ရိုးသားစွာ အဖြေရှာကြပါ

နိုင်ငံရေးယဉ်ကျေးမှုသစ်ဖြစ်သည့် တွေ့ဆုံဆွေးနွေးအဖြေရှာရေးကို နိုင်ငံ့အရေးဖြေရှင်းရန် အသုံးပြုအပ်သည့် တစ်ခုတည်းသော နည်းလမ်းအဖြစ် အစိုးရနှင့် လွှတ်တော်ကပါ သုံးစွဲလာပြီဟု အမျိုးသားပညာရေးဥပဒေ ဆိုင်ရာကိစ္စတွင် သုံးသပ်ခဲ့ဖြစ်သည်။ သို့သော် လူကြီးလူကောင်းတို့၏ ကတိကဝတ်ကို လူကြီးလူကောင်း မပီသသူများက မတည်နိုင်ခဲ့ကြပေ။ လေးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးပွဲတွင် မူအားဖြင့် သဘောတူသည်ဟု ဆိုခဲ့သော်လည်း လွှတ်တော်သို့ ပြင် ဆင်ရေးဥပဒေမူကြမ်းကို တင်ပို့ထားစဉ်မှာပင် အစိုးရဘက်က နည်း ပရိယာယ်များစွာဖြင့် လူကြီးလူကောင်းကတိကဝတ်ကို ဖောက်ဖျက် ခဲ့လေသည်။

အထူးသဖြင့် ပြည်သူ့ဝန်ဆောင်မှုမီဒီယာဟု အခေါ်ခံချင်နေသော အစိုးရသတင်းစာများတွင် လေးပွင့်ဆိုင် သဘောတူထားသော ပြင်ဆင်ရေးဥပဒေမူကြမ်းပါ အချက်အလက်များကို ဖော်ပြရာတွင် အစိုးရအာဘော်နှင့် ကိုက်ညီသည်များကိုသာ ကွက်၍ ဖော်ပြခြင်း၊ မကိုက်ညီသည်များကို ချန်လှပ်ဖော်ပြခြင်းတို့ဖြင့် အများပြည်သူ လူထုအား ဝါဒဖြန့်လှည့်စားရန် ကြိုးပမ်းခဲ့သည်။ ထို့ပြင် ပုဂ္ဂလိကပညာရှင်များက ရေးသားပေးပို့သည်ဟု အထင်ရောက်စေသော သဘောထားမှတ်ချက်ဆောင်းပါးများကို စဉ်ဆက်မပြတ်ဖော်ပြလာခဲ့ရာတွင်လည်း အစိုးရအာဘော်ကို ထောက်ခံသော၊ ကျောင်းသားများနှင့် NNER ကို ဝေဖန်ပြစ်တင်သော ဆောင်းပါးများကိုသာ တစ်ဖက်သတ်ဖော်ပြခဲ့သည်။ ထိုမျှမကသေး၊ ဆိုရှယ်မီဒီယာဖြစ်သော ဖေ့စ်ဘွတ်ခ်တွင် ကျောင်းသားခေါင်း ဆောင်များအား ပုဂ္ဂိုလ်ရေးအပုပ်ချထားသော၊ မည်သည့်ခိုင်လုံသည့်အထောက်အထားတစ်ခုမျှ မပါဝင်သော စွပ်စွဲထိုးနှက်ချက်များလည်း အုံနှင့်ကျင်းနှင့် ပေါ်ထွက်ခဲ့ရာ ယင်းကို အစိုးရက လျစ်လျူရှုခဲ့ပြန်သည်။ (လတ်တလောဖြစ်ပွားနေသော တိုက်ပွဲများနှင့်ပတ်သက်သည့် တစ်ဖက်သတ်သရော်လှောင်ပြောင်ထားသော ဓာတ်ပုံတစ်ပုံကို ဖေ့စ်ဘွတ်ခ်တွင် မျှဝေမိသည့် သတင်းသမားတစ်ဦးကိုမူ ခေါ်ယူစစ်ဆေးမေးမြန်းသည်ထိ အရေးတယူ လုပ်နိုင်ခဲ့ရာ အစိုးရအနေဖြင့် ကိုယ့်ထိမှ အရေးယူမည်၊ မည်သူ့ကို ထိထိဂရုစိုက်စရာမလို၊ နိုင်ငံသားများ၏ သတင်းမှားဖြန့်ချိမှုကို အရေးယူရန် မတွေးတတ်ဟူသည့် မူဝါဒသာရှိကြောင်း ဝန်ခံရာ ရောက်နေပေသည်။)

ထိုသို့ တစ်နိုင်ငံလုံးအတိုင်းအတာနှင့် သတင်းစာမျက်နှာ လက်ဝါးကြီးအုပ်ထားနိုင်သည့် အခွင့်အရေးကို လွဲမှားစွာအသုံးချတတ် သည့်ဉာဉ်သည် မိမိ၏ လူကြီးလူကောင်းပုံရိပ်ကို ထိခိုက်နိုင်သည် သာ ဖြစ်ပါသည်။ သို့သော် ထိုသို့ မတွေးဘဲ သည်အခွင့်အရေးအပေါ် သာယာတပ်မက်စွာ ဆက်လက်သုံးစွဲပြီး မိမိနှင့် သဘောထားမတူသူများအား တစ်ဖက်သတ် အနိုင်ရရန် လက်နက်ပုန်းအဖြစ် အသုံးချ ခြင်းသည် လွန်စွာမှားယွင်းသောအပြုအမူသာ ဖြစ်ပေသည်။ ထိုသို့ ပြုမူခြင်းကြောင့် ရှေ့မှာ ပေးခဲ့သော ကတိကဝတ်များမှာ အယောင်ဆောင်သာဖြစ်ပြီး နိုင်ငံ့အရေးကို ပြေလည်အောင် တွေ့ဆုံဆွေးနွေး ခြင်းဖြင့် အဖြေရှာလိုခြင်း မဟုတ်ဘဲ မရိုးသားသည့်စိတ်အခံအတိုင်း အစမှာ ပြေလည်သလို ဖြေရှင်းပြီး ခလယ်ကျမှ လက်သီးပုန်း ထထိုးကာ အဆုံးမှာ ထုံးစံအတိုင်း ဝုန်းလိုက်မည်ဟု တွေးကြံကျင့် မကုန်သေးကြောင်း ဝန်ခံရာသာ ရောက်သွားရပေသည်။

စင်စစ် ကျောင်းသားများဘက်မှ သပိတ်လမ်းကြောင်းသုံးခု ရပ်နားခဲ့သော်လည်း ပင်မသပိတ်လမ်းကြောင်းက မတ်လ ၂ ရက်နေ့တွင် ပြန်ထွက်မည်ဟု ဆုံးဖြတ်ခဲ့ခြင်းမှာ ထိုသို့လူကြီးလူကောင်း ကတိကဝတ်ကို မတည်နိုင်ခဲ့ခြင်းကြောင့်လည်း ဖြစ်ပေမည်။ လွှတ်တော်ထဲမှာ နိုင်ငံရေးယဉ်ကျေးမှုဟောင်းဖြစ်သည့် လက်နက်အားကိုး အကြမ်းဖက်နှိမ်နင်းခြင်းကိုသာ ဆောင်ရွက်တတ်သော ကိုယ်စားလှယ်များက အများစုဖြစ်နေသဖြင့် ပြင်ဆင်ရေးဥပဒေမူကြမ်းကို ဆွေး နွေးသည့်အခါ ရလဒ်မှာ မည်သို့ထွက်လာနိုင်သည်ဟု တွေးဆနိုင်နေသည်။ ထို့ကြောင့် ကျောင်းသားများဘက်ကလည်း သပိတ်ဖိအားကိုမှ မသုံးလျှင် ရလဒ်ကောင်း မထွက်နိုင်ဟု ယူဆကာ လမ်းပေါ် ပြန်တက်ရန် ဆုံးဖြတ်ရခြင်း ဖြစ်ပေမည်။ ထိုအခါ ရှေးနည်းအတိုင်း အင်အားသုံးဖြိုခွင်းရန် အစိုးရက ဆုံးဖြတ်လာပြန်သည်။ ထိုသို့ မုန့်လုံးစက္ကူကပ်သည့်နှယ် လုံးလည် ချာလည်ဖြစ်လာသော ဆောင် ရွက်မှုများက နိုင်ငံ့ပြဿနာများကို ဖြေရှင်းနိုင်မည် မဟုတ်ပါ။

ရိုးသားမှုအပြည့်ဖြင့် တွေ့ဆုံဆွေးနွေးအဖြေရှာခြင်းသည်သာ တစ်ခုတည်းသော ဖြေရှင်းနည်းအဖြစ် အစိုးရရော ကျောင်းသားနှင့် လူထုကပါ လက်ခံကျင့်သုံးမှု မရှိသေးသမျှ နိုင်ငံ့ပုံရိပ်သည် မှေး မှိန်နေဦးမည်ကို သက်ဆိုင်သူ အားလုံး သတိချပ်နိုင်ကြပါစေကြောင်း အသိပေးအပ်ပါသည်။

နိုင်ငံသားတို့အသံကို လွတ်လပ်စွာ ပဲ့တင်ထပ်စေမည်။

အယ်ဒီတာ

Leave a Reply

Your email address will not be published. Required fields are marked *