ခေတ်သစ်သင်ပုန်းကြီး (၈၆)

၀န်ကတော်က အတိုက်အခံအမတ် ဒေါင်းမိခင်အား

ခေါင်းမြီးခြုံကုလားမအဖြစ် တင်ထားသည့် ပုံအတုကို

လှိုက်လှဲစွာ တင်ခဲ့စဉ်က တောင်းပန်ရုံဖြင့် ကျေအေးခဲ့ရသလောက်

သတင်းသမားက တပ်ထွက်နှင့်တပ်တွင်းသားများအား

သရော်ထားသည့် ပုံအတုကို ရှယ်မှုပေါ်သည့်အခါ

ထောင်တွင်းသို့ ဆွဲသွင်းကာ တွေ့ဆုံဆွေးနွေးခဲ့လေသည်

အံ့သြကုန်နိုင်ကြပါပေ့။

ပြည်ထဲရေး၏ အဖမ်းကြမ်းချက်မှာ

တစ်ခေတ်တစ်ခါက မူကြိုသမဂ္ဂဝင်ကလေးများမချန်သလို

ခုခေတ်အခါမှာဖြင့် ၈၀ ကျော် ၈ နှစ်ပတ်လည်များကိုပင်

တစ်မှုအတွက် တစ်လကို နည်းအံ့ထင်ကာ

နောက်တစ်မှုပင် ထပ်စွဲပြီး စံချိန်သစ် တင်လာတော့၏

ပြန်ကြားရေး၏ သတင်းလက်ဝါးကြီးအုပ်ချက်ကား

နေပူတော်မှာ သမ္မတနှင့် ဒေါ်စုတွေ့ပွဲကို

ဓာတ်ပုံနှင့်တကွ ဖော်ပြမှုအား

သူ့စာမျက်နှာများမှာသာ ပါသည့်တိုင်

အချက်အလက်က ဝေ၀ါးတော်မူနိုင်လှလေ၏

အံ့သြရပါသည်။

ကျေးဇူးရှင်အိမ်နီးချင်းပေါက်ဖော်ကြီး၏ ကျေးဇူးကြောင့်

ကျောင်းသားသပိတ်တပ်ကို ရေအမြောက်ကားဖြင့်

စောင့်ကြိုနိုင်ခွင့် ရရှိလေသော်လည်း

မွှေနှောက်အာရုံလွှဲစီမံကိန်းအရ

လောက်ကိုင်အရေးမှာဖြင့် ပေါက်ဖော် သွေးထိုးသည်ဟု

ဝါဒဖြန့်လေရာ အိမ်နီးချင်းများအပေါ်

ကျေးဇူးက တစ်ဆယ်သား၊ အန္တရာယ်ကား ပိဿာလုံးအဖြစ်

မြင်ကြည့်ကြရပါတော့အံ့၊

မအံ့သြကြပါနှင့်။

တစ်ခါက ထောက်ချုပ်ကြီးက သံဝေဂရသည်ဆိုရာတွင်

“ကျွန်တော့်တပည့်များ၏ အမှားကို”ဟု

တရားခံစာရင်းမှာ သင်းက လွတ်ငြိမ်းခွင့်ရသယောင်

အထက်စီးဖြင့် တောင်းပန်ထားပြန်လေရာ

တို့ပြည်မှာ အမှားတာဝန်ရှိသူအားလုံးကား

တပည့်များသာ ဖြစ်ကြသောကြောင့်

ဆရာများမှာ ဘာတာဝန်မျှ ခံစရာမလိုသယောင်ပါတကား

မအံ့သြကြပါလင့်။

ပြန်ဝန်အသွင်ကူး သမဝန်ထူးမှာလည်း

လွှတ်တော်နှင့် ငါးစိမ်းတန်းကို ရောထွေးကာ

ချေးငွေအရေး အေးဓားပြ တိုက်လေသည်

ထိုလူတစ်သိုက်ကို မဲပေးမိသည့်လူထုလည်း

ခေါင်းရှောင်များ ငိုယိုတောင်းထားသမျှ

ကြွေးအပေါင်းကို အမွေဆက်ခံရဦးမည်တည့်

အံ့သြကုန်နိုင်ပါရိုးလား။

မည်သို့ပင်ဖြစ်စေ နိုင်ငံသားအပေါင်းတို့ကား

ရှေးနည်းအတိုင်း အာဏာပိုင်များကို ယောင်၍ပင်

သရော်တော်တော် မပြုနိုင်ကြကြောင်း

သဘောပေါက်ရမည့်အပြင်

သင်းတို့ ငိုယိုတောင်းထားသမျှ ကြွေးကိုလည်း

သွေး၊ ချွေးများ ရင်းကာ ဆပ်ရမည့်ဘေးမှ

အခါခပ်သိမ်း ကင်းဝေးနိုင်ကြပါစေသတည်း။

ပြောင်းဖူးရိုး

Leave a Reply

Your email address will not be published. Required fields are marked *