ကိုယ်ပိုင်ဝတ်စုံကို ကိုယ်တိုင်ဖော်ထုတ်တတ်ရန် အရေးကြီးတယ်ဟု ဒီဇိုင်နာ မမီးမီးက ပြောကြား

ကိုယ်ပိုင်ဟန်၊ ကိုယ်ပိုင်ဒီဇိုင်း၊ ကိုယ်ပိုင်စိတ်ကူး၊ ကိုယ်ပိုင်ဖန်တီးမှုကို ပြသသည့် ဝတ်စုံများကို ဒီဇိုင်နာ မမီးမီး (မောင်းမကန် မိသားစု Dress and Making) က ပန်းချီကားတစ်ချပ်သဖွယ် ဖန်တီးသူဖြစ်သည်။ အဓိကအားဖြင့် သူမဖန်တီးသည့် ဝတ်စုံများသည် ခေတ်အဆက်ဆက်မှ အမျိုးသမီးများ၏ အလှတရားကို ပန်းချီဆွဲသလို ရောင်စုံပိတ်စ၊ Accessories   များဖြင့် ဖြတ်၊ ညှပ်၊ ကပ်၍ ဒီဇိုင်းဖော်ခြင်းဖြစ်သည်။ Hand made လက်ရာစစ်စစ်ကို အနုပညာတစ်ခုသဖွယ် တီထွင်နိုင်သူဖြစ် သည်။ ဒီဇိုင်နာမမီးမီးက ကိုယ်ပိုင်ဖက်ရှင်ဒီဇိုင်းများအကြောင်းကို ယခုလိုပြောပြခဲ့သည်။

မေး။     ။ မမီးမီးရဲ့ ဒီဇိုင်းတွေက လူပုံလေးတွေ၊ အရုပ်လေးတွေနဲ့ Hand made ဖန်တီးထားတဲ့ ဒီဇိုင်းတွေများတယ်။ ဒီလိုဖန်တီးဖြစ်တဲ့အကြောင်းလေးတွေ ပြောပြပေးပါ။

ဖြေ။      ။ အစ်မက ငယ်ငယ်လေးကတည်းက ပန်းချီကို ဝါသနာပါတယ်လို့ မိဘတွေက ပြောကြတယ်။ ကျောင်းတုန်းက စာအုပ်တွေမှာ အရုပ်တွေဆွဲလို့ ဆရာမကတောင် ဒဏ်ပေးတာ ခံရဖူးတယ်။ ဗီဇက ငယ်ငယ်ကတည်းက ပါလာတဲ့သဘောပေါ့။ ပြီးတော့ အဖေက ပန်းချီကို လုံးဝအားမပေးဘူး။ ဒီစက်ချုပ်တဲ့အလုပ်ကလည်း မိဘလက်ငုတ်လက်ရင်းအလုပ်ဆိုတော့ သူများကတောင် ပိုက်ဆံပေးပြီး လာသင်နေရတာ။ မသင်ချင်လည်း သင်ရမှာပဲဆိုပြီး အဖေက အတင်းသင်ခိုင်းလို့။ ကြောက်ကြောက်နဲ့ သင်ရတာ။ ဝါသနာမပါဘူး။ ဒါပေမဲ့ ကိုယ်က ကာတွန်းအရုပ်ကလေးတွေကို ဖြတ်၊ ညှပ်၊ ကပ် အမြဲလုပ်နေသူဆိုတော့ အရုပ်တွေကို စာရွက်ပေါ်တင်တာနဲ့ ပိတ်စပေါ်တင်တာပဲ ကွာသွားတာလေ။ လုပ်ရင်းလုပ်ရင်းနဲ့ ကိုယ်ငယ်ငယ်ကလုပ်ခဲ့တဲ့ ကိုယ့်ဝါသနာကအသုံးတည့်သွားတယ်။ အစ်မက RC- 2 မှာ ကျောင်းတက်တုန်းက တစ်နှစ်စာကို ကိုယ့်ဟာကိုယ် ဒီဇိုင်းထွင်ပြီး ချုပ်ဝတ်တာ။ ဝတ်စုံတွေကို သူငယ်ချင်းတွေက ဘယ်မှာ ချုပ်တာလဲလို့ သဘောကျပြီး ဝိုင်းမေးကြတော့ ကိုယ်တိုင်ချုပ်ဝတ်တာကို ဂုဏ်ယူပြီး၊ ယုံကြည်မှုလည်းရှိလာတယ်။ ကျောင်းပိတ်လို့ အိမ်ပြန်ပြီဆိုရင် အဆောင်က သူငယ်ချင်းတွေ အပ်လိုက်တဲ့ အပ်ထည်တွေယူပြီး ပြန်ရတယ်။ သူများတွေက ပိုက်ဆံမှာနေတဲ့အချိန်မှာ ကိုယ်က ပိုက်ဆံအပြည့်ပဲရှိနေတယ်ဆိုတော့ ဒီအကျိုးကို ကိုယ်က လက်တွေ့ခံစားရတယ်။

ကိုယ်တီထွင်ချင်တာ၊ ကိုယ့်စိတ်ထဲက ဝါသနာကိုလည်း ပုံဖော်ခွင့်ရတယ်။ အစ်မ တီထွင်တဲ့ဒီဇိုင်းတွေက ပန်းချီလားဆိုတော့ လည်း ပြောလို့မရဘူး။ မဟုတ်ဘူးလားဆိုတော့လည်း ပြောလို့မရပြန်ဘူး။ ဒီလမ်းပေါ်ကို ကိုယ်ကမလျှောက်ဘဲနဲ့ အဆင်သင့် ရောက်သွားတာပေါ့နော်။ ကိုယ့်ရဲ့ ပန်းချီစိတ်ကူးတွေက Creation လုပ်ရတဲ့အပိုင်းမှာ အားသာလာတယ်။ အင်္ကျီတစ် ထည် ချုပ်လိုက်ရုံနဲ့ မပြီးတော့ဘူး။ Creation ပိုင်းကောင်းလေ လုပ်ရတာ ပိုသွက်လေဆိုတော့ ကိုယ်လုပ်ရတာ အဆင် ပြေလာတယ်။ ကိုယ်လုပ်ချင်တာလေးနဲ့ ထိုးဖောက်ရတာဆိုတော့ ပိုအဆင်ပြေသလိုလည်း ဖြစ်သွားတာပေါ့။

မေး။     ။ မမီးမီးက ဒီဇိုင်းတွေ စပြီးဖန်တီးကတည်းက ဒီလိုအရုပ်ကလေးတွေကို ဖြတ်စ၊ ညှပ်စတွေနဲ့ လုပ်ခဲ့တယ်ဆိုပေမဲ့ အခုလိုနည်းပညာတွေ ပြောင်းလဲလာတဲ့၊ ခေတ်မီနည်းစနစ်တွေ ပြောင်းလဲလာတဲ့ ကာလမှာ ဒီဇိုင်းဖန်တီးမှုတွေ ဘယ်လို ကွာခြားသွားပြီလဲ။

ဖြေ။      ။ ဒီလို Fashion ပြောင်းလဲလာတာကလည်း မြန်မာပြည်ရဲ့ ပြည်တွင်းနိုင်ငံရေးအခြေအနေနဲ့လည်းဆိုင်တယ်။ စီးပွားရေးအခြေအနေနဲ့လည်း သက်ဆိုင်တယ်။ ပြီးတော့ နိုင်ငံတကာအမြင်နဲ့လည်း သက်ဆိုင်တာပဲလေ။ လူတော်တော် များများက သူများတွေရဲ့အဝတ်ကို ဝတ်မှလှတယ်၊ ခေတ်မီတယ်လို့ ထင်နေတာ။ တကယ်တော့မဟုတ်ဘူး။ သူများ အဝတ် တွေကို ကြည့်ပြီး ငါတို့မှာလည်း ငါတို့ကိုယ်ပိုင်ဝတ်စုံရှိတာပဲဆိုပြီး ဖော်ထုတ်တတ်ဖို့ အရေးကြီးပါတယ်။ အစ်မတို့မှာဆိုရင် လေ့လာလို့ကို မကုန်နိုင်ဘူး။ အစ်မတို့နိုင်ငံမှာ တိုင်းရင်းသားတွေ၊ လူမျိုးတွေ၊ ဝတ်စုံတွေ များတယ်။ အဲဒီဝတ်စုံတိုင်းကို အကုန်သေချာမသိသေးဘူး။ ဝတ်စုံတိုင်းမှာလည်း အဓိပ္ပာယ်တွေ အပြည့်ရှိတယ်။ ကိုယ့်နိုင်ငံမှာကိုပဲ တိုင်းရင်းသားဝတ်စုံတွေ ပြောမလား၊ ခေတ်အလိုက်ကို ပြောမလား အများကြီးပြောင်းလဲခဲ့တယ်။ အဲဒီကြားထဲမှာကိုပဲ Antique တွေ ပိုခေတ်စား သလိုပေါ့။ အဲဒီထဲကနေ တစ်ခုပြီးတစ်ခု ဆွဲထုတ်ပြီး ယူတာတောင် ယူလို့ကို မကုန်နိုင်ပါဘူး။ ဒီဇိုင်းတစ်ခုက ဈေးကြီးမှ လှတယ်ဆိုတာကို အစ်မက လက်မခံဘူး။ ကိုယ့်ရဲ့အခြေအနေ ကိုယ်နဲ့လိုက်ဖက်ပြီး ပေါ့ပေါ့ပါးပါးဝတ်မယ်ဆိုရင် ကိုယ်ပိုင် Style ဆိုတာ ဖြစ်လာတာပါပဲ။ အစ်မတို့ မြန်မာတွေက ရုပ်ဆိုးတဲ့ထဲမှာ မပါပါဘူး။ နီဂရိုးတွေတောင်မှ သူတို့ အသားအရေနဲ့ သူတို့ အနေအထားနဲ့တောင် သူတို့ထိုးဖောက်ပြီး ဝတ်တတ်ကြသေးတာပဲ။ အစ်မတို့ မြန်မာတွေကလည်း ကိုယ့်မှာရှိတဲ့ ယဉ်ကျေးမှု၊ ကိုယ့်ရာသီဥတုနဲ့ ကိုယ့်ထွက်ကုန်လေးတွေနဲ့ ဝတ်တတ်တယ်ဆိုရင် လှတယ်ဆိုတာကို အစ်မက ပြချင်တာပါပဲ။ အစ်မကတော့ ဖန်တီးလိုက်တဲ့ ဒီဇိုင်းတွေဟာ Own tune ပဲ ဖြစ်နေရမယ်။

အစ်မတို့ကကျတော့ Customer နဲ့ သွားတဲ့အတွက် ပွဲအလိုက်တော့ ချုပ်ပေးရတာပဲလေ။ ငါဒါပဲ ချုပ်မယ်လို့မရဘူး။ ဂါဝန်တန်ရင် ဂါဝန် ချုပ်ပေးရတယ်။ ဒါပေမဲ့ ကိုယ့်စိတ်ကြိုက်လုပ်ရတော့မယ်ဟေ့ဆိုရင်တော့ မြန်မာဝတ်စုံပဲ အာသီသ ရှိတာပေါ့။ လာချုပ်တဲ့ Customer ကလည်း ဝတ်စုံကို ပိုက်ဆံအကုန်ခံပြီး လာချုပ်မှတော့ လှတယ်လို့ အပြောခံချင်မှာပဲ။ သူလှတယ်ဆိုရင် နောက်ထပ်လူတွေလည်း လာအပ်မှာပဲ။ အင်္ကျီတစ်ထည်ကို ဝတ်တယ်။ ပြီးရင် ပြီးသွားတယ်။ အဲဒါမျိုးကို အစ်မက မလိုချင်ဘူး။

ဝ၁၆

Leave a Reply

Your email address will not be published. Required fields are marked *