ကမ္ဘာ့မြစ်များနေ့အထိမ်းအမှတ် သက်ရှိမြစ်များအကြောင်း အနုပညာရပ်များဖြင့် တင်ဆက်ခဲ့ ပညာရပ်ဆိုင်ရာ ရှုထောင့်များမှ ပညာရှင်များနှင့် တက်ကြွလှုပ်ရှားသူများက မြစ်များအကြောင်း ဆွေးနွေး

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၈

“သက်ရှိမြစ်များ ဂီတ၊ အနုပညာနှင့် ပညာရပ်ဆိုင်ရာဖွင့်ဆို ဆွေးနွေးပွဲ”ကို ဖေဖော်ဝါရီလ ၂၇ ရက်နှင့် ၂၈ ရက်တို့တွင် အလုံမြို့နယ်ရှိ ပြည်သူ့ဥယျာဉ်အတွင်း ကျင်းပရာ ဧရာဝတီမြစ်၊ ချင်းတွင်းမြစ်၊ သံလွင်မြစ်၊ မြန်မာ့မြေမှ သက်ရှိမြစ်များနှင့် ပြည်သူ့ဘဝများ အကြောင်းအပြင် သဘာဝပတ်ဝန်းကျင် ယိုယွင်း ပျက်စီးနေရသည့် အကြောင်းရင်းများကို ကဗျာရွတ်ခြင်း၊ ဂီတ၊ ဓာတ်ပုံ၊ ပန်းချီအနုပညာဖြင့် တင်ဆက်ခြင်း အပြင် ပညာရပ်ရှုထောင့်မှ ပညာရှင်များ နှင့် တက်ကြွလှုပ်ရှားသူများကလည်း ဆွေးနွေးခဲ့ကြသည်။

အဆိုပါပွဲနှင့်စပ်လျဉ်း၍ “ပါဝင်ဆွေးနွေးတဲ့ ပညာရှင်တွေဟာ ပြည်သူကို ကာကွယ်စောင့်ရှောက်တဲ့ ပညာရှင်တွေပါ။ ပြည်သူကို ကာကွယ်စောင့်ရှောက်တဲ့ မူဝါဒ တွေရေးဆွဲဖို့ ပြည်သူ့ဘက်က ရပ်တည်တဲ့ နိုင်ငံရေးသမားတွေလည်း လိုအပ်တယ်။ ဒီပွဲအတွက် ဖိတ်ကြားထားတဲ့ အဖွဲ့အစည်းတွေကလည်း ပြည်သူတွေ လုံခြုံရေး၊ ငြိမ်းချမ်းရေးအတွက် တစ်တပ်တစ်အား ဆောင်ရွက်နေတဲ့အဖွဲ့အစည်းတွေပါ။ ဒီလိုဆုံ စည်းခြင်းအားဖြင့် ကောင်းတဲ့ မူဝါဒတွေပြောင်းလာဖို့ ဘာတွေသိဖို့လိုလဲဆိုတာ ပြန်လည်ဖြန့်ပေးနိုင်ဖို့ မျှော်လင့်ပါတယ်”ဟု ဦးဆောင်သူတစ်ဦးဖြစ်သည့် ဒေါက် တာ ကျော်သူ(ပေါင်းကူး)က ပြောသည်။

အဆိုပါပွဲအား သက်ရှိမြစ်များဟု အမည်မှည့်ခဲ့သူ၊ ဂီတဖြင့် တင် ဆက်ရာတွင် တာဝန်ယူဦးဆောင် သူ၊ တေးရေး မြင့်မိုးအောင်က အခြားတေးရေးဆရာများကဲ့သို့ပင် မိမိ၏လက်ရာများတွင် မြစ်အကြောင်း၊ သဘာဝ ပတ်ဝန်းကျင် အကြောင်းပါဝင်မှု အလွန်နည်းပါးကြောင်း၊ မြန်မာ့လူနေမှုစနစ်နှင့် စီးပွားရေးစနစ်သည် အပျော်အပါးဘက်သို့ တိမ်းစောင်းနေသည်ဟု သံသယဝင်နေကြောင်း၊ နိုင်ငံတကာ မြစ်ကြီးများနေ့တွင် မြစ်များကို ဂုဏ်ပြုအစီအစဉ်တစ်ရပ် လုပ်နိုင် ရန် ကြိုးပမ်းသော်လည်း အခက်အခဲများစွာကြုံရကြောင်း၊ ကောင်း သောအရာအတွက် ကြိုးပမ်းတိုင်း ခက်ခဲနေကြောင်း ပြောသည်။

ကဗျာဆရာများသမဂ္ဂမှ ကဗျာဆရာသစ္စာနီက “လူယောင် ဆောင်တဲ့မြစ်”မော်ဒန်ဝတ္ထုကို ဖတ်ကြားရာတွင် လူသားများကြောင့် ဧရာဝတီမြစ်မှာ အိုမင်း၍ အင်အား ချည့်နဲ့နေပြီး ချူချာနေသဖြင့် သက်တမ်းစေ့နေနိုင် ရေးအတွက် စိုးရိမ်နေရကြောင်း၊ ယင်း၏ စကားသံမှာ မျက်ရည်စီးသံကဲ့သို့ဖြစ်ကြောင်း၊ မြစ်တွင် သောင်ထွန်း နေသဖြင့် ကမ်းနှစ်ဖက်ကို စက်ဘီးဖြတ်စီး၍ ရကြောင်း၊ ဧရာဝတီမြစ်က စားဝတ်နေရေးအတွက် အလုပ် အကျွေးပြုနေကြောင်း၊ မိမိတို့သည် သယံဇာတ ကျိန်စာသင့်နေကြောင်း ဆိုပါသည်။

ပန်းချီဆရာ မြင့်မောင်ကျော်ကလည်း ကမ္ဘာကြီးပူနွေးလာပြီး ပင် လယ်ရေမျက်နှာပြင် မြင့်တက်လာကြောင်း၊ ရေကြီးရေလျှံမှု ပိုများပြားလာသကဲ့သို့ မုန်တိုင်းများသည်လည်း ပိုမိုပြင်းထန်လာကြောင်း၊ ရေပေါ်နှင့် မြေအောက်တွင် ဆားငန်ရေတိုးလာကြောင်း၊ အပြန်အလှန် အမှီသဟဲအထောက်အကူပြုနိုင်မှု ကျဆင်းလာကာ ဇီဝမျိုးစုံ အသက်ရှင်ရန် ခက်ခဲပြီး အချို့မျိုးသုဉ်းလာသဖြင့် ရေတွင်နေသော သတ္တဝါမျိုး စိတ်များနှင့်အတူ ရေနှင့်မနီးမဝေးတွင် လုပ်ကိုင်စားသောက်သော အာရှတိုက်က လူအများစုဘဝကို ဆင်ခြင်မိလာကြောင်း၊ သဘာဝ သယံဇာတ ဖွဲ့စည်းပုံပျက်လာမှုကို တွေးတိုင်းစိတ်မကောင်းဖြစ်ရာက မြစ်ချောင်းအင်းအိုင်များ၏ အလှ၊ ဘဝ၊ ဝိညာဉ်ကို မိမိ၏ မိသားစုဘဝကဲ့သို့ တွေးဆရေးဖွဲ့ကြောင်း ပြောသည်။

ပွဲစီစဉ်သူ ကိုမြင့်ဇော်က “သံလွင် ၂၀၁၅”နှင့် “ဧရာဝတီ၊ ချင်းတွင်း ၂၀၁၅”စာအုပ်များကို မိတ်ဆက်ရာတွင် “၂၀၁၅ ဆိုတာ ကို အလေးအနက် ပြုချင်ပါတယ်။ မြစ်ဆုံရေကာတာတည်ဆောက်မှု ရပ်တန့်ထားတဲ့ နောက်ဆုံးနှစ်ပါ။ မြစ်ဆုံသာမက သံလွင်နဲ့ အခြားမြစ်တွေကိုလည်း စောင့်ကြည့်ရမှာပါ။ နှစ်အလိုက် အသစ်သိလာတဲ့ အခြေအနေတွေအားလုံးကို ထုတ်ဖော်နိုင်ဖို့ မျှော်မှန်းပါတယ်။ ပညာရှင်တွေရဲ့ သုံးသပ်ချက်၊ ဒေသခံတွေရဲ့အသံ၊ စီမံအုပ်ချုပ်သူတွေရဲ့ အားနည်းချက်လည်းပါပါတယ်။ မြစ်ထဲ စီးဆင်းတဲ့ အဆိပ် အတောက်တွေကိုလည်း သိပ္ပံနည်းကျ အချက်အလက်တွေနဲ့ တင်ပြထားပါတယ်။ သံလွင်မြစ်ကို တိုင်းရင်း သားအများစု မှီတင်း နေထိုင်ပါတယ်။ ရာသီဥတုပြောင်းလဲပြီး ရေရှားပါးလာတဲ့ ဒီနေ့ခေတ်မှာ သံလွင်မြစ်က ရေကို ထိုင်းနိုင်ငံထဲ သယ်ယူမယ်ဆိုပြီးတော့ ပြော နေကြတဲ့ နည်းပညာ၊ အချက်အလက်၊ ဖြစ်နိုင်ခြေ၊ ကြိုသိထားသင့် တာတွေပါပါတယ်”ဟူ၍ စာအုပ် တွင် ဖော်ပြပါရှိချက်များကို ပြောသည်။

“ဂီတဉ္ဇလီ”နှင့် ယှဉ်တွဲပြသထားသော မြင့်မိုးအောင်၏ “မျှော်လင့်ချက်ကမ်းခြေ”ကဗျာတွင် မိမိတွင် ခိုနားစရာမရှိသကဲ့သို့ ကြေကွဲခြင်းကို နှစ်သိမ့်မည့် စကားသံကို ရှာမတွေ့ခဲ့ကြောင်း၊ ပျော်ရွှင်ငြိမ်း ချမ်းခြင်းတို့ ပေါင်းစပ်ရန် ဧရာ ဝတီမြစ် ဆက်လက် စီးဆင်းစေ လိုကြောင်း ရေးဖွဲ့ထားသည်။ “မြစ်၏ အပေးအယူ သံသရာ”သည် ဆိုးကျိုးများ၊ ပဋိပက္ခများကို တွက်ဆ၍ သယံဇာတ ကျိန်စာသင့်နိုင်သောအခြေအနေတွင် သယံ ဇာတထုတ်ယူခြင်း မပြုခြင်းက နိုင်ငံအကျိုးကို ပိုဖြစ်စေကြောင်း ဆိုသည်။

အဆိုပါပွဲကို သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ပညာရှင် ဦးမြင့်ဇော်၊ ဒီဇိုင်း မြင့်မောင်ကျော်၊ တေးရေး မြင့်မိုးအောင်တို့က ဦးဆောင်စီစဉ်ခဲ့ခြင်းဖြစ်ပြီး ဧရာဝတီ၊ ချင်းတွင်းမြစ်၊ သံလွင်မြစ် ကာကွယ်ရေး အဆိုပါလှုပ်ရှားမှုကို ၂၀ဝ၉ ခုနှစ်မှစ၍ အမည်ကွဲများဖြင့် နှစ်စဉ်ကျင်းပခဲ့သည်။

ဝ၅၅

Leave a Reply

Your email address will not be published. Required fields are marked *