ပညာတတ်၍ အတွေးအခေါ်မြင့်မားသော လူငယ်များဖြစ်လာရန် ကူညီသွားမည် အမေရိကန်စင်တာအသစ်တွင် သင်တန်းသစ်များ ဖွင့်လှစ်သင်ကြားပေးရန် စီစဉ်လျက်ရှိ

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၅

အမေရိကန်စင်တာသည် ယဉ်ကျေးမှု၊ ပညာရေးနှင့် လိုအပ်သည့် သတင်းအချက်အလက်များကို ပံ့ပိုးပေးသည့် နေရာတစ်ခုဖြစ်ပြီး အထူးသဖြင့် ယုတ္တိဗေဒကျနစွာ တွေးခေါ်မှုနှင့် ဒီမိုကရေစီဆိုင်ရာ တွေးခေါ်မှုများကို မြှင့်တင် ပေးသည့် နေရာတစ်ခုဖြစ်သည်ဟု မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး ဒဲရစ်မစ်ချယ်က ဖေဖော်ဝါရီလ ၂၅ ရက် နံနက်ပိုင်းတွင် ရန်ကုန်မြို့ အင်းလျားလမ်းနှင့် တက္ကသိုလ်ရိပ်သာ လမ်းထောင့်၌ ပြုလုပ်သော အမေရိကန်စင်တာအသစ် ပန္နက်တင်အခမ်းအနား၌ ပြောကြားသည်။

ဒဲရစ်မစ်ချယ်က မိမိတို့အနေဖြင့် မြန်မာနိုင်ငံတွင် အပြုသဘောဆောင်သည့် ပညာတတ်များပေါ် ထွက်ပွားများ လာရန် ဆယ်စုနှစ်နှင့်ချီ၍ တစ်တပ်တစ်အား ကူညီနိုင်ခဲ့ခြင်းအပေါ် ဂုဏ်ယူဝမ်းမြောက်မိသကဲ့သို့ နှစ်နိုင်ငံ ပူးတွဲဆက်ဆံမှုမှတစ်ဆင့် တတ်နိုင်သည့်အကူ အညီပေးရေးလုပ်ငန်းစဉ်ကို နောင်လာမည့်နှစ်ပေါင်းများစွာ အဓွန့်ရှည်တည်တံ့ရေးအတွက် ယခုနေရာတွင် အဓိဋ္ဌာန်ပြုပါကြောင်း၊ မြန်မာနိုင်ငံ၌ အမေရိကန်စင်တာသည် ၁၉၄၉ ခုနှစ်တွင် စာကြည့်တိုက်အနေဖြင့် စတင်ခဲ့ကြောင်း၊ ထို့နောက် သံရုံးဟောင်းနေရာသို့ ၁၉၆၆ ခုနှစ်တွင် ပြောင်းရွှေ့ခဲ့ပြီး ကုန်သည်လမ်းသို့ ၁၉၈၂ ခုနှစ်တွင် ပြောင်းရွှေ့ခဲ့ကြောင်း၊ ၄င်းမှ လက်ရှိတည်ရှိနေသည့် နေရာသို့ ၁၉၉၁ ခုနှစ်တွင် ပြောင်းရွှေ့ဖွင့်လှစ်ခဲ့ကြောင်း၊ အမေရိကန်စင်တာသည် မန္တလေးမြို့တွင်လည်း တည်ရှိကြောင်း၊ ထို့ပြင် နိုင်ငံတွင် ပညာတတ်၍ အတွေးအခေါ်မြင့်မားသည့် လူငယ်များဖြစ်စေရန် ယခင်က ပံ့ပိုးကူညီပေးသကဲ့သို့ ဆက်လက်၍ အကူအညီပေးဦးမည်ဖြစ်သဖြင့် ယခုနေရာသည် ယင်းကို အထောက်အကူပြုမည့် နေရာတစ်ခု ဖြစ်လာ မည်ဖြစ်ကြောင်း ပြောကြားသည်။

အဆိုပါ ပန္နက်တင်အခမ်းအနား သို့ တက်ရောက်ခဲ့သည့် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန၊ နိုင်ငံတကာ သတင်းအချက်အလက်ပရို ဂရမ်၊ အကြီးတန်း ဒုတိယပေါင်းစပ် ညှိနှိုင်းရေးမှူး ဂျင်းန်းမိန်းစ်ကလည်း မြန်မာနိုင်ငံရှိ အမေရိကန်စင်တာသည် ကမ္ဘာပေါ်ရှိ အမေရိကန်စင်တာပေါင်း ၇၀ဝ ကျော်အနက် လာရောက်လည်ပတ်သူ ဧည့်သည်အများဆုံးစင်တာတစ်ခုဖြစ် ကြောင်း၊ ယခုတည်ဆောက်မည့် အမေရိကန် စင်တာ၏ ဒီဇိုင်းပုံစံသည် နောင်နှစ်ပေါင်းများစွာအကြာတွင် လာရောက်လည်ပတ်ကြမည့်သူများ၏ စိတ်ကူးနှလုံးသားကို ဖမ်းယူနိုင်မည်ဟု ထင်မြင်မိကြောင်း၊ ယခုတည် ဆောက်မည့်စင်တာတွင် နောက်ဆုံးပေါ် နည်းပညာများ ပါဝင်မည်ဖြစ်ကာ သင်တန်းသစ်များလည်း ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ကြောင်း၊ မန္တလေးရှိ စင်တာနှင့် အဓိကကျသည့် ပေါင်းကူးမှုတစ်ခု ဆောင်ရွက်ပေး မည်ဖြစ်ကြောင်း၊ ယခုစင်တာသည် အမေရိကန် အစိုးရ၏ အများဆုံးသော ရင်းနှီးမြှုပ်နှံမှု တစ်ခုဖြစ်ကြောင်း၊ လက်ရှိအမေရိကန်နိုင်ငံနှင့် လက်ရှိ မြန်မာနိုင်ငံ၏အကြားတွင် အရေးပါသည့် ပေါင်းကူးတစ်ခုအဖြစ် ဆောင် ရွက်ပေးလိမ့်မည်ဖြစ်ကြောင်း ပြောကြားသည်။ အဆိုပါ အမေရိကန်စင်တာ အသစ်တည်ဆောက်ရန် အမေရိကန်ဆောက်လုပ်ရေးလုပ်ငန်း Enviro Management & Research, Inc. (EMR) က ဆောင်ရွက်မည်ဖြစ်ပြီး ယင်းကိုကူညီရန် ပြည်တွင်းဆောက်လုပ်ရေး ကုမ္ပဏီတစ်ခုကို EMR က ရွေးချယ်မည်ဖြစ်သည်။ ထိုအဆောက်အအုံ ဆောက်လုပ်ရန် ရင်းနှီးမြှုပ်နှံမှု ကုန်ကျစရိတ်ပမာဏကို အတိအကျထုတ်ဖော်ပြောကြားခြင်း မရှိသေးကြောင်း၊ အမေရိကန်စင်တာသစ် ဆောက်လုပ်မည့်မြေနေရာကို လွန်ခဲ့သည့် နှစ်ပေါင်းများစွာကပင် အမေရိကန်အစိုးရက ဝယ်ယူထားခဲ့ကြောင်း၊ ကမ္ဘာတစ်ဝန်းတွင် အမေရိကန်စင်တာပေါင်း ၇၀ဝ ကျော်ရှိပြီး မြန်မာနိုင်ငံတွင် အသစ်ဆောက်မည့် စင်တာ၌ ဒစ်ဂျစ်တယ်ပလက်ဖောင်းကို ဦးစားပေး၍ နောက်ဆုံး နည်းပညာများနှင့် ဆောက်လုပ်မည်ဖြစ်ပြီး စီမံကိန်းကာလကို ၂၅ လ သတ်မှတ်ထားကြောင်း သိရသည်။

ဝ၅၄

Leave a Reply

Your email address will not be published. Required fields are marked *