“နဂါးအဆိပ်ငွေ့သင့်သည့် နေကြတ်မည့်ဖြစ်စဉ်မှ မြန်မာ့နိုင်ငံရေးပဲ့တင်သံများ”

၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ ကျင်းပရန် အချိန်ကားတဖြည်းဖြည်း နီးကပ်လာပြီဖြစ်သည်။ မြန်မာ့နိုင်ငံရေးတွင် အစိုးရအနေဖြင့် ရှိရင်းစွဲနိုင်ငံရေး စိန်ခေါ်မှုများနှင့်အတူ စိန်ခေါ်မှုအသစ်များကို သတိကြီးကြီးထားပြီး ကျော်ဖြတ်ရန် လိုအပ်သောကာလ ဖြစ်နေကြောင်း အာကာသကောင်းကင်ရှိ ဂြိုဟ်၊နက္ခတ်များမှ ကြိုတင်နိမိတ်ပြဆိုထားသည်။ ၂၀၁၅ ခု မတ်လတွင် နိုင်ငံတော် ဇာတာ၏ အရေးပါသော ကံကြမ္မာများပေါ်သို့ နေကြတ်မည့်ဖြစ်စဉ်နှင့်အတူ သတိထားစောင့်ကြည့်ရမည့်ကာလဖြစ်သည်။

စန္ဒြမာန မမ္မသနှစ်၏ အရုဏ်ဦး နေကြတ်ဖြစ်စဉ်နှင့် မြန်မာ့နိုင်ငံရေး

၂၀၁၅ ခုတွင် နေကြတ် ၂ ကြိမ်၊ လကြတ် ၂ ကြိမ်ဖြစ်ပေါ်နိုင်ကြောင်း နက္ခတ္တဝေဒပညာရှင်များက ကြိုတင် တွက်ချက် ခဲ့ကြသည်။ ၂၀၁၅ ခု နေကြတ် လကြတ်ဖြစ်စဉ်သည် ၁၈ နှစ် လျှင်တစ်ကြိမ်သာ ကြုံတွေ့နိုင်ပြီး နိုင်ငံတော်ဇာတာ၏ ဥပဒေ ပြုပြင်ရေး၊ ပြဋ္ဌာန်းရေး၊ ကျောင်းသားလူငယ်များ၏ ပညာရေးကဏ္ဍများ အုပ်စိုးရာဘာဝများကို ကောင်းကျိုးဆိုးပြစ်များ ဖြစ် ပေါ်နိုင်သည်။ နိုင်ငံ၏ အရှေ့မြောက်ပိုင်းနယ်စပ်ဒေသများ၊ အနောက်ဘက် ပင်လယ်ကမ်းရိုးတန်းနယ်စပ်ဒေသများ၏ လုံခြုံရေးကို ထိခိုက်နိုင်သည့် ပဋိပက္ခများ ဖြစ်ပေါ်နိုင်သကဲ့သို့ နိုင်ငံအလယ်ပိုင်းဒေသများတွင် နိုင်ငံရေးစိန်ခေါ်မှုအသစ်များ ဖြစ်ပေါ်လာနိုင်ကြောင်း ရာဟု(အမှောင်ဂြိုဟ်) လွှမ်းမိုးလာမည့် မတ်လ အာကာသကောင်းကင်မှ နိမိတ်ပြဆိုထားသည်။

နဂါးအဆိပ်ငွေ့သင့်သော နေအပြည့် ကြတ်မည့် မတ်လကုန်

နဂါး၏ ဦးခေါင်းနှင့်တူသော ရာဟုဂြိုဟ်(အမှောင်ဂြိုဟ်)သည် နေကို အပြည့်အဝ အမှောင်ကျမည့် နေသဗ္ဗ (အပြည့်) ကြတ်ဖြစ်စဉ်ကို ၂၀၁၅ ခု မတ်လ ၂၀ ရက် မြန်မာစံတော်ချိန် ညနေ ၄ နာရီ ၆ မိနစ် ၅၆ စက္ကန့် အချိန်တွင် အာကာသ ကောင်းကင်တွင် ဖြစ်ပေါ်မည်။ ဥရောပ၊ အိုက်စလန်၊ အာရှတိုက်မြောက်ဘက်ဒေသများတွင် တွေ့မြင်ရမည်ဖြစ်ပြီး မြန်မာနိုင်ငံမှ မမြင်နိုင်ပါ။

၂၀၁၅ ခု မတ်လ ထူးခြားမည့် နိုင်ငံရေးဖြစ်စဉ်များ

အမျိုးသားပညာရေးဥပဒေပြင်ဆင်ရေးအတွက် နိုင်ငံလုံးဆိုင်ရာကွန်ရက်နှင့် ပညာရေးဝန်ကြီးဌာနမှ တင်ပြထားသော အမျိုးသားပညာရေးဥပဒေကို လွှတ်တော်မှ မတ်လလယ်မှ ဧပြီလဆန်းအတွင်း အတိုင်းအတာတစ်ခုအထိ အတည်ပြု ပြဋ္ဌာန်းနိုင်လာမည်။ သို့ရာတွင် အဖုအထစ်အကျပ်အတည်းများကား ရှိနေဦးမည်ဖြစ်သည်။

မြန်မာနိုင်ငံ အရှေ့မြောက်နယ်စပ်တွင် ဖေဖော်ဝါရီ ၉ ရက်မှစ၍ မြန်မာ့တပ်မတော်နှင့် ကိုးကန့်တိမ်းရှောင်တပ်ဖွဲ့များ တိုက်ပွဲများဖြစ်ပွားလျက်ရှိရာ အင်္ဂါဂြိုဟ်အမြင်အရ မတ် ၁၅ ရက်အထိ တိုက်ပွဲများ ဖြစ်ပွားမှုများ ရှိနိုင်သော်လည်း မတ် ၁၆ ရက်မှ ဧပြီ ၁၄ ရက်အတွင်း မြန်မာ့တပ်မတော်က မီးကို ရေနှင့်ငြှိမ်းသတ်နိုင်သကဲ့သို့ အေးချမ်းတည်ငြိမ်မှု ရှိလာနိုင်မည်။

ထို့အတူ နိုင်ငံ၏အနောက်ဘက်ဒေသ ရခိုင်ပြည်နယ်အတွင်း နေကြတ်ဝန်းကျင်ကာလတွင် ရခိုင်ဒေသခံများနှင့် ဒုက္ခသည် စခန်းမှ ဘင်္ဂါလီများ၏ ကောလာဟလများ၊ ပဋိပက္ခများ ဖြစ်ပေါ်နိုင်ခြေရှိပြီး ပင်လယ်ကမ်းရိုးတန်း ဒေသလုံခြုံရေးကို ယခင် ကာလများထက် ဂရုပြုရန်လိုအပ်ကြောင်း နိုင်ငံတော်ဇာတာ၏ ပင်လယ်ကမ်းစပ်ပြည်နယ်များကို နေကြတ်မည့် ဖြစ်စဉ်က ကြိုတင်နိမိတ်ပြဆိုထားသည်။

ထင်ပေါ်ကျော်ကြားသူ အနုပညာရှင်များ သတိပြုရမည့်မတ်လ

မတ်လတွင် အာကာသကောင်းကင်၌ ထူးခြားသောဂြိုဟ်၊ နက္ခတ်များ၏ဖြစ်စဉ်ကြောင့် ထင်ပေါ်ကျော်ကြားသော အနုပညာ ရှင်များအတွက် ကောင်းကျိုးထက် ဆိုးပြစ်များ ပိုနိုင်သော ကာလဖြစ်ပြီး စာပေ၊ အနုပညာရှင်များထဲမှ အမျိုးသားတစ်ဦး၏ သတင်းဆိုးများ ထွက်ပေါ်လာနိုင်သည်။ စာပေ၊ စာနယ်ဇင်း၊ မီဒီယာကဏ္ဍတွင် အစိုးရနှင့်ပတ်သက်သော မူဝါဒများကို တိကျစွာ စွဲကိုင်ထားမှုကြောင့် အမြင်မတူညီမှုများစွာ ဖြစ်ပေါ်လာနိုင်သည်။ ထင်ရှားသော အနုပညာ ငွေကြယ်ပွင့် အမျိုးသား တစ်ဦး ကြွေလွင့်နိုင်သကဲ့သို့ နိုင်ငံရေးထိပ်တန်းခေါင်းဆောင်ဟောင်းကြီးတစ်ဦး၏ ကျန်းမာရေးဆိုးဝါးသည့်သတင်းများ ထွက်ပေါ်လာတတ်သည်။

မတ်လ၏ မြန်မာနိုင်ငံမိုးလေဝသဖြစ်စဉ်

မတ်လတွင်ဖြစ်ပွားမည့် နေကြတ်ဖြစ်စဉ်များကြောင့် ယခုနှစ် နွေရာသီတွင် သာမာန်နှစ်များထက် အပူချိန် ပိုနိုင်သည်။ ပူပြင်းသော ရာသီဥတုကြောင့် ပင်လယ်ကမ်းခြေတွင်နေထိုင်သူများ အသက်မွေးဝမ်းကြောင်းမှု အခက်အခဲရှိလာနိုင်ပြီး ရေနှင့်ရေထွက် ကုန်ပစ္စည်းများ ရှားပါးနိုင်သည်။ တိမ်များ ထုထည်ကြီးမားစွာ ရှိလာနိုင်သော်လည်း မိုးများစွာ ရွာသွန်း လိမ့်မည်မဟုတ်ဟု အင်္ဂါဂြိုဟ်စိုးမိုးသောနှစ်ဖြစ်သော ၂၀၁၅ ခုနှစ် မိုးလေဝသဖြစ်စဉ်ကို ဗြို့ဟဇ်သံဟိတကျမ်းတွင် ပြဆို ထားသည်။

မတ်လကမ္ဘာ့နိုင်ငံရေး စိန်ခေါ်မှုဖြစ်စဉ်များ

မတ်လတွင် အာကာသကောင်းကင်ရှိ အင်္ဂါဂြိုဟ်၊ ရာဟုဂြိုဟ်တို့၏ ထူးခြားသော အမြင်အယှဉ်များကြောင့် အစ္စလာမ် အစွန်းရောက် အိုင်အက်စ်အကြမ်းဖက်အဖွဲ့က အဖွဲ့ဝင်အသစ်များ စုဆောင်း၍ ဂျာမနီ၊ နော်ဝေ၊ ဆွီဒင်နိုင်ငံများအတွင်းသို့ ထိုးဖောက်ဝင်ရောက်လာနိုင်သည်။ အမေရိကန်သမ္မတနှင့် အိမ်ဖြူတော်လုံခြုံရေးကို အထူးကြပ်မတ်သတိထားရလိမ့်မည်။ ဗြိတိသျှတော်ဝင်မိသားစုအတွင်း အတွင်းရေးပြဿနာများ၊ ပူဆွေးသောကဖြစ်မှုများ ကြုံရတတ်သည်။ အင်္ဂလန်နိုင်ငံနှင့် ဥရောပနိုင်ငံများ ဆက်ဆံရေး တင်းမာလာတတ်သည်။ ဂျာမနီဝန်ကြီးအတွက် ကြီးမားသောနိုင်ငံရေးစိန်ခေါ်မှုများ ဖြစ်လာ နိုင်သည်။

အစကောင်းသော်လည်း အနှောင်းသေချာရန် စေတနာပေါ် တည်မှီ

အချိန်ကာလသည် အချိန်နှင့်အမျှ စက္ကန့်မခြား ပြောင်းလဲနေသောအရာ ဖြစ်သည်။ ဒီမိုကရေစီအခြေခံအုတ်မြစ် မခိုင်မာသေး သော မြန်မာနိုင်ငံတွင် အစပိုင်းကာလကောင်းသော်လည်း အနှောင်းသေချာရန်မှာ တာဝန်ယူလုပ်ကိုင်ဆောင်ရွက်သည့် နိုင်ငံတော်အကြီးအကဲများ၏ စေတနာအပေါ် တည်မှီလိမ့်မည်။

ဆရာဝဏ္ဏ(ဝေဒ)

B.Sc (Maths), H.G.P

မြန်မာနိုင်ငံဝေဒသုတေသနအဖွဲ့

Leave a Reply

Your email address will not be published.