ကျောင်းသားသပိတ်ကို အကြမ်းမဖက်ရန် ထိုင်သပိတ်ဖြင့် တောင်းဆို ရဲအင်အား ၁၀ဝ ကျော်ဖြင့် ဝင်ရောက်ဖြေရှင်းမှုကို မန္တလေးပြည်သူများ အံ့သြကြရ

မန္တလေး၊ မတ် ၃

မန္တလေးမြို့၊ မြို့တော်စည်ပင်ရုံးအနီး ကျုံးတောင်ဘက် ပလက်ဖောင်းပေါ်တွင် ယနေ့ (မတ်လ ၃ ရက်နေ့)မွန်းလွဲ ၃ နာရီအချိန်က လက်ပံတန်းကျောင်းသားသပိတ်ကို ဆက်လက်အကြမ်းမဖက်ရန် မြို့ခံနိုင်ငံရေး တက်ကြွ လှုပ်ရှားသူ အင်အား ၂၀ ခန့်က ထိုင်သပိတ်ဖြင့် တောင်းဆိုစဉ် မန္တလေးတိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ် ရေးရာဝန်ကြီးဗိုလ်မှူးကြီး အောင်ကျော်မိုးက အင်အားတစ်ရာ ထက်မနည်းသောရဲတပ်ဖွဲ့ဝင်များဖြင့် လူစုခွဲ ဖြိုခွင်းခဲ့သည်။

ခရိုင်ရဲတပ်ဖွဲ့မှူးအပါအဝင် မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့် အရာရှိအရာခံ အကြပ်တပ်သားများ၊ မြို့တော်ဝန်နှင့် အုပ်ချုပ်ရေးအဆင့်ဆင့် တာဝန်ရှိသူ များပါဝင်သော နယ်စပ်ရေးရာ ဝန် ကြီးနှင့်အဖွဲ့သည် အင်အား ၂၀ ခန့်ရှိ သော ထိုင်သပိတ်ပြုလုပ်ကြသူများအား မူလက အကြမ်းဖက်ဖမ်းဆီးခေါ်ဆောင်ရန် ကြိုးပမ်းခဲ့သော်လည်း သပိတ် မှောက်ပွဲပါဝင်သူများ၏ ငြိမ်းချမ်းစွာဆွေးနွေးပြောဆိုမှုတို့ကြောင့် ပြေလည်မှု ရရှိခဲ့ပြီး အချိန် သတ်မှတ်ပေး၍ လူစုခွဲစေခဲ့သည်။

လက်ပံတန်းကျောင်းသား အကြမ်းဖက်မှုနည်းတူ မန္တလေးမြို့က နိုင်ငံရေး တက်ကြွလှုပ်ရှားသူများအား အကြမ်း ဖက်ဖြိုခွင်းရန် ရောက်ရှိလာသော ဝန်ကြီးနှင့်အဖွဲ့သည် သပိတ်မှောက်အဖွဲ့ကြောင့် လမ်းပိတ်ဆို့မှုဖြစ်ပွားခဲ့ သည်ဟုဆိုကာ ကျုံးတောင်ဘက် ၂၆ လမ်းတစ်လျှောက်လေးပြခန့်အား တစ်နာရီခန့် ပိတ်ဆို့ထားလိုက်ရာ ယာဉ်ကြောအသုံးပြုသူများ အခက်အခဲဖြစ်ခဲ့ရသည်ဟု ဆိုသည်။ ထို့ နောက် ဝန်ကြီးနှင့်အဖွဲ့သည် သပိတ် မှောက်သူများအား သတ်မှတ်ချိန်အတွင်း အမြန်ဆုံးလူစုခွဲပေးရန်နှင့်သတ်မှတ်ချိန်အတွင်း လူစုမခွဲပါက ဖမ်းဆီးသွားမည်ဖြစ်ကြောင်း အမိန့်ပေးခြိမ်းခြောက်ပြောဆိုကာ သပိတ်မှောက်အဖွဲ့အား လူစုခွဲဖြိုခွင်းခဲ့သည်။

ယမန်နှစ် ဇွန်လက ဖြစ်ပွားခဲ့သည့် မန္တလေးပဋိပက္ခတွင်ပင် တွေ့ဖူးမြင်ဖူးခြင်းမရှိသည့် လက်နက်ကိုင်များ ပါဝင်သော ရဲတပ်ဖွဲ့အင်အား တစ်ရာကျော်ကြောင့်လည်း အခင်းဖြစ်ပွားရာသို့ လာရောက်ကြည့်ရှုကြသူ မန္တလေးမြို့ခံများ အံ့သြခဲ့ရသည်ဟု ဆိုသည်။

ကျောင်းသားသပိတ် အကြမ်းဖက်ခံရမှုမလိုလားကြသည့် သပိတ် မှောက်အဖွဲ့အနေဖြင့် ကျောင်းသားများအား ယခုထက် သွေးမြေကျသည်အထိ ဆက်လက်လုပ်ဆောင်လာပါက ဒေသအစိုးရနှင့် ညှိနှိုင်းမှုလုပ်တော့မည် မဟုတ်ဘဲ ကြီးမားသောသပိတ်မှောက်ပွဲများဖြင့် ဆန့်ကျင်သွားမည်ဖြစ်ကြောင်း ဆိုပါသည်။                                 ဝ၀၉

Leave a Reply

Your email address will not be published. Required fields are marked *