၂၀၁၅ မြန်မာ့ရွေးကောက်ပွဲ ကြိုတင်ပြင်ဆင်ရေး ကြိုးပမ်းမှုများ သြစတြေးလျ၊ ဥရောပ၊ ယူကေနှင့် အမေရိကန် ထောက်ခံကြောင်း ပူးတွဲကြေညာ

ရန်ကုန်၊ မတ် ၃

မြန်မာ့ရွေးကောက်ပွဲ ကြိုတင်ပြင်ဆင်ရေး ကြိုးပမ်းမှုများအား ထောက် ခံကြောင်း ကြေညာချက်တစ်ရပ်ကို ၂၀၁၅ ခုနှစ်၊ မတ်လ ၃ ရက် အင်္ဂါနေ့ နေ့စွဲဖြင့် သြစတြေးလျ၊ ဒိန်းမတ်၊ နော်ဝေ၊ ဆွစ်ဇာလန်၊ ဥရောပသမဂ္ဂ၊ ယူနိုက်တက်ကင်းဒမ်းနှင့် အမေရိကန်ပြည်ထောင်စုတို့၏ သံရုံးများက ပူးတွဲထုတ်ပြန်ခဲ့သည်။

အဆိုပါ ကြေညာချက်တွင် မြန်မာနိုင်ငံအတွင်း ဖြစ်ပေါ်ခဲ့သော နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများအား လှိုက်လှဲစွာ ကြိုဆို ကြောင်း၊ အထူးသဖြင့် ၂၀၁၅ ခုနှစ်နှောင်းပိုင်းတွင် အထွေထွေရွေးကောက်ပွဲတစ်ရပ် ကျင်းပမည်ဆိုသော မြန်မာအစိုးရ၏ ထုတ်ပြန်ကြေညာချက်အပေါ် ကြိုဆိုကြောင်း၊ ရွေးကောက်ပွဲသည် မြန်မာ့ဒီမိုကရေစီအသွင်ကူးပြောင်းမှုတွင် အရေးကြီးသော အခြေခံအုတ်မြစ်ဖြစ်ပြီး ကမ္ဘာကြီးကို ပေးထားသော နိုင်ငံရေးပြုပြင် ပြောင်းလဲမှု ကတိကဝတ်ကို အခိုင်အမာထပ်မံပြသရန် အခွင့်အရေးတစ်ရပ်လည်းဖြစ်ကြောင်း၊ ဖွံ့ဖြိုးရေးမိတ်ဖက်နိုင်ငံများအဖြစ် မိမိတို့သည် ရွေးကောက်ပွဲ ကြိုတင်ပြင်ဆင်ရေး အတွက် မြန်မာနိုင်ငံ၏ ကြိုးပမ်းအားထုတ်မှုများကို ထောက်ခံကူညီသွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

၂၀၁၅ ရွေးကောက်ပွဲတွင် မြန်မာအစိုးရအနေဖြင့် မြန်မာပြည် သူများနှင့် မိတ်ဖွဲ့ဆောင်ရွက်ရန် တာဝန်ရှိပြီး ရွေးကောက်ပွဲ အောင်မြင်မှု ကို ရွေးကောက်ပွဲလုပ်ငန်းစဉ်တွင် ရိုးသားဖြောင့်မတ်မှုနှင့် ပြည်သူလူထုဆန္ဒကို ထင်ဟပ်သော ရလဒ်တို့အပေါ် အခြေပြုတိုင်းတာသွားရမည်ဖြစ်ကြောင်း၊ ယုံကြည် စိတ်ချရသော၊ ပွင့်လင်းမြင်သာသော၊ အားလုံးပါဝင်သော ရွေးကောက်ပွဲ လုပ်ငန်းစဉ်တွင် ပါဝင်ပတ်သက်သူအားလုံးနှင့် တစ်လျှာက်လုံး ထိတွေ့ဆက်ဆံသွားရန် လိုအပ်ကြောင်း၊ ရွေးကောက်ပွဲရက် မတိုင်မီ ယုံကြည်မှုတည်ဆောက်ခြင်းနှင့် နိုင်ငံတကာရွေးကောက်ပွဲ အထောက်အကူပြုမှုများ၏ ယုံကြည်မှုရယူခြင်းများ လိုအပ်ကြောင်း ကြေညာချက်တွင် ဖော်ပြပါရှိသည်။

အကောင်းဆုံး နိုင်ငံတကာအတွေ့အကြုံများပေါ်တွင် အခြေပြု၍ မိမိတို့နိုင်ငံများအနေဖြင့် ရွေးကောက်ပွဲလုပ်ငန်းစဉ်အတွင်း အစိုးရရော အစိုးရမဟုတ်သော အဖွဲ့အစည်းများသို့ပါ အထောက်အပံ့ပေးမည့် အလှူရှင်များနှင့် ညှိနှိုင်းဆွေးနွေးနေကြောင်း၊ အလှူရှင်များနှင့် မိတ်ဖက်များအဖြစ် မိမိတို့ကလည်း ပွင့်လင်းမြင်သာမှု၊ အားလုံးအကျုံးဝင်မှုနှင့် ညီမျှမှုများကို စွဲကိုင် ကျင့်သုံးရန် ကတိပြုကြောင်း၊ မိမိတို့၏ အကူအညီပေးမှုသည် ဒီမိုကရေစီလုပ်ငန်းစဉ်ကို ထောက်ခံ၍ အဖွဲ့အစည်းပုံစံကျနရန် ရည်ရွယ်ထားပြီး ပါတီတစ်ခုခု၊ ကိုယ်စားလှယ်လောင်းတစ်ဦးဦးကို သီးခြားထောက်ပံ့သွားမည်မဟုတ်ကြောင်း ကြေညာချက် က ဆိုပါသည်။

အားလုံးပါဝင်၍ ယုံကြည်စိတ်ချရကာ ပွင့်လင်းမြင်သာသော ရွေးကောက်ပွဲတစ်ရပ်အတွက် အရေးကြီးသောအချက်များမှာ နိုင်ငံတကာ စံချိန်စံညွှန်းများနှင့်အညီ ဖြစ်စေခြင်း၊ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးအတွက် မူဘောင်တစ်ရပ် ထူ ထောင်ခြင်း၊ ဒီမိုကရေစီနိုင်ငံရေး ပြိုင်ဆိုင်မှုတိုးတက်ရန် ရွေးကောက်ပွဲတွင် ပါဝင်ပတ်သက်သူများ၏ စွမ်းရည်ကို ခိုင်မာ အောင်မြှင့်တင်ပေးခြင်း၊ မဲဆန္ဒရှင်ပညာပေးရေးနှင့် ရွေး ကောက်ပွဲတွင် ပါဝင်မှုတိုးတက်စေရေးအတွက် အရပ်ဘက်လူမှုအဖွဲ့ အစည်းများနှင့် မီဒီယာအဖွဲ့ အစည်းများကို ထောက်ပံ့ခြင်း၊ ပါဝင်ပတ်သက်သူအားလုံးအကြား ဆွေးနွေးညှိနှိုင်းမှုမြှင့်တင် ခြင်းတို့ဖြစ်ကြောင်း ကြေညာချက်တွင် အလေးပေးဖော်ပြထားသည်။

မိမိတို့ ရည်မှန်းထားသည့် ရွေးကောက်ပွဲအထောက်အကူများအပြင် ငြိမ်းချမ်း၍ အားလုံးပါဝင်သော ပတ်ဝန်းကျင် တစ်ခုကို လည်း တိုးတက်စေရန် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မီဒီယာလွတ်လပ်ခွင့်၊ လွတ်လပ်စွာ ထုတ်ဖော် ပြောဆို ခွင့်၊ ခွဲခြားဆက်ဆံမှုမရှိရေး၊ လူသားနှင့် အဖွဲ့အစည်းဆိုင်ရာ အကာအကွယ်ပေးမှုများမှာ ယုံကြည်စိတ်ချရသော ရွေးကောက်ပွဲ လုပ်ငန်းစဉ်တစ်ခုအတွက် အချက်အချာဖြစ်ကြောင်းလည်း ကြေညာချက်တွင် ဖော်ပြပါရှိသည်။

ဝ၂၅

Ref; Joint statement on Election Support

Leave a Reply

Your email address will not be published.