အချစ်၊ အမုန်းနှင့် လွတ်လပ်သောစိတ်

ဗိုလ်ချုပ်အောင်ဆန်း နှစ် ၁၀ဝ ပြည့်မွေးနေ့ပွဲနီးကပ်လာတော့ ဟိုက၊ဒီက အသံတွေ ကျွတ်ကျွတ်ညံအောင် ကြားလာရပါတယ်။ ဗိုလ်ချုပ်နဲ့ပတ်သက်တဲ့ ဟောပြောပွဲတွေ၊ ဗိုလ်ချုပ်မိန့်ခွန်းတွေ၊ ဗိုလ်ချုပ်သီချင်းတွေ၊ ဗိုလ်ချုပ်အတွက်ရေးတဲ့စာစောင်တွေ၊ စာအုပ်တွေကလည်း တစ်ခါမှမကြုံစဖူး ထူးကဲအောင် ကြုံတွေ့လိုက်ရတော့ ရင်ထဲက လှိုက်ခနဲနေအောင် ကြည်နူးဝမ်းသာစိတ် ဖြစ်ရပါ တယ်။ ဗိုလ်ချုပ်ပုံလေးတွေကိုကြည့်ပြီး ဗိုလ်ချုပ်သီချင်းတွေကို နားထောင်ပြီးတော့လည်း တစ်ခါတလေ မျက်ရည် တောင်လည်မိရပါတယ်။ တို့ဗိုလ်ချုပ်သေသွားတယ်လို့ ဆိုကြပေမဲ့ မသေဘဲ သက်ရှိထင်ရှားရှိနေသလို ပြက်ပြက်ထင်ထင် မြင်တွေ့နေရဆဲမို့ ပြည်သူက ဘယ်လောက်တောင် ချစ်ကြသလဲ၊ ဘယ်လောက်တောင် လွမ်းကြသလဲ၊ ဘယ်လောက်တောင် အားကိုးအားထားစိတ်ဖြစ်ကြသလဲဆိုတာ ပြောနေစရာတောင် မလိုပါဘူး။

ကျွန်တော့်ဘဝမှာ တစ်ခါပဲ ကြုံတွေ့ရတော့မဲ့ အခြေအနေမျိုးမို့ ဗိုလ်ချုပ်အတွက် တစ်ခုခုဘာလုပ်ပေးရရင်ကောင်းမလဲလို့ အမြဲတွေးနေမိပါတယ်။ ခက်တာက ကျွန်တော်ကလည်း စာပဲရေးတတ်တော့ စာတစ်ပုဒ်ရေးပြီး ဗိုလ်ချုပ်ကို ကန်တော့မယ်လို့ စိတ်ကူးကြံစည်ထားခဲ့တာပါ။ ဒါပေမဲ့ ဗိုလ်ချုပ်အကြောင်းရေးဖို့ ကိုယ်လိုလူတစ်ယောက်အနေနဲ့ အင်မတန်တွန့်ဆုတ် တွေဝေ နေပြီး ခက်ခဲခဲ့ပါတယ်။ စာရေးဆရာတချို့၊ ကဗျာဆရာတချို့ ဗိုလ်ချုပ်အတွက် စာတစ်စောင်ရေးဖွဲ့ပြီး ကန်တော့နေကြတာ ကို ဖတ်ရ၊ တွေ့ရတော့ သူတို့တော့ တာဝန်ကျေပြီ။ ငါတော့ တာဝန်မကျေသေးပါလားလို့ ကိုယ့်ကိုယ်ကို အပြစ်ရှိသူ တစ်ယောက်လို ခံစားခဲ့ရပါတယ်။ ဒါပေမဲ့ ဗိုလ်ချုပ်ရာပြည့်ပွဲမှာ အများနည်းတူ နွှဲပျော်မယ်လို့လည်း စိတ်ကူးထားပါတယ်။

တစ်နေ့က ကျွန်တော်နဲ့ သိပ်ရင်းနှီးတာမဟုတ်ပေမဲ့ ကျွန်တော်စာရေးနေတာကို သိနေတဲ့လူတစ်ယောက်က ကျွန်တော့်ကို ဒီလဘယ်မဂ္ဂဇင်း၊ စာစောင်တွေမှာ ပါသေးလဲလို့ နှုတ်ဆက်မေးမြန်းလာတော့ ကျွန်တော်က ရေးပို့တဲ့စာမူတိုင်း အရွေးမခံရကြောင်း၊ အပယ်ခံရတဲ့စာမူတွေလည်းရှိကြောင်း ကျိုးကြောင်းသင့်ပြန် ဖြေရပါတယ်။ အဲဒီအခါမှာ သူက ဘာပြန်ပြောသလဲဆိုရင်။

“ဟ…မင်းနှယ်ကွာ၊ ဒါလေးများ ဗိုလ်ချုပ်အကြောင်း ရေးပေါ့ကွ။ ဗိုလ်ချုပ်အကြောင်းရေးရင် ပါလာမှာပေါ့”တဲ့။

သူထင်တာက ဗိုလ်ချုပ်နဲ့ပတ်သက်ပြီး ဘာအကြောင်းကြောင်းပဲရေးရေး ဗိုလ်ချုပ်အကြောင်းရေးတာနဲ့ အယ်ဒီတာမင်းများက မျက်စိစုံမှိတ်ပြီး ထည့်ပေးမယ်များ ထင်နေသလားမသိ။ ပြီးတော့ သူကဆက်ပြီး ပြောပါသေးတယ်။

“အခုက ဗိုလ်ချုပ်ခေတ်ထနေတာကွ၊ ဟိုကလည်း ဗိုလ်ချုပ်၊ ဒီကလည်း ဗိုလ်ချုပ်၊ သီချင်းဖွင့်ရင်လည်း ဗိုလ်ချုပ်သီချင်းပဲ။ သီချင်းဆိုရင်တောင် တခြား သီချင်းဆိုရင် ဆုမချဘူး။ ဗိုလ်ချုပ်သီချင်းလည်းဆိုရော ဆုတန်းချတော့တာပဲ”

ဒီအကြောင်းတွေကို သူကဝမ်းသာအားရ ကြည်နူးတဲ့စိတ်နဲ့ပြောနေတာမဟုတ်မှန်း သူ့မျက်နှာနဲ့ သူ့လေသံကိုကြည့်ပြီး ကျွန်တော်အကဲခတ်မိပါတယ်။ ကျွန်တော့်စိတ်ထဲမှာလည်း သူဒီလိုပြောလိုက်တဲ့အတွက် အံ့သြစိတ်နဲ့ မနှစ်မြို့စိတ် ဖြစ်သွားပါတယ်။ တခြားသူတွေ ဗိုလ်ချုပ်နဲ့ပတ်သက်ပြီး ဝမ်းသာပီတိစိတ်နဲ့ ကြည်ကြည်နူးနူးပြောနေတဲ့အချိန်မှာ သူက မလိုလားတဲ့စိတ်နဲ့ပြောနေတာကို တွေ့ရတော့ ဘာကြောင့်များလဲလို့ အဖြေရှာနေမိပါတယ်။ တကယ်တော့ သူဟာ အစိုးရရုံးတစ်ရုံးရဲ့ အကြီးအကဲခေါင်းဆောင် ဝန်ထမ်းတစ်ယောက်ပါ။

နောက်တော့ ကျွန်တော် တဖြည်းဖြည်း တွေးမိလာတာက ငါတို့ဘာသာ ငါတို့ဗိုလ်ချုပ်ကို မြန်မာနိုင်ငံမှာ ရှိရှိသမျှ လူတွေ တစ်ယောက်မကျန် ချစ်ကြလိမ့်မယ်လို့ ယုံကြည်မိခဲ့ပါတယ်။ ဟုတ်တယ်လေ။ ဗိုလ်ချုပ်ရဲ့ စွမ်းဆောင်ချက်တွေ၊ ဗိုလ်ချုပ်ရဲ့ အနစ်နာခံစွန့်လွှတ်မှုတွေကို ဘယ်သူမဆို လေးစားကြည်ညိုကြမှာပဲ၊ ချစ်ကြမှာပဲလို့ ထင်ခဲ့မိတာကိုး။ ဒါပေမဲ့ သူနဲ့တွေ့ပြီးတဲ့နောက်ပိုင်း ကျွန်တော် တွေးမိလာတာက ဗိုလ်ချုပ်ကို တစ်တိုင်းပြည်လုံးနီးပါးချစ်ကြပေမဲ့ ဗိုလ်ချုပ်ကို မချစ်တဲ့သူ၊ ဗိုလ်ချုပ်ကိုမလိုလားတဲ့သူတွေ (လက်တစ်ဆုပ်စာဖြစ်ဖြစ်) ရှိကောင်း ရှိနေနိုင်သေးတာပဲလို့ တွေးမိပါတယ်။ ဒါကြောင့်မို့လည်း ဗိုလ်ချုပ်ဟာ မသမာ သူ လူတစ်စုရဲ့ လုပ်ကြံသတ်ဖြတ်ခြင်းခံခဲ့ရတာကို သမိုင်းမှာ အထင်အရှား တွေ့ရပါတယ်။ သို့သော်လည်း တစ်ကြိမ်တည်း လုပ်ကြံသတ်ဖြတ်ခံခဲ့ရတာလား ဆိုတော့လည်း မဟုတ်ပြန်ဘူး။ အကြိမ်ကြိမ်အခါခါ လုပ်ကြံသတ်ဖြတ်ခံခဲ့ရတာပါ။ ဟော….အခုတော့ အာဇာနည်မျိုးမသေရိုးမို့ နှစ် ၁၀ဝ ပြည့်မွေးနေ့ပွဲကို တစ်နိုင်ငံလုံး ကျင်းပနိုင်ခဲ့တာဟာ လူတွေရဲ့ရင်ထဲမှာ ဘာတွေရှိနေသလဲ၊ ဘယ်သူတွေ ရှိနေသလဲဆိုတာ ထုတ်ဖော်ဖွင့်ဟလိုက် တာနဲ့ အတူတူပါပဲ။

၃၁.၁.၂၀၁၅ ရက်နေ့က ဗိုလ်ချုပ်ရာပြည့်မွေးနေ့ပွဲအကြို ဟောပြောပွဲအတွက် ပျော်ဘွယ်ကို ဒေါ်အောင်ဆန်းစုကြည် ရောက်လာခဲ့ပါတယ်။ အဲဒီဟောပြောပွဲကို ကျွန်တော်တက်ရောက်ခဲ့ပါတယ်။ ရွှေပြည်သာဘုရားဝင်းထဲ မရောက်ခင် အဝင်လမ်းဘေးတစ်ဖက်တစ်ချက်မှာ ဗိုလ်ချုပ်နဲ့ပတ်သက်တဲ့ ဓာတ်ပုံတွေ၊ မိန့်ခွန်းတွေ၊ ကာတွန်းတွေ၊ ဗိုလ်ချုပ်ပုံပါတဲ့ ပိုက်ဆံတွေကို ပြသထားတာ တွေ့ရတော့ စိတ်ထဲမှာ ဝမ်းသာကြည်နူးစိတ်ဖြစ်ရပါတယ်။ ဒါ့အပြင် ဟောပြောပွဲမှာလည်း ဗိုလ်ချုပ်အကြောင်းတွေကြားရတော့ ပီတိစိတ်နဲ့ ရင်တသိမ့်သိမ့် ခုန်ရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က ဗိုလ်ချုပ်ကို “ဖေဖေ”လို့ခေါ်တဲ့ စကားသံဟာ ကျွန်တော့်နားထဲကနေမထွက်တော့ဘူး။ သမီးရဲ့ “ဖေဖေ”လို့ခေါ်သံကို ဗိုလ်ချုပ်ကို ကြားစေချင်ပါတယ်။ ဗိုလ်ချုပ်ခမျာ သမီးက “ဖေဖေ”လို့ခေါ်တဲ့ စကားသံကို ကြားမသွားရသလို သမီးကလည်း ဖေဖေက “သမီး”လို့ခေါ်တာကို ကောင်းကောင်းကြားခဲ့ရမှာမဟုတ်ပါဘူး။ ဖေဖေက ပြည်သူလူထုကြီးကို စကားတွေ အများကြီးပြောခဲ့၊ မိန့်ခွန်းတွေ အများကြီးခြွေခဲ့ပေမဲ့ သမီးကလေးကိုတော့ ဘာစကားမှပြောမသွားနိုင်ခဲ့ရှာပါဘူး။ ဒီကမ္ဘာမှာ ဖေဖေနဲ့ သမီး နှစ်ယောက်တည်းသာ ဆက်သွယ်နားလည်နိုင်တဲ့ စကားလေးတစ်ခွန်းတောင် မရှိခဲ့ပါဘူး။ ဥပမာ ဖေဖေက “သမီးကို သိပ်ချစ်တယ်”ဆိုတဲ့ စကားမျိုးလေ။ ဒါပေမဲ့ သုံးနှစ်အရွယ်သာသာ သမီးလေးဟာ ဖခင်ဆီက ဘာစကားမှမရခဲ့ပါဘူး။ ဖေဖေကတော့ သမီးကို ဒီလိုပြောခဲ့တယ်ဆိုတဲ့စကားမျိုး မပြောနိုင်တော့ဘဲ ဖေဖေက ပြည်သူလူထုကြီးကို ဒီလိုစကားမျိုး ပြောခဲ့ပါတယ်လို့သာ သမီးကအခုအချိန်မှာ ပြောရတော့တာပါ။ သြော်…အဲဒီလိုတော့လည်း သူဟာ ငါတို့တွေနဲ့ ဘဝအတူတူ ပါပဲလားလို့ ကျွန်တော်တွေးမိပါတယ်။ ဖခင်ဗိုလ်ချုပ်အကြောင်းကို နီးစပ်တဲ့လူတွေဆီကနေ၊ စာအုပ်တွေကနေ၊ မိန့်ခွန်းတွေက နေ တစ်ဆင့်သာ သိကြရတာမဟုတ်လား။

ဒေါ်အောင်ဆန်းစုကြည် ဟောပြောနေတာကို နားထောင်ရင်း “့န ေိူပ” ဇာတ်ကားထဲက ကြည်နူးစရာကောင်းတဲ့ ဇာတ်ဝင်ခန်းလေးတစ်ခန်းကို ကျွန်တော် သတိရနေမိပါတယ်။ “ဖေဖေ သမီးကို ပုံပြောပြ”ဆိုတဲ့ ကလေးလေးတစ်ယောက်ရဲ့ စကားသံလေးနဲ့ရုပ်ရှင်ကို စဖွင့်လိုက်ပါတယ်။ အဲဒီနောက်တော့ သမီးကလေးဟာ ဖခင်ရဲ့ရင်ခွင်ထဲမှာ သက်သက်သာသာ လဲလျောင်းရင်း ဖေဖေ ပြောတဲ့ပုံပြင်ကို နားဆင်ရပါတယ်။ ဒါဟာ ရုပ်ရှင်ထဲမှာတော့ ကြည်နူးစရာ ကောင်းတဲ့စိတ်ကူး ထိုးဇာတ်တစ်ကွက်ဖြစ်ပေမဲ့ တကယ့်လက်တွေ့မှာတော့ သမီးကလေးဟာ ဖခင်ပြောပြမယ့်ပုံပြင်တွေကို နားမထောင်ခဲ့ရ ရှာပါဘူး။ အဲဒီတုန်းက ဖခင်သာ သက်ရှိထင်ရှားရှိသေးဦးမယ်ဆိုရင် ဖခင်ပြောပြတဲ့ ပုံပြင်တွေကို တစ်ပုဒ်ပြီး တစ်ပုဒ် နားထောင်ခဲ့ရမှာပါ။ အခုတော့…..။

အတိတ်သမိုင်းဆီ လည်ပြန်ရောက်နေတဲ့ ကျွန်တော်ဟာ စိတ်ဝင်စားစရာကောင်းလှတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နောက်ထပ်မိန့်ခွန်းစကားသံကြောင့် ပစ္စုပ္ပန်ကို ပြန်ရောက်လာပါတယ်။ သူပြောတာကို သေသေချာချာ စူးစိုက် နားစိုက် ထောင်ကြည့်လိုက်တော့….။ လွတ်လပ်တယ်ဆိုတာ ကိုယ့်စိတ်တွင်းက စပါတယ်။ စိတ်ထဲမှာ မလွတ်လပ်တဲ့သူတွေဟာ ဘယ်တော့မှလွတ်လပ်နိုင်မှာ မဟုတ်ပါဘူးတဲ့။

ကျွန်တော် ဒီဟောပြောပွဲကိုမလာခင်က အဒေါ်သဖွယ်ရင်းနှီးတဲ့ ကျောင်းဆရာမတစ်ယောက်နဲ့ စကားပြောခဲ့ပါသေးတယ်။ “အန်တီ ဒီနေ့ ဒေါ်အောင်ဆန်းစုကြည်လာမှာ၊ မသွားဘူးလား”လို့ ကျွန်တော်ကမေးတော့ သူက “အန်တီတို့ က ဝန်ထမ်း ဆိုတော့ သွားလို့မဖြစ်ပါဘူးကွယ်၊ အမှန်တကယ် စိတ်ထဲမှာတော့ သွားချင်နေတာ”လို့ မချင့်မရဲ ဖြေပါတယ်။ သြော်…အစိုးရဝန်ထမ်းတစ်ယောက်က ဒေါ်အောင်ဆန်းစုကြည်ကို သွားတွေ့ချင်တာတောင် သွားတွေ့ခွင့်မရဘူးတဲ့လား။ ဒါနဲ့ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်ပြောသွားတဲ့ လွတ်လပ်တဲ့ စိတ်ဆိုတာကို တစ်ဆက်တည်း ကျွန်တော် တွေးနေမိပါ တယ်။

ကျွန်တော့်မှာတော့ လွတ်လပ်တဲ့ စိတ်ဆိုတာရှိသလား။ ဒီပွဲကအပြန်မှာ တချို့သောသူတွေက ကျွန်တော့်ကို ပါတီတစ်ခုခုရဲ့ အရိပ်အောက်မှာ ရှိနေတဲ့သူလို့ မြင်ကြပါတယ်။ တကယ်တော့ ကျွန်တော်ဒီပွဲကိုရောက်အောင် လာခဲ့တာက “ဗိုလ်ချုပ်အောင် ဆန်း နှစ် ၁၀ဝ ပြည့်မွေးနေ့အထိမ်းအမှတ်” ဆိုတဲ့ ခေါင်းစဉ်ကြောင့်မို့ လာခဲ့တာပါ။ ဗိုလ်ချုပ်ရာပြည့်ပွဲမှာ ဆင်နွှဲချင်လို့၊ ဗိုလ် ချုပ်အကြောင်းတွေကို ကြားချင်လို့ (အထူးသဖြင့် ဗိုလ်ချုပ်သမီးဖြစ်တဲ့ သူ့ဆီက စကားသံတွေ ကြားချင်တာပါ)။ ဗိုလ်ချုပ် သီချင်းတွေကို နားထောင်ချင်လို့၊ ဗိုလ်ချုပ်ကို ဂုဏ်ပြုပေးတဲ့သူတွေကို ကျေးဇူးတင်စိတ်နဲ့ အားပေးချင်လို့၊ ဗိုလ်ချုပ်ကိုချစ်တဲ့ စိတ်ကြောင့်သာ ဖြစ်ပါတယ်။ ဗိုလ်ချုပ်ကို ချစ်တဲ့စိတ်ဆိုတာဟာလည်း ဘယ်သူတစ်ဦးတစ်ယောက်ရဲ့ ပယောဂမှ မပါသလို ဘယ်သူတွေရဲ့ တိုက်တွန်းချက်ကြောင့်ဆိုတာလည်း မပါပါဘူး။ လွတ်လပ်စွာ ချစ်မြတ်နိုးစိတ်နဲ့ လွတ်လပ်စွာ ဂုဏ်ပြု ကန်တော့ချင်တဲ့စိတ်ဆိုတာ ကိုယ့်ကိုယ်ကို အသိဆုံးပဲပါလေ။

ဒီပွဲကအပြန် ဘေဘီကွင်းထဲကနေ လမ်းလျှောက်ပြန်လာတော့ ကလေးလေးတစ်ယောက် သူ့ပါးတစ်ဖက်မှာ ဗိုလ်ချုပ်အောင် ဆန်းပုံ စတစ်ကာလေးကပ်ပြီး လွတ်လပ်စွာသီချင်းအော်ဆိုနေတာကို တွေ့ရတော့ ကျွန်တော် ကျေကျေနပ်နပ်ကြီး ပြုံးမိရပါ တယ်။

ရာဇဝင်….အတ္ထုပ္ပတ္တိလည်း ရှိရမယ်၊ မော်ကွန်းလည်း ထွန်းလောက်တဲ့ မြင့်မြတ်တဲ့ ဗိုလ်အောင်ဆန်းရယ်….။ ။

ထန်

Leave a Reply

Your email address will not be published.