ပြည်သူတွေအနေနဲ့ ထိုက်တန်တဲ့အမျိုးသားအောင်ပွဲကို ထိုက်တန်တဲ့ ပေးဆပ်မှုမရှိဘဲ မရနိုင်ဘူးလို့ ယုံကြည်ထားတဲ့ ဦးကြည်လင်း (MMAN)

သူ့ကိုတွေ့တော့ သူ့ဟန်ပန်က ဒီကနေ့ ခေတ်စားနေသော တောင်သူလယ်သမားဦးထုပ်ကို ဆောင်းထားသည်။ သူက အရပ်ပုပု၊ ဆံပင်တိုတို။ နိုင်ငံရေးလောကဓံကို ထောင်းလမောင်းထအောင် ကြုံတွေ့ခဲ့ရသူတစ်ဦးမို့ မြန်မာ့နိုင်ငံရေးကို ပြတ်ပြတ်သားသား ရှင်းပြသည်။ အံ့သြစရာကောင်းလောက်အောင်ပင် သူက သံယောင်မလိုက်။ ယနေ့အစိုးရကို မယုံ။ ၂၀၁၅ ခုနှစ်အတွက် ပို၍ပင် မယုံကြည်။ လူထုအနေဖြင့် ထိုက်တန်သော အောင်ပွဲအစစ်ကို လိုချင်လျှင် ဒီကနေ့ရထားသော အပေါ်ယံဒီမိုကရေစီကို ပယ်စွန့် ကာ ထိုက်ထိုက်တန်တန် ပေးဆပ်ဖို့ ပြင်ကြရမည်ဟုဆိုသည်။ သူက NLD ပါတီမှ နုတ်ထွက်လိုက်သည်မှာ မကြာသေး။ နိုင်ငံရေးတိုက်ပွဲကို လွတ်လွတ်လပ်လပ်လုပ်ချင်၍ နုတ်ထွက်ခြင်းဟု ရှင်းပြသည်။ သူတို့က ပြည်သူ့လှုပ်ရှားမှုမြှင့်တင်ရေး ကွန်ရက် (MMAN) ဖြင့် လူထု အသိပေးရေးလှုပ်ရှားမှုတွေ စနေကြပြီ။ အထူးသဖြင့် ရွေးကောက်ပွဲကော်မရှင်၏ အားနည်း ချက်များကို ထိရောက်စွာ မီးမောင်းထိုးပြဖို့ ကြိုးပမ်းနေကြသည်။ သူဖြတ်သန်းခဲ့သော နိုင်ငံရေးခရီးကြမ်းများကိုလည်း ပြန်ပြောင်းပြောပြပါသည်။

၁၉၇၄ ခုနှစ် ဦးသန့်အရေးအခင်း အတွေ့အကြုံ၊ မှိုင်းရာပြည့် အတွေ့အကြုံများကို ကျော်ဖြတ်ရင်း ရှစ်လေးလုံးကာလတွင် ဝန်ထမ်းနိုင်ငံရေးဖြတ်သန်းမှုကို ကြုံခဲ့ရသည်။

“ရှစ်လေးလုံးဖြစ်တော့ ကျွန်တော်က သင်္ဃန်းကျွန်း၊ ရန်ကုန်သစ် ရပ်ကွက်ထဲက အမှတ် (၅) ချည်စက်မှာ ဝန်ထမ်းဖြစ်နေပြီ။ စက်ရုံထဲမှာ သမဂ္ဂဖွဲ့တော့ ကျွန်တော် အမှုဆောင်တာဝန်ယူရတယ်။ နောက်ပိုင်း စစ်အာဏာသိမ်းလိုက်တော့ NLD ပါတီထဲ ဝင်တယ်။ ဒါပေမဲ့ ရပ်ကွက်ထဲမှာ စည်းရုံးရေးဆင်းတဲ့အခါ ပေါ်ပေါ်တင်တင်လုပ်လို့မရတော့ နောက်မှာပဲနေရတယ်။ ဝန်ထမ်း ဖြစ်နေတော့ မလွတ်လပ်ဘူး။ တောင်ဥက္ကလာပမြို့နယ်ကနေ ပါတီထဲဝင်တာ။ ပါတီက ရွေးကောက်ပွဲအောင်နိုင်ရေးကိစ္စတွေ၊ ဒေါ်အောင်ဆန်းစုကြည်တရားပွဲတွေ၊ ရုံးချုပ်က ကိစ္စတွေ လုပ်ကြတာပေါ့။

နောက်တော့ ၁၉၉၂ ခုနှစ်မှာ အလုပ်ကထွက်ဖြစ်အောင် တွန်းအားပေးတဲ့ကိစ္စတွေ ပေါ်လာတယ်။ ဝန်ထမ်းတွေကို အချက် ၃၃ ချက်မေးတယ်။ စာရွက်နဲ့မေးတာ။ ဘာတွေပါလဲဆိုတော့ အဲဒီတုန်းက ပြည်ပအသံလွှင့်ဌာနတွေရှိတယ်။ RFA တို့၊ DVB တို့ မပေါ်သေးဘူး။ All India, VOA, BBC ရှိတယ်။ မေးခွန်းထဲမှာ အဲဒီအသံလွှင့်ဌာနတွေကို ယုံလားတဲ့။ အသံလွှင့်တာတွေ မှန်သလားပေါ့။ မှန်တယ်လို့ဖြေတဲ့သူ အလုပ်ပြုတ်တာပဲ။ ပြီးတော့ သမ္မတကို ပြည်သူက တိုက်ရိုက်ရွေးတာ ကြိုက်သလား၊ ဒီမိုကရေစီစနစ်ကို ကြိုက်သလား၊ ဒါမျိုးတွေပါတယ်။ ကြိုက်တယ်လို့ဖြေရင် ပြုတ်တာပဲ။ ကိုယ်တွေက ပါးပါးနပ်နပ် ဖြေတယ်။ အသံလွှင့်ဌာနကိစ္စကိုဖြေတော့ နားမထောင်လို့ မသိပါလို့ ဖြေတယ်။ လုံးဝနားမထောင်ပါပေါ့။ အဲဒီလိုဆိုတော့ မပြုတ်တော့ဘူး။ ဒါပေမဲ့ လူက မနေနိုင်ဘူး။ နိုင်ငံရေးကို ခိုးကြောင်ခိုးဝှက် မလုပ်ချင်တာနဲ့ ထွက်ပစ်လိုက်တာ။ ဟာ၊ အဲဒီမှာ မြေကွက်ပေးမှာ။ ပင်စင်တင်ပါလား။ လုပ်သက်တွေ နှမြောစရာပဲလို့ ဝိုင်းပြောတယ်။ မလိုချင်ဘူး။ မြေကွက်ရဖို့ ဟိုလျှောက်ရ ဒီလျှောက်ရ အလုပ်ရှုပ်တယ်။ ငါ့ဟာငါ ရှာစားလည်း ထမင်းတစ်နပ်တော့ စားရမှာပဲ၊ ထွက်စာတင်မယ်ဆိုပြီး ထွက်လိုက် တာ”

၁၉၉၇ ခုနှစ်တွင် သူအဖမ်းခံရသည်။ သူ၏ နိုင်ငံရေးဆောင်ရွက်ချက်များကို စွဲချက်တင်ကာ သူ့ကို ထောင်ဒဏ် ၁၄ နှစ် ပြစ်ဒဏ်ချသည်။

“မှတ်မှတ်ရရဖြစ်တာကတော့ ၁၉၉၈ ခုနှစ် ဇူလိုင်လ ၂၅ ရက်နေ့ည။ အိမ်မှာပဲ လာဖမ်းတာပါ။ MI က လာဖမ်းသွားတာ။ စစ်ကြောရေးမှာ ၃ လ လောက်ကြာတယ်။ ရုံးထုတ်တော့ အင်းစိန်ထောင်ထဲက တရားရုံးမှာ။ ဘယ်လိုခေါ်မလဲဆိုတော့ ခေါင်းပေါင်းပေါင်းထားတဲ့ ဟန်ပြတရားရုံး။ စစ်ခုံရုံးသဘောပေါ့။ တရားသူကြီးက ပြောတယ်။ ကျွန်တော်တို့ကို နားလည် ပေးပါတဲ့။ သူတို့လည်း ဘာမှမတတ်နိုင်ဘူး။ စစ်ထောက်လှမ်းရေးက ဘေးမှာထိုင်နေတာ။ အဲဒီ MI ကပေးတဲ့ စာအိတ်ကို ဖောက်ပြီး စီရင်ချက်ချရတာ။ ကိုယ်တို့ထဲမှာ AB က နှစ်ယောက်ရဲ့အမှုက သေဒဏ်ပါတော့ ရှေ့နေငှားပေးတယ်။ ဒါလည်း ဟန်ပြပဲ။ ရှေ့နေက သူ့ဟာသူ မလှမ်းမကမ်းမှာ လာထိုင်နေတာ။ ဘာမှလည်း လာမမေးဘူး၊ ဘာမှလည်း လာမပြောဘူး။ ဒီကနေ့ တရားဥပဒေစိုးမိုးရေး ဘာညာနဲ့ ဒီလူတွေ လွှတ်တော်မှာ၊ လူရှေ့သူရှေ့မှာ အသံကောင်းဟစ်နေကြတယ်။ တကယ် တော့ သူတို့စစ်အစိုးရ ကိုယ်တိုင် တရားရုံးတွေကို ဖျက်ဆီးခဲ့တာ။ အုပ်ချုပ်ရေးပိုင်းကနေ တရားရုံးကို ဖိအားပေးတာ သူတို့က စလုပ်တာ။ စစ်အစိုးရလက်ထက်မှာ ပေါ်ပေါ်တင်တင် ဖျက်ဆီးခဲ့တာ။ သူတို့သာလျှင် တရားခံပဲ။

ကိုယ်တွေကို ရုံးထုတ်တော့ ထောင်တွင်းတရားရုံးကို ခေါင်းစွပ်စွပ်ပြီး ခေါ်လာတယ်။ ဘာမှမမြင်ရဘူး။ လက်ထိတ်က ခတ်ထားသေးတယ်။ ဒီကနေ့ ရုံးထုတ်၊ နောက်နေ့ စီရင်ချက်ချတာပဲ။ အပြစ်မရှိပါ၊ လုံးဝအပြစ်မရှိပါလို့ ပြောကြတာတောင် မရဘူး၊ ဒါဆို အယူခံတင်ပါတဲ့။ ပုဒ်မတွေ ဖတ်ပြတယ်။ စီရင်ချက်ချတာပဲ။ တစ်မှုကို ၇ နှစ်နဲ့ နှစ်မှုအတွက် ၁၄ နှစ်။ ပြစ်ဒဏ် ကို သီးခြားစီကျခံစေဆိုပြီး ချလိုက်တယ်။ ၁၉၉၈ ခုနှစ်ကပေါ့။

ထိုစဉ်က နိုင်ငံရေးအကျဉ်းသားတို့၏ ထောင်တွင်းဖြတ်သန်းမှုများက ခါးသီးပြင်းထန်လှသည်။ ၂၀ဝ၀ ပြည့်နှစ်နောက်ပိုင်း ICRC ဝင်ရောက်ပြီး စစ်အစိုးရက အပေးအယူလုပ်လာသည်။ နာမည်ကျော်လှသော ဖိုးအိုဝမ်းလူထုတ်ပွဲဖြင့် နိုင်ငံရေး အကျဉ်းသားများကို ပြန်လွှတ်ပေးသည်။ ကိုကြည်လင်းက သူ့အတွေ့ အကြုံကို ပြောပြပါသည်။

“အဲဒီတုန်းက ထောင်ပိုင်ကြီးက ဦးစိုးမြင့်၊ အမှတ် (၈) ထောက်လှမ်း ရေးတပ်က ဗိုလ်မှူးမောင်မောင်ဝင်းနဲ့ သူ့လက်ထောက် ဗိုလ်ကြီးဝေလင်းပါတယ်။ ဆိုကြပါစို့။ ကိုယ်နဲ့ ထောက်လှမ်းရေးတပ်က ဗိုလ်ကြီးဝေလင်းနဲ့ ဆွေးနွေးတယ်။ သူက အသက် ၃၀ လောက်ပဲရှိဦးမယ်။ သူက ဘာစလုပ်လဲဆိုတော့ ခါးကြားကသေနတ်ကိုထုတ်ပြီး စားပွဲပေါ်တင်လိုက်တယ်။ ကိုယ်ကစပြီး ချက်ချင်းပဲပြောတယ်။

ငါပြန်တော့မယ်။ မင်းတို့က လက်နက်နဲ့ အကြမ်းဖက်တဲ့ကောင်တွေ။ ငါက နိုင်ငံရေးသမား။ မင်းနဲ့ငါ တန်းတူမဆွေး နွေးနိုင်ဘူး။ အဲဒီအတိုင်း စပြောတာ။ သူတို့မှတ်တမ်းတွေမှာ ပါတယ်။ ဘာမှ တန်းတူရည်တူ ဆွေးနွေးစရာ မရှိဘူး။ မင်းက လက်နက်ပြပြီး ငါ့ကိုလာခြောက်တယ်။ ငါလို နိုင်ငံရေးသမားက သေနတ်မကြောက်လို့ နိုင်ငံရေးလုပ်နေတာ။ မင်းတို့က သေနတ်ကိုင်ပြီး နိုင်ငံရေးစကားပြောတာ။ မင်းနဲ့ငါ တန်းတူဆွေးနွေးရမယ့် အဆင့်မဟုတ်ဘူး။ လွှတ်လည်း လွှတ်မပေးနဲ့။ ငါမလွတ်ချင်ဘူး၊ ပြန်မယ်လို့”

“အဲဒီမှာ ကောင်လေးက တောင်းပန်တယ်။ သူက လူငယ်ပါ။ အဲဒီတော့မှ ကိုယ်က သူ့ကို ဒါဆို မင်းထိုင်။ စောစောကလို သေနတ်ပြပြီး ဆွေးနွေးတာမျိုး လာမလုပ်နဲ့။ ငါတို့က နိုင်ငံရေးသမားတွေ။ ငါတို့က တိုင်းပြည်ကိုချစ်လို့ လက်နက်မကိုင်တာ။ မင်းတို့က လက်နက်ကိုင်၊ ရာထူးတွေယူပြီး နိုင်ငံရေးသမား နာမည်တပ်ထားတာ။ ငါပြောတာ မင်းလက်ခံလားဆိုတော့ ဟာ၊ ရပါတယ်။ ဒါက ဆွေးနွေးတာပဲ။ ရပါတယ်တဲ့။ အေး၊ မင်းလက်ခံရင် မှတ်တမ်းယူ၊ မင်းတို့ ဗိုလ်ခင်ညွန့်နဲ့ ဗိုလ်သန်းရွှေ ဆီကိုတင်လိုက်၊ ငါပြောတာတွေ ငါလက်မှတ်ထိုးပေးမယ်။ ပြီးတော့ မင်းတို့လွှတ်မှာက ထောင် ကြွေးကျန်နဲ့ လွှတ် မှာ။ ငါ မင်းတို့ကို အကြွေးလည်းမထားချင်ဘူး။ ဘာသောက်ကြွေးမှလည်း မဆပ်ချင်ဘူး။ လွှတ်ချင်မှလွှတ်၊ မလွှတ်ချင်လည်း နေတော့ကွာ။ ငါက နွား မဟုတ်ဘူး။ နဖားကြိုး အထိုးမခံနိုင်ဘူးလို့။ ဆိုကြပါစို့။ အဲဒီလိုမျိုး ၃၊ ၄ ခါ လာဆွေးနွေးတယ်။ ကိုယ် တစ်ကြိမ်မှလက်မခံဘူး”

သူ့ကို သဘောထားတင်းမာသူအဖြစ် တခြားသူများက သတ်မှတ်ကြသော်ငြား သူက စစ်အစိုးရနှင့် ပတ်သက်လျှင် မာမာ ကြောကြောပင် တုံ့ပြန်စမြဲ။ ယနေ့ထိ အသွင်ပြောင်းအစိုးရ၏ လုပ်ရပ်များကို မျက်ခြေမပြတ်စောင့်ကြည့်နေဆဲ။ ထို့ကြောင့် အရေခြုံ ဒီမိုကရေစီစနစ်ကြီးအပေါ် ကွက်ကွက်ကွင်းကွင်း မြင်ထားသမျှ ရှင်းပြပါသည်။

“၂၀၁၅ ခုနှစ်မှာ အခု အရပ်ထဲမှာ ဘာအသံတွေ ထွက်နေလဲဆိုတော့ ကြံ့ခိုင်ရေးပါတီက ပြောလာတယ်။ ၂၀၁၅ ခုနှစ်မှာ နိုင်ရင်လည်း နိုင်ရမယ်။ မနိုင်ရင်လည်း နိုင်ရမယ်။ မဲမနိုင်ရင် လူနိုင်ရမယ်ဆိုတဲ့အသံတွေ ထွက်လာပြီ။ ပြီးတော့ စွမ်းအား ရှင်တို့ ဘာတို့ကလည်း ဆက်မွေးထားတုန်းပဲ။ ဒါတွေက နိုင်ငံရေးအောက်လမ်းနည်းတွေ သုံးတော့မယ့်သဘောပဲ။ ၂၀၁၂ ခုနှစ် ကြားဖြတ် ရွေးကောက်ပွဲနဲ့ ၂၀၁၅ ခုနှစ်က မတူဘူး။ ကြားဖြတ်မှာက NLD ပါစေချင်လို့ ဟပေးတာ။ ၂၀၁၅ ခုနှစ်ကတော့ အာဏာကိစ္စ၊ အာဏာပါ လက်လွှတ်ရမယ့်ကိစ္စဆိုတော့ ရွေးကောက်ပွဲကို ဘောင်အတွင်းကနေ ကျစ်တော့မှာ။ ကျစ်တာ၊ ရစ်တာ၊ ညစ်တာတွေလုပ်မှာ။ သေသေချာချာကိုလုပ်မှာ။ ဒါက သူတို့ရဲ့ ရိုးရာလုပ်ငန်းပဲ။ ကိုယ်တို့ ဒီမိုကရက်တစ်ထဲက လူတွေကို နည်းမျိုးစုံနဲ့ဖမ်းမယ်၊ အထဲကိုထည့်မယ်။ ဒါတွေက လုပ်ရိုးလုပ်စဉ်မို့ လုပ်ကို လုပ်ကြဦးမှာပဲ၊ မဆန်းပါဘူး။ လုပ်ပါ။ ကိုယ်တွေကလည်း တိုင်းပြည်အတွက် ပေးဆပ်ခဲ့တာပဲ။ ထပ်ပေးဆပ်ဖို့လည်း အသင့်ပဲ။ ကိစ္စမရှိပါဘူး။ ပြဿနာက ဒါမဟုတ်ဘူး။ တကယ့်ပြဿနာက တိုင်းပြည်ကို ငြိမ်းချမ်းချင်တယ်၊ ချောမွေ့ချင်တယ်ဆိုရင် တကယ်ပြောင်းချင်တဲ့ စိတ်ဆန္ဒ ရှိတယ်ဆိုရင် တစ်အချက် ပြည်တွင်းငြိမ်းချမ်းရေးကို ဟန်ပြမဟုတ်ဘဲ တကယ်တည်ဆောက်နိုင်ရမယ်။ အမျိုးသားစည်းလုံး ညီညွတ်ရေးကို လက်နက်နဲ့ တည်ဆောက်လို့မရဘူး။

နောက် ရွေးကောက်ပွဲကော်မရှင်ကို ပြောစရာရှိတယ်။

ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌကိုယ်တိုင် နိုင်ငံရေးကြံအင်လက္ခဏာနဲ့ မပြည့် စုံဘူး။ သူ့အဖွဲ့ဝင်တွေလည်း တော်တော်များများ ဒီအတိုင်းပဲ။ ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ (၃၉၀) အပိုဒ် (ခ) နဲ့ ငြိစွန်းနေတယ်။ ရွေးကောက်ပွဲ ဥပဒေပုဒ်မ (၅) နဲ့ ငြိစွန်း နေတယ်။ ဒီကော်မရှင်ထဲမှာပါတဲ့ အဖွဲ့ဝင်တွေကိုကြည့်။ ကော်မရှင်ဥက္ကဋ္ဌ လုပ်တဲ့သူက ကြံ့ခိုင်ရေးပါတီက ထိပ်တန်း တာဝန် ရှိတဲ့သူ။ သူ့ကိုပါတီက ထွက်ခိုင်းပြီး ကော်မရှင်ဥက္ကဋ္ဌခန့်တယ်။ နောက်ပြီးတော့ တပ်မတော်သား ၆၃ ယောက်ကို တပ်က နုတ်ထွက်ခိုင်းပြီးတော့ ကော်မရှင်ထဲကို ထည့်တယ်။ ပြီးတော့ မြို့နယ်အသီးသီးက ဒု-ထွေအုပ်တွေကို မြို့နယ်ကော်မရှင်ထဲမှာ ထည့်တယ်။ မြို့နယ်ကော်မရှင်အတွင်းရေးမှူးတာဝန်တွေ ယူတယ်။ နောက်အုပ်ချုပ်ရေး သြဇာအာဏာက အဲဒီကော်မရှင်ကို လွှမ်းမိုးထားမှတော့ ဒီကော်မရှင်ဟာ ဘယ်လိုလုပ် လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ကျင်းပပေးနိုင်မှာလဲ။ ဒါကို ပြောချင်ပါတယ်။ လူထုသိဖို့လိုပါတယ်”

မှန်ပါသည်။

ယနေ့ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲအတွက် ဘယ်ပါတီ နိုင်ခြင်း၊ ရှုံးခြင်းသည် ဒုတိယကဏ္ဍဖြစ်သည်။ ရွေးကောက်ပွဲ တရား မျှတ လွတ်လပ်ဖို့သည် ပထမကဏ္ဍဖြစ်သည်။ ထို့ကြောင့် လူထုအနေဖြင့် ဒုတိယရလဒ်အတွက် ပထမ အခြေအနေကို ကောင်းစွာသဘောပေါက်ဖို့ လိုအပ်ပါသည်ဟု ပဲ့တင်သံမှ တိုက်တွန်း နှိုးဆော်လိုက်ရပါသည်။

ဝ၆၁

Leave a Reply

Your email address will not be published.