ပါးစပ်ပြာဋိဟာပြသူ

ကမ္ဘာ့မြေလွှာအောက်မှ ကျောက်လွှာကြီးများ တွန်းတိုက်မိခြင်းကို ငလျင်လှုပ်ခြင်းဟု ဆိုကြသည်။ အစိုးရအဖွဲ့ (သို့) အစိုးရအဖွဲ့ဝင် ဝန်ကြီးတစ်ဦးနှင့် လွှတ်တော် (သို့) လွှတ်တော်ကိုယ်စားလှယ်တစ်ဦးတို့ ပွတ်တိုက်မိခြင်းကို ပါးစပ်လှုပ်ခြင်းဟု မှတ်ယူအပ်၏။ “ပါးစပ်တစ်ပေါက် လျှမ်းလျှမ်းတောက်က၊ မကျွေးလည်းစား ကျွေးလည်း စားနှင့်၊ အကောင်းလည်း မပြော၊ ပြောလည်း မကောင်းတည်း” ဟု အာဏာရှင်နီတိတွင် ပါရှိသည်နှင့်အညီ အစား၌ လွန်ကျူးခြင်းနှင့် အပြော၌လွန်ကျူးခြင်းသည် အာဏာယစ်မူးခြင်းပင်ဖြစ်ရာ ဖေဖော်ဝါရီလ ၂၅ ရက်နေ့က ပြည်ထောင်စု လွှတ်တော်တွင် တရုတ်၏ချေးငွေ ဒေါ်လာသန်း ၃၀ဝ နှင့်ပတ်သက်၍ သဲဖြင့်အပက်ခံရ သောကြောင့် အသည်းနာနာနှင့် ကျွဲမာယာသုံး၍ တုံ့ပြန် ပြောဆိုခဲ့သည့် သမဝါယမဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးကျော်ဆန်းကို ယခုအပတ်၏ ပါးစပ်ပြာဋိဟာပြသူ သတင်းလူသားအဖြစ် ဖော်ပြအပ်ပါသည်။

ပါးစပ်တစ်ပေါက်၏ အဓိကတာဝန်နှစ်ရပ်မှာ အစာစားခြင်းနှင့် စကားပြောခြင်းဖြစ်သည်။ မည်သူမဆို ပါးစပ်ပါ လျှင် စားမည်၊ ပြောမည်ဖြစ် ၏။ ပညာရှိသူသည် စားခြင်း၌ဖြစ်စေ၊ ပြောခြင်း၌ဖြစ်စေ အတိုင်းအရှည်ကို သိအပ်ကုန်၏။ တချို့မှာ စူဇကာပုဏ္ဏား ဝင်စားဘိသကဲ့သို့ မသဒ္ဓါ ရေစာ အကုန်စားလေ့ရှိသော်လည်း စကား အရာ၌ သူတော်စင် ရသေ့ရဟန်း ကဲ့သို့ ပြောဆိုတတ်ကြသည်။ ထိုမျှသာမကသေး၊ မိမိ၏ စားပိုင်ခွင့်ကို ထိပါးနှောင့်ယှက်လာမည်ဆိုပါမူ ပြောပိုင်ခွင့်ကိုကျော်လွန်၍ လေသေနတ် ဖြင့် ရမ်းကားအမှု ပြုတတ်ကြကုန်၏။ စားဖားများသည် အသံကြောင့် သေကျေပျက်စီးရတတ်သည်။ ငြိမ်ဝပ်ပိပြားစွာစား၍ အေးချမ်းသာယာစွာ ဖားမည်ဆိုပါလျှင် ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်သစ်ကြီးဆီသို့ ရောက်ရမည်မှာ မလွဲပါ။ သမဝါယမ ဝန်ကြီး ဦးကျော်ဆန်းသည် တရုတ် ဘဏ်တစ်ခုမှ ဒေါ်လာ သန်း ၃၀ဝ ချေးယူခွင့်အတွက် ပြည်ထောင်စု လွှတ်တော်သို့ တင်ပြရာတွင် ယခင်က ချေးယူခဲ့သည့် ဒေါ်လာ သန်း ၁၀ဝ ကိုလည်း တောင်သူလယ်သမားများ ထံမှ အပြည့်အဝ ပြန်လည်ရရှိခဲ့ ပြီးဖြစ်ကြောင်း ပြောကြားခဲ့ခြင်းအပေါ် NLD ပါတီ၏ လွှတ်တော်အမတ် များဖြစ်ကြသော ဒေါ်ခင်စန်းလှိုင်နှင့် ဒေါ်ခင်မွှေးလွင်တို့က ပြန်လည်ဆွေး နွေးခဲ့မှုကို အကြောင်းပြုလျက် မိမိအား အောက်လမ်းနည်းဖြင့် တိုက်ခိုက်နေသယောင် တုံ့ပြန်စွပ်စွဲခဲ့၍ လွှတ်တော်နာယကကြီးက နှစ်ဖက်လုံးကို သတိပေးခဲ့ရသည်။ စည်းကမ်းပြည့်ဝသော လွှတ်တော်ကြီးထဲသို့ စုန်း၊ ကဝေ၊ တစ္ဆေအတတ်များ ရောက်ရှိခဲ့ခြင်း မှာ မထိတ်သာ၊ မလန့်သာ ဖြစ်ရသည်။ တရုတ်ဆီမှ ယခင်ချေးယူခဲ့သော သန်း ၁၀ဝ သည်လည်း အတိုးနှုန်း မြင့်မားနေသည်ဟု ထောက်ပြဝေဖန်ခြင်းများ ပေါ်ထွက်ခဲ့သည်။ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီလက်ထက်၌ ပြန်ကြားရေးဝန်ကြီးဖြစ်ခဲ့သော ဦးကျော်ဆန်းသည် “မီဒီယာကို မီဒီယာဖြင့် တုံ့” ဟူသော ဒဿနတစ်ရပ်ကို ထူထောင်ခဲ့ခြင်းကြောင့် ယခုအခါလည်း သူ့စိတ်ကူးထဲတွင် “အကြွေးကို အကြွေး ဖြင့် တုံ့” လမ်းစဉ်တစ်ရပ်လည်း ရှိနေနိုင်သည်။ သို့သော်လည်း မြန်မာလူမျိုးတို့သည် လွန်စွာအစွဲအလန်းကြီးကြလေ့ရှိရာ ခေတ်အဆက်ဆက်၌ တဖုန်းဖုန်းကျရှုံး ခဲ့သော သမဝါယမစနစ်အား အမည်ကြားရုံကာမျှဖြင့် ရောသမတော့မည် ဟု တထစ်ချ မှတ်ယူနေကြခြင်းဖြစ်၏။ ယုံကြည်မှု တည်ဆောက်နေဆဲကာလ ဖြစ်နေ၍လည်း မယုံကြည်ကြခြင်း ဖြစ်နိုင်သည်။ ဝန်ကြီးဦးကျော်ဆန်းက မိမိကိုယ်မိမိ ရိုးရိုးသားသားဆောင်ရွက်နေခြင်းဖြစ်၍ Transparency (ပွင့်လင်းမြင်သာမှု)ရှိကြောင်း၊ Openess (ပွင့်ပွင့်လင်းလင်း)ရှိကြောင်း အာမခံခဲ့ခြင်းသည် ပါးစပ်စွမ်းရည်ကို မှန်ကန်စွာ အသုံးချခဲ့ခြင်းဖြစ်သည်။ ကမ္ဘာ့နိုင်ငံအသီးသီးတွင် အစိုးရက ပြည်သူအတွက် အရှုံးခံဆောင်ရွက်ပေး နေရသည့် ဝန်ကြီးဌာနများ ရှိကြစမြဲဖြစ်သော်လည်း ပြန်ကြားရေးဝန်ကြီးဌာနနှင့် သမဝါယမဝန်ကြီးဌာနတို့မှာ “ပြည်သူ့ဘဏ္ဍာ ဒို့ရိက္ခာ” လုပ်နေကြသည်ဟု တစ်ဖက်သတ် စွပ်စွဲခံရမှုများ ကြုံတွေ့နေရသည်။ သက်တော်ရှည် ဝန်မင်းများအဖို့လည်း ယခင်ကဆိုလျှင် နိုင်ငံတော်အကြီးအကဲ ခေါင်းညိတ်လျှင် ပါးစပ်လှုပ်ပိုင်ခွင့်ရှိသော်လည်း ကိုယ့်ကိုယ်ကိုယ် ဒီမိုကရေစီတံဆိပ် ကပ်လိုက်ပြီးသည့်နောက်တွင် လွှတ်တော်ကတစ်မျိုး၊ မီဒီယာကတစ်ဖုံ၊ ပြည်သူက တစ်နည်းဖြစ်လာသောအခါ အစာလည်း စား၊ လေးသံလည်း နားစွင့်နေကြရလေ၏။ စစ်အစိုးရ လက်ထက်တော်က ဖြစ်ပွားခဲ့သည့် ၂၀ဝ၇ ရွှေဝါ ရောင်တော်လှန်ရေးတွင် ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာဂမ်ဘာ ရီကို လက်ညှိုးငေါက်ငေါက် ထိုး၍ ဧည့်ဝတ်ပြုခဲ့သော ပုံရိပ်များက ပါးစပ်စွမ်းရည် မြင့်မား ကြောင်း သက်သေကောင်းတစ်ရပ်လည်းဖြစ်သည်။ ဦးကျော်ဆန်းသည် စစ်အစိုးရ၏ဝန်ကြီးများထဲတွင် ပြည်သူချစ်သော ဝန်ကြီးတစ်ဦးအဖြစ် စာရင်းတို့ထားခြင်း ခံရသူလည်းဖြစ်၏။ ၂၀၁၀ ၌ ဇာတ်ခုံအခင်းအကျင်း ပြောင်းလဲလိုက်သော်လည်း ဒီမိုကရေစီမီးရောင်အောက်တွင် ရှေးမူ မပျက်ဘဲ ပြန်ကြားရေးဝန်ကြီးအဖြစ် ဆက်လက်အသုံးတော်ခံခဲ့၍ အံ့အားသင့်ခဲ့ကြရသည်။ ထို့နောက် သမဝါယမဝန်ကြီးအဖြစ် လူမြင်ကွင်းမှ ခေတ္တ ခေါက်သိမ်းထားခံလိုက်ရ ပြန်၏။ မြန်မာ့တောင်သူလယ်သမားများအတွက် တရုတ်စားဖူး သူ့ကျေးဇူးရှင်ကြီး ထံမှ ချေးငွေရရှိလာသည့်အခါ တိုက်ရိုက်သက်ဆိုင်သော လယ်ယာစိုက်ပျိုးရေးဝန်ကြီးဌာနကို ကျော်လွန်၍ သမဝါယမဝန်ကြီး ဌာနဆီသို့ စီးဝင်လာသည့် ငွေပင်ငွေရင်း၏ အရှိန်အစော်ဖြင့် ဘုန်းမီးနေလ တောက်ပ ခဲ့ပြန်လေသည်။

စကားနှင့် အစားကို တွဲဖက်ထားသည့် မြန်မာ့ဝေါဟာရများ အနက် ဟောက်စား၊ ခြောက်စား၊ ဖြီးစား၊ ဖြန်းစား၊ အီစား၊ ကလီစား၊ ဖိန့်စား၊ ဖောစား၊ ဆဲစား၊ ချွဲစား၊ ပြေးစား၊ ကောက်စားဟူ၍ စားဖွယ်စုံစွာ ရှိကြရာဝယ် ငှက်သည် ပျံလျက်သေမည်၊ လူသည် ကြံလျက်သေမည်၊ ဝန်သည် စားလျက်သေမည်ဟု မော်ကွန်းအသစ် ရေး ထိုးရမည်ဖြစ်ရာ တရုတ်ကြီးက ငွေချေးမည်ဟု လေသံဟရုံရှိသေးသည်။ မြန်မာ့လွှတ်တော်ထဲ၌ အောက် လမ်းနည်း၊ အထက်လမ်းနည်း အစီအရင်များဖြင့် အားပြိုင် နေကြပြီဖြစ်ခြင်းကြောင့် ဖေဖော်ဝါရီလ ၂၅ ရက်နေ့ က ပြည်ထောင်စုလွှတ်တော်အတွင်း ပါးစပ်ပါးဝခဲ့သော ပြည်ထောင်စုဝန်ကြီး ဦးကျော်ဆန်းကို ယခုအပတ်၏ ပါးစပ်ပြာဋိဟာပြသူ သတင်းလူသားအဖြစ် ဖော်ပြအပ်ပါသည်။

ဝ၂၆

Leave a Reply

Your email address will not be published. Required fields are marked *