ဒုတိယပတ်ပြသဆဲ Fifty Shades of Grey ဇာတ်ကား ဝင်ငွေသိသာစွာ ကျဆင်းသွားသော်လည်း နံပါတ် ‘တစ်’ စွဲနေဆဲ

ဖေဖော်ဝါရီ ၂၀

ယခုသီတင်းပတ် ဇာတ်ကားသစ် ရုံတင်ရက် သောကြာနေ့ (ဖေဖော်ဝါရီလ ၂၀ ရက်) တွင် ဒုတိယမြောက် သီတင်းပတ်အဖြစ် ဆက်လက်ပြသခဲ့သော Fifty Shades of Grey ဇာတ်ကားက ပထမ သီတင်းပတ် ဝင်ငွေစံချိန်ထက် ၇၀% လျော့ကျကာ အမေရိကန်ဒေါ်လာ ၇.၈ သန်းသာ ရရှိခဲ့သော်လည်း ယခုသီတင်းပတ်၏ ရုံတင်ရက်ဝင်ငွေအကောင်းဆုံးဇာတ်ကားအဖြစ် ရပ်တည်နိုင်ခဲ့သည်။ သီတင်းပတ်ကုန်ရက်မှာ အော်စကာဆုပေးပွဲနှင့် တိုက်ဆိုင်နေသော်လည်း ဝင်ငွေဒေါ်လာ ၂၄.၃ သန်း အထိ ရရှိရန် မျှော်မှန်းထားကာ မှန်းဆချက်ပြည့်မီပါက ပြည်တွင်းဝင်ငွေပေါင်း ဒေါ်လာ ၁၃၁.၂ သန်းအထိ ရရှိနိုင်မည်ဖြစ်သည်။

နိုင်ငံတကာဈေးကွက်မှ ဝင်ငွေ ဒေါ်လာ ၂၀၉ သန်းကိုပါ ရရှိထားသဖြင့် ကမ္ဘာအရပ်ရပ် ဝင်ငွေပေါင်း ဒေါ်လာ သန်းသုံးရာ ကျော် ရရှိနေပြီဖြစ်သော Fifty Shades of Grey ဇာတ်ကား၏ မူရင်းဝတ္ထုရေးဆရာ E.L James က သုံးအုပ်တွဲဇာတ်လမ်းအဖြစ် ရေးသားထားသည်ဖြစ်ရာ ထုတ်လုပ်သူ Universal ရုပ်ရှင်လုပ်ငန်းက ထပ်မံရိုက်ကူးမည့် Fifty Shades ဇာတ်ကားများ အစီအစဉ်ကို ထုတ်ပြန်ကြေညာပေးခဲ့သည်။

ယခုသီတင်းပတ် ရုံတင်ရက်၏ ဒုတိယမြောက် ဝင်ငွေအကောင်းဆုံး ဇာတ်ကားဖြစ်သော ဒါရိုက်တာ Matthew Vaughn ၏ Kingsman အမည်ရဇာတ်ကားမှာလည်း ပြသဆဲဇာတ်ကားဖြစ်ကာ ပထမသီတင်းပတ် ဝင်ငွေထက် ၅၀ % လျော့ကျ ကာ ဝင်ငွေဒေါ်လာ ၅.၃ သန်းကိုသာ ထုတ်လုပ်သူ Fox ရုပ်ရှင်ကုမ္ပဏီအတွက် ရှာဖွေပေး နိုင်ခဲ့သည်။ Kingsman သည် ပြည်တွင်းဝင်ငွေပေါင်း ဒေါ်လာ ၆၇.၆ သန်းမျှ ရရှိပြီဖြစ်သည်။

Paramount ရုပ်ရှင်၏ ပြသဆဲ ဇာတ်ကားဖြစ်သော Sponge Bob ဇာတ်ကားက တတိယမြောက် သီတင်းပတ် ကုန်ရက်တွင်း ဝင်ငွေ ဒေါ်လာ ၁၆ သန်းမှ ၁၇ သန်းအထိ ရရှိကာ ယခုသီတင်းပတ်၏ တတိယမြောက် ဝင်ငွေအကောင်းဆုံးဇာတ်ကား ဖြစ်လာမည်ဖြစ်သည်။ Sponge Bob သည် သီတင်းပတ်ကုန် ရက်အပြီးတွင် ပြည်တွင်းဝင်ငွေ ဒေါ်လာ ၁၂၆ သန်းအထိ ရရှိနိုင်မည်ဖြစ်သည်။

CBS ရုပ်ရှင်နှင့် Lionsgate ကုမ္ပဏီတို့၏ လူငယ်ဟာသဇာတ်ကား The DUFF က သောကြာနေ့ ရုံတင်ရက် ဝင်ငွေ ဒေါ်လာ ၄.၃ သန်းသာ ရရှိကာ မျှော်မှန်းထားသလောက် ခရီးမပေါက်ခဲ့ပေ။ ကျောင်းသား အားကစားလောကကို နောက်ခံထားပြီး မင်းသားကြီး Kevin Costner ပါဝင်သရုပ်ဆောင် ထားသော Mc Farland အမည်ရဇာတ်ကားက သောကြာနေ့ ရုံတင်ရက် ဝင်ငွေဒေါ်လာ ၃.၆ သန်း ရရှိခဲ့သည်။

Mc Farland ကို Disney ရုပ်ရှင်လုပ်ငန်းက ထုတ်လုပ်တင်ဆက်ထားခြင်းဖြစ်ကာ ဒါရိုက်တာ Niki Caro က ရိုက်ကူးပေးထားပြီး သရုပ်ဆောင်များအဖြစ် Kevin Costner, Carlos Pratts, Valente Rodriguez, Maria Bello ESihfMorgan Saylor တို့ ပါဝင်သရုပ်ဆောင်ပေးထားကြသည်။

ဝ၂၇၊ The Hollywood Reporter

Leave a Reply

Your email address will not be published.