ကိုးကန့်ကြမ္မာ အဖြေရှာ

မြန်မာလူမျိုးတို့၏ စိတ်ဓာတ်သည် အရေးကြီးလျှင် သွေးစည်းသည်ဟူသော စိတ်ဓာတ်ဖြစ်ပေသည်။

၂၀၁၄ ခုနှစ် ကုန်ခါနီးမှစ၍ ၂၀၁၅ ခုနှစ်အကူးကာလတွင် မြန်မာတစ် ပြည်လုံးလိုလို စိတ်ဝင်စားနေကြသည်က ပြည်တွင်း နိုင်ငံရေးဖြစ်သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ရွေးချယ်တင်မြှောက်ရွေးကောက်ပွဲ၊ အဂတိလိုက်စားမှုနှိမ်နင်းရေး၊ ပညာရေးဥပဒေ စသည်စသည်တို့ ဖြစ်ကြပါသည်။

အရေးကြီးလျှင် သွေးစည်းကြသော မြန်မာလူထုကြီး ယနေ့စိတ်ဝင်စားနေကြသည်က ကိုးကန့်ဒေသ စစ်ပွဲများဖြစ်လာသည်။

မြေဧရိယာ စတုရန်းမိုင်ပေါင်း (၂၆၁၂၂၈) နှစ်သိန်းခြောက်သောင်းကျော် ကျယ်ဝန်းသော ပြည်ထောင်စုမြန်မာနိုင်ငံတော် အတွင်းမှ စတုရန်းမိုင် (၂ဝ၀ဝ) နှစ်ထောင်ခန့်သာ ကျယ်ဝန်းသော ကိုးကန့်ဒေသလေးကို တစ်ပြည်လုံးက စိတ်ဝင်စားနေကြ ရသည်မှာလည်း ဖြစ်ပွားနေသော တိုက်ပွဲများကြောင့်သာဖြစ်သည်။

ဤမျှကျယ်ဝန်းသော ပြည်ထောင်စုထဲက ဤမျှအရွယ်အစားသာရှိသော နယ်မြေလေးမှာမှ ကွက်၍ စိုးရိမ်ထိတ်လန့်ဖွယ် တိုက်ပွဲများ ဖြစ်ပွားနေရသည်မှာလည်း အကြောင်းရှိပါသည်။

အစွန်အဖျားတွင် မကျယ်ဝန်းသော နယ်မြေ၊ မများလှသော လူဦးရေတို့ နေထိုင်ရာ ဖြစ်သောကြောင့် ဖြစ်ပါသည်။

ကိုးကန့်ဒေသကိုကြည့်လျှင် အရှေ့ဘက်မှာ နိုင်ငံတော်နယ်နိမိတ်၊ မြောက်ဘက်နှင့် အနောက်ဘက်တွင် ရွှေလီမြစ်၊ တောင်ဘက်တွင် နမ့်တင်းချောင်းတို့နှင့် ပိုင်းခြားသည်။ သွားလာမှု ခက်ခဲ၍ သီးခြားနယ်မြေလို ဖြစ်နေသည်။

ပထဝီဝင် နိုင်ငံရေးအရ အရေးကြီးလှပါသည်။ ဆက်စပ်နေသောနိုင်ငံများ၊ ဆက်စပ်နေသော မြန်မာနိုင်ငံထဲရှိ ပြည်နယ်များနှင့် နိုင်ငံရေးရိုက်ခတ်မှုသည် အဓိကဖြစ်ပါ၏။

တကယ်တော့ ကိုးကန့်ဒေသသည် သွားလာမှုခက်ခဲသော်လည်း မြေပြန့်ဒေသနှင့် ကင်းကွာမှုမရှိခဲ့ဘဲ နှစ်ပေါင်းများစွာ ကြာခဲ့ပြီ ဖြစ်သော မြန်မာဘုရင်များလက်ထက်ကတည်းက လက်တွဲခဲ့သော ဒေသဖြစ်ပါသည်။

အင်းဝခေတ်နှင့် ကုန်းဘောင်ခေတ်ကတည်းက ကိုးကန့်ရှိခဲ့သည်။ မြန်မာဘုရင်တို့နှင့် ဆက်သွယ်မှုရှိသည်။ စစ်ရေးစစ်ရာ ကိစ္စများတွင် မြန်မာဘက်မှ ပါဝင်ခဲ့သည်ဟူသော အထောက်အထားများရှိသည်။ ရှမ်းပြည်နယ် သိန္နီကဲ့သို့ အဆင့်အတန်း တူညီခဲ့သော သီးခြားဒေသလေး ဖြစ်ပါသည်။

မြန်မာဘုရင်တို့ ပြည်ပသို့ စစ်ချီလျှင် ကိုးကန့်သားစစ်သည်များသည် နေပြည်တော်မှ စစ်သည်များနှင့်အတူ ယှဉ်တွဲတိုက်ပွဲ ဝင်ခဲ့ကြသည်ဟူသော မှတ်တမ်းလည်းရှိသည်။

နယ်မြေဆက်စပ်မှုရှိ၍ ကူးသန်းမှု လွယ်ကူသော တရုတ်ပြည်ကြီးမှ တရုတ်ဖြူတို့ အကြိမ်ကြိမ်ဝင်ရောက်ခဲ့သည်။ ဖက်ဆစ် ဂျပန်တို့ ဝင်ရောက်ခဲ့သည့် ဒုတိယကမ္ဘာစစ်ကာလအတွင်း ဂျပန်တပ်တို့ ဝင်ရောက်လာသောအချိန်တွင် တရုတ်ဖြူတပ်များ ရှောင်ပြေးသွားကြသည်။ ကိုးကန့်သားများနှင့် ဗမာ့တပ်မတော်တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ရသည်။

စစ်ကြီးပြီးသောအခါ တရုတ်ဖြူတို့ ဝင်လာပြန်သည်။ နှစ်နိုင်ငံ နယ်နိမိတ်သည် သတ်မှတ်ချက်သာဖြစ်သည်။ သဘာဝ အတားအဆီးမရှိ၊ ပြည်ထောင်စုအတွင်းမှာ နမ့်တင်ချောင်းနှင့် ရွှေလီမြစ်ကြီးက ကိုးကန့်ဒေသကို နယ်မြေ သတ်မှတ်ထား သည်။ ထို့ကြောင့် ပြည်ထောင်စု မြန်မာနိုင်ငံဘက်သို့ ဆက်သွယ်ခြင်းထက် တိုင်းတစ်ပါးနှင့် ဆက်သွယ်ခြင်းက ပို၍လွယ်ကူသော အခြေအနေရှိနေသည်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံဟူ၍ မော်စီတုန်းတို့ အောင်ပွဲရသောအချိန်တွင် တရုတ်ဖြူတို့သည် ကိုးကန့်ဒေသသို့လည်းကောင်း၊ ရှမ်းပြည်နယ်သို့လည်းကောင်း ပြေးဝင်လာကြသည်။ အထူးသဖြင့် ဘာသာစကားတူသော ကိုးကန့်ဒေသကို ခြေကုပ်ယူလာကြ သည်။

ကိုးကန့်ဒေသတွင်း၌ လက်နက်ကိုင်အဖွဲ့များ နှစ်ဖွဲ့ကွဲသောအခါ မြန်မာအစိုးရနှင့် ပူးပေါင်းသူတို့ ပူးပေါင်းရာ (ကိုးကန့် စော်ဘွား ယန်ကျင့်ဆိုင်၏ညီ) ယန်ကျင့်ရှိန်း ခေါ် ဂျင်မီယန်း ဦးဆောင်သောအဖွဲ့သည် ၁၉၆၅ ခုနှစ် မတ်လ ၂၉ ရက်နေ့တွင် နောက်လိုက်များနှင့်အတူ ထိုင်းနိုင်ငံသို့ ထွက်ပြေးသည်။ ထိုင်းနိုင်ငံရောက် ဝန်ကြီးချုပ်ဟောင်း ဦးနုအဖွဲ့ထံ ပူးပေါင်းသည်။ လက်ယာအုပ်စုထဲဝင်သည်။

၁၉၆၈ ခုနှစ် ပြည်ပရောက် ဗကပ ဗဟိုကော်မတီ ဦးဆောင်မှုဖြင့် အရှေ့မြောက် စစ်ဒေသဟူ၍ဖွဲ့ကာ ဗကပတို့ တိုးချဲ့ဖွဲ့စည်းချိန် တွင် ကိုးကန့်ဒေသမှ ဖုန်ကြားရှင်၊ ဖုန်ကြာဖူးတို့သည် ဗကပ ခေါင်းဆောင်များ ဖြစ်လာပြန်သည်။ ကိုးကန့်နှင့် ဝçနယ်ကို ဗကပတို့ စိုးမိုးပြန်သည်။

ဗကပတို့ ကြီးစိုးချိန်မှစ၍ ဖုန်ကြားရှင်ခေတ် ဖြစ်လာပြန်သည်။ ကိုးကန့်၊ ဝ နယ်မြောက်ပိုင်း၊ ဝ နယ်တောင်ပိုင်းတို့ကို ဗကပတို့ စိုးမိုးထားရာမှ သံလွင်အရှေ့ဘက်နယ်မြေတစ်ခုလုံး လွတ်မြောက်နယ်မြေ ကြေညာဖို့ ကွမ်းလုံကို တိုက်သည်။ ဗကပတို့ ရှုံးနိမ့်ထွက်ပြေးရသည်။

တပ်မတော်နှင့် လက်တွဲ၍ သောင်းကျန်းမှုဆန့်ကျင်ရေးအဖွဲ့အမှတ် (၃) ကို လော်စစ်ဟန် ဦးဆောင်သည်။ နယ်မြေဖွဲ့စည်း ရေး ဆောင်ရွက်သည်။ ဒေသအာဏာပိုင်ကာကွယ်ရေးအဖွဲ့အစား တပ်မတော်ဖွဲ့ရန် ပြင်ဆင်ချိန် ၁၉၇၃ ခုနှစ် ဧပြီလတွင် လော်စစ်ဟန်သည် လက်နက်ကိုင်တပည့်များနှင့် အိမ်နီးချင်း ထိုင်းနိုင်ငံသို့ ထွက်ခွာသွားသည်။

ထိုင်းတို့က ဖမ်းဆီးပေး၍ လော်စစ်ဟန် မြန်မာပြည်မှာ တရားစီရင်ခံရသည်။ အပြစ်မှလွတ်ပြီး စီးပွားရေးလုပ်သည်။

လော်စစ်ဟန်နှင့် ပါသွားသော လက်နက်ကိုင်များသည် ၁၉၆၅ ခုနှစ်က ဂျင်မီယန်းအဖွဲ့နှင့်ပေါင်းပြီး လော်စစ်မင်းက ဦးဆောင် ပြန်သည်။ ဂျင်မီယန်းကိုယ်တိုင်လည်း ဦးနုနှင့်အတူ ၁၉၈၀ ပြည့်နှစ်တွင် လွတ်ငြိမ်းချမ်းသာခွင့်အရ ပြန်ရောက်လာသည်။ ၁၉၈၇ ခုနှစ်တွင် ကွယ်လွန်ခဲ့သည်။ လော်စစ်ဟန်လည်း ကွယ်လွန်ပြီး ၁၉၆၈ ခုနှစ်မှစ၍ တန်ခိုးထွားလာသော ဗကပတို့အဖွဲ့မှ ခရိုင်ခေါင်းဆောင် ဖုန်ကြားရှင်လည်း ဗကပတို့ အရေးနိမ့်သောအခါ ၁၉၈၉ ခုနှစ်တွင် ဗကပမှ နုတ်ထွက်သည်။ လော်စစ်ဟန် နှင့် ပူးပေါင်း၍ ရှမ်းပြည်နယ် အထူးဒေသ(၁)ဟု ခေါ်ဝေါ်သည်။ အစိုးရ ပံ့ပိုးမှုများ ရယူကာ ဒေသစီးပွားရေး ထူထောင် သည်။ ၂၀ဝ၂ ခုနှစ်တွင် ကိုးကန့်ဒေသတွင်း ဘိန်းစိုက်ခင်းများ လုံးဝကင်းစင်ပြီဟု ကြေညာသည်။

စတုရန်းမိုင် (၂ဝ၀ဝ) ကျယ်၍ လူဦးရေ ခြောက်သောင်းမျှရှိသော ကိုးကန့်နယ်သည် ကံဆိုးသည်ဟု ဆိုရမည်။ အိမ်နီးချင်း တရုတ်ဖြူတွေဝင်သည်။ ဗကပတို့ အချိန်ကြာမြင့်စွာ အုပ်ချုပ်ခဲ့သည်။ ဖုန်ကြားရှင် ကြီးစိုးသည်။ လော်စစ်ဟန် ဦးဆောင်မှု ယူခဲ့သေးသည်။ ကွမ်းလုံ ရက်(၄၀)တိုက်ပွဲတွင် တာဝန်ကျေခဲ့သည်။ တစ်ချိန်က အမတ်မင်း ဂျင်မီယန်း ပြည်ပသို့ ထွက်ပြေး သည်။ ဦးနုအဖွဲ့နှင့် ပူးပေါင်းသည့် လော်စစ်ဟန်လည်း ပြည်ပသို့ ထွက်ပြေးပြန်သည်။ ပြန်ရောက်လာသည်။ ဂျင်မီယန်းနှင့် ပါသွားသူများ၊ လော်စစ်ဟန်နှင့် ပါသွားသူများ ပြည်ပတွင် ပူးပေါင်းကြပြန်သည်။

အလွန်တရာ ရှုပ်ထွေးသော ဖြစ်စဉ်မျိုးစုံ၊ ခေါင်းဆောင်မှုမျိုးစုံအောက်မှာ ရုန်းကန်ခဲ့ရသော ကိုးကန့်လူထုသည် ဘာမှမသိရှာ ကြသည်မှာ ထင်ရှားသည်။

ထိုမျှ ရိုးသားသူတို့ကို သူ့အဖွဲ့၊ ကိုယ့်အဖွဲ့၊ သူ့အလှည့်၊ ကိုယ့်အလှည့် ခေါင်းဆောင်ခဲ့ကြသူများလည်း တည်ငြိမ်မှန်ကန်သော ဦးဆောင်မှုကို မပေးနိုင်ခဲ့ကြကြောင်း တွေ့ရသည်။

ကမ္ဘာ့ဇာတ်ခုံမှ အင်အားကြီးအဖွဲ့ဖြစ်သော အဖြူ-အနီ၊ လက်ယာ-လက်ဝဲတို့ကြားမှာ အစွန်အဖျား အကွက်ကလေး တစ်ခုအဖြစ် ရပ်တည်နေခဲ့ရသော ကိုးကန့်ဒေသတွင် ယခု ဆူပူမှု စဖြစ်ပြီ၊ တိုက်ကြခိုက်ကြပြန်ပြီ၊ ကိုးကန့်သားတွေ မြန်မာပြည်ထောင်စု တိုင်းရင်းသားတွေ သေကျေကြရပြန်ပြီ၊ ထိခိုက်ဒဏ်ရာ ရကြပြန်ပြီ၊ ရင်နာစရာ ကောင်းလှပါဘိ။

လက်နက်ကိုင်သူတွေသာမက အရပ်သားတွေပါ ထိခိုက်သေကျေကြရသည်။

ယခုနောက်ဆုံး ကြက်ခြေနီတပ်ဖွဲ့ဝင်တွေ ထိခိုက်ကြရပြန်ပြီ။ ဘယ်လို ဖြေရှင်းကြမလဲ။ ကျွန်တော် ဉာဏ်မမီပါ။

ရေသောက်မြစ်ကိုဖြတ်မှ ဖြစ်မည်ထင်သည်။ ဘယ်လိုဖြတ်မလဲ။ ကျွန်တော် ဉာဏ်မမီပါ။

မောင်ဆွေသက်

Leave a Reply

Your email address will not be published. Required fields are marked *