တန်းနေ တရုတ်လူမျိုး ငရွှေကြည်၏ ခေါက်ဆွဲ မီးဖိုမှ မီးလောင်မှုတစ်ခု ဖြစ်ပေါ်ခဲ့သည်။ မီးလောင်စဉ် လေဗွေများ ဝှေ့ယမ်းမှုကြောင့် လူနေအိမ်ခြေများအပြင် လွှတ်တော်ရုံး ထိ မီးကူးစက်ခဲ့သည်။ ထိုအခိုက်တွင် ရန်ကင်းတောင်အနီး ရောက်ရှိနေသော တရုတ်သံအဖွဲ့၏ကုန် ဝယ်ယူရန်ပါလာသော ငွေ ၈ သိန်းနှင့် ဝန်တင်လားများကို စစ်ကိုင်းမင်းသားလူများက တိုက်ခိုက်လုယက်သည့်အဖြစ်နှင့် တိုက်ဆိုင်ချိန်ဖြစ်သည်။ ထို အရေးအခင်းကြောင့် တရုတ်တို့ဘက်က အပြစ်ရှိသူကို အရေးယူရန်နှင့် ငွေတော်များ ပေးလျော်ရန် တောင်းဆိုခဲ့သည်။ ထိုအဖြစ်ကြောင့် အမတ်ကြီး ဦးပေါ်ဦးကို စေလွှတ်၍ ပြေလည်စေရန် စကားစစ်ထိုးစေခဲ့သည်။

ထိုစစ်ထိုးမှုအတွက် အယူတော် မင်္ဂလာဦးနိုးကို စနည်းနာစေခဲ့ရာ (တရုတ်စကားမိဘများ၊ လက်သုပ်လည်းစား၊ ကိန်းဖြစ် လား၊ ကျေးသားစစ်ပွဲအောင် ပြည်တောင်လွန်အေးချမ်း၊ ကျင်စွယ်လူ့ပဂေး)ဟု နိမိတ်စကားရရှိ ခဲ့သည်။ ထိုစနည်းအရ တရုတ်နှင့် စကားစစ်ထိုးပွဲအောင်စေရန် ဘဝရှင်မင်းတရားကြီးနှင့် မိဖုရားက တရုတ်စကားရွက်များကို အသုပ်ပြုလုပ်စားပြီး ပွဲတော်တည်ခဲ့ရာ အမတ်ကြီးဦးပေါ်ဦး တရုတ်နှင့်စကားစစ်ထိုးရာ အောင်နိုင်ခဲ့ကြောင်း အယူတော်မင်္ဂလာလျှောက် ထုံးကျမ်း တွင် ဖွင့်ဆိုထားသည်။

၂၀၁၅ ခု မြန်မာ့နိုင်ငံရေး နယ်စပ်ပဋိပက္ခများသည် တစ်ဖက်နိုင်ငံ၏ ပယောဂဟု သုံးသပ်ပါက ဘဝရှင်မင်းတရားလက်ထက် အယူတော် မင်္ဂလာစနည်းနာနည်းအတိုင်း စနည်းနာပါက မျက်စိလည်သွားမည်မှာ အမှန်ပင်ဖြစ်သည်။

ဆရာ ဝဏ္ဏ(ဝေဒ)

B.Sc(Maths), H.G.P

မြန်မာနိုင်ငံဝေဒသုတေသနအဖွဲ့

Leave a Reply

Your email address will not be published. Required fields are marked *